Home>>ပညာပေး>>ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ
ပညာပေး

ဂျင်းသတင်းတွေ မမိအောင် ဘယ်လိုလုပ်မလဲ

ဂျင်းသတင်းတွေက သူငယ်ချင်းတို့ဆီကို ပုံစံအမျိုးမျိုးနဲ့ လာနေပါတယ် ဒီလိုမျိုး ဂျင်းသတင်းတွေက ကိုယ့်ကို ဂျင်းထည့်လို့မရအောင် ဘယ်လိုတားဆီးရမလဲဆိုတာကို တွေးပြီးမှယုံက ရှာတွေ့ထားပါတယ် တပုံချင်းဆီကို ထောက်ပြီး ကြည့်ပေးပါအုံး သူငယ်ချင်းတို့ရေ ဘော်ဒါတွေ သိအောင်လည်း ပြန် share ပေးပါအုံးနော့။

နံပါတ် (၁) သတင်းခေါင်းစဉ်များကိုသံသယရှိပါ။

10အာမေဍိတ်စကားလုံးတွေ (ဥပမာ – !)လိုမျိုး ထင်ရှားတဲ့ အမှတ်အသားတွေက သတင်းခေါင်းစဉ်တွေမှာ ပါနေပြီဆိုရင် အဲ့ဒါဟာ သတင်းမှားတွေဖြစ်တတ်ပါတယ်။ ခေါင်းစဉ်မှာပါတဲ့ အကြောင်းအရာတွေဟာထူးထူးဆန်းဆန်းဖြစ်နေတယ်ဆိုရင်တော့ ပိုပြီးတော့ ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် သတင်းခေါင်းစဉ်များကို သေချာဆန်းစစ်ကြည့် ဖို့ အတွက် သူငယ်ချင်းတို့ကို တွေးပြီးမှယုံက အကြံပြုချင်ပါတယ်။

နံပါတ်(၂) URL ကိုသေသေချာချာကြည့်ပါ။

1သတင်းမှားဖြန့်ချီသူတွေဟာ Website URL Link အတုတွေသုံးပြီးတော့ သတင်းမှားတွေကို ဖြန့်လေ့ရှိပါတယ်။ (ဥပမာ – www.yonethusoutyuu.com ) ဆိုတာမျိုးတွေပါ။ ဒါကြောင့် သတင်းတွေမှာ website link တွေပါရင် အဲဒီ link တွေကိုသွားရောက်ကြည့်ရှုဖို့ သူငယ်ချင်းတွေကို အကြံပေးပါရစေ။ ဝဘ်ဆိုက်ဒ်လင့်ခ်တွေက ilie တို့ yonethusoutyuu (ယုံသူစောက်ရူး) တို့ jinthadin (ဂျင်းသတင်း) တို့ ဖြစ်နေရင်တော့ သတိကြီးကြီးသာ ထားပါလေ။ 😀

နံပါတ်(၃) သတင်းရင်းမြစ်ကို သေသေချာချာ ကြည့်ရှုစစ်ဆေးပါ။

2သတင်းတပုဒ်ကိုဖတ်မိပြီဆိုရင် အဲဒီသတင်းကိုရေးတဲ့ သတင်းဌာနက သူငယ်ချင်းတို့သိပြီးသား တရားဝင်သတင်းဌာန တခုခုကလာတဲ့ သတင်းဖြစ်ဖို့လိုပါတယ်။ အကယ်၍ အဲဒီသတင်းက သူငယ်ချင်း တို့ တခါမှ မကြားဖူးတဲ့ သတင်းဌာနတခုခု (ဒါမှမဟုတ်) အဖွဲ့အစည်းတခုခုကလာတဲ့ သတင်းဖြစ်နေပြီဆိုရင် ဒီသတင်းဟာ သတင်းမှားဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့် သတင်းဌာန ဒါမှမဟုတ် အဖွဲ့အစည်းဟာယုံကြည်လို့ရမရကိုစစ်ဆေးကြည့်ဖို့ လိုအပ်ပါတယ်။

နံပါတ်(၄) ပုံမှန်မဟုတ်တဲ့သတင်းပုံစံတွေကိုသတိထားပါ။

3သတင်းတပုဒ်ဟာစာလုံးပေါင်းအမှားတွေ အမြောက်အများပါနေမယ် ဒါမှမဟုတ် စာကြောင်းတွေကိုမဖြတ်မတောက်ပဲဖော်ပြထားတယ်ဆိုရင် သတင်းမှားဖြစ်နိုင်ချေများပါတယ်။ ဘာလို့လဲဆိုတော့ သတင်းဌာနတွေကသတင်းတပုဒ်ပုဒ်ကိုဖော်ပြပြီဆိုရင် စာလုံးပေါင်းတွေစစ်ရပါတယ်၊ စာကြောင်း အဖြတ်အတောက်တွေကို ဂရုစိုက်ရပါတယ်။ သတင်းမှားဖြန့်ချီသူတွေကတော့ သတင်းဌာနတွေ လိုစေ့စပ်သေချာမှုမရှိပဲ သတင်းမှားတွေသာအမြန်ဆုံး ဖြန့်ချီချင်တာကြောင့် စာလုံးပေါင်းအမှားတွေ အမြောက်အများပါဝင်နေတာ ဒါမှမဟုတ် စာကြောင်းတွေကိုမဖြတ်မတောက်ပဲဖော်ပြတတ်ပါတယ်။ ဒါကြောင့် စာလုံးပေါင်းတွေမှားနေတာ၊ သဒ္ဒါတွေမှားနေတာ၊ စာတွေက အဖြတ်အတောက်မရှိပဲ တပြွတ်ကြီးဖြစ်နေတာတွေ့ရင်တော့ သတင်းမှားဖြစ်နိုင်ချေများပါကြောင်း သတင်းကောင်းပါးပါရစေ။

နံပါတ်(၅) ဓါတ်ပုံများကိုသုံးသပ်စစ်ဆေးပါ။

4သတင်းမှားတွေမှာ ဓါတ်ပုံတွေကို Photoshop နဲ့ ပြင်ပြီးသုံးလေ့ရှိပါတယ်။ ဒါမှမဟုတ်ရင် ပုံကတော့ အမှန်၊ အဲဒါပေမယ့် သတင်းနှင့်မဆိုင်တဲ့ပုံတွေကို (ဥပမာ- ပြည်တွင်းစစ်အကြောင်းသတင်းများမှာ နိုင်ငံခြားကစစ်တပ်ပိုင် စစ်လက်နက်ပစ္စည်းပုံတွေယူတာမျိုး ) ယူသုံးတာမျိုး ဖြစ်ပါတယ်။ ဓါတ်ပုံတွေကို သူငယ်ချင်းတို့အနေနဲ့ သံသယရှိမယ်ဆိုရင် Google Images မှာကိုယ်သံသယရှိတဲ့ပုံကို ထည့်ပြီးရှာနိုင်သလို Reverse Image Search လို applicationမျိုးကို play store မှာ download ရယူပြီး စစ်ဆေးနိုင်ပါတယ်လို့။

နံပါတ်(၆) နေ့စွဲများကိုစစ်ဆေးပါ။

5တခါတရံမှာ ပဋိပက္ခသတင်းဟောင်းတွေကို သတင်းအသစ်ပုံစံ မျိုးပြန်လည်ဖန်တီးပြီး မျှဝေကြတာတွေ့ရပါတယ်။ လူတွေက သတင်းတွေကို ဖတ်တဲ့အခါမှာ သတင်းခေါင်းစဉ်နှင့် သတင်းအကြောင်းအရာသာ ဖတ်တတ်ပြီး ရက်စွဲတွေကို ကျော်သွားတတ်ကြပါတယ်။ ဒါကို သတင်းမှားဖြန့်ချီသူတွေက အခွင့်ကောင်းယူပြီးတော့ သတင်းအဟောင်းတွေကိုပဲ နေ့စွဲပြောင်းကာ တင်တတ်ကြပါတယ်။ ဒါကြောင့် သတင်းတွေဖတ်တဲ့အခါမှာ နေ့စွဲတွေကိုဂရုတစိုက် ဖတ်ကြည့် ဖို့ တိုက်တွန်းလိုပါတယ်။

နံပါတ်(၇) ကိုးကားချက်များကိုစစ်ဆေးပါ။

6သတင်းတပုဒ်ကိုဖတ်ပြီဆိုရင် သတင်းရင်းမြစ်ကို ဖေါ်ပြတဲ့အခါမှာ ဘယ်သူတွေကပြောလဲဆိုတာကို ဂရုတစိုက်ကြည့်ကြည့်ပါ။( ဥပမာ- အမည်မဖော်လိုသူပြည်သူတဦးမှ ပြောသည်ဆိုတာမျိုးက သတင်းရဲ့ခိုင်မာမှုကို သံသယရှိစရာကောင်းပါတယ်။) နောက်ပြီးတော့ သတင်းမှာပါတဲ့နေရာတွေ၊ ဒေသတွေက အပြင်မှာတကယ်မရှိတာမျိုး လဲဖြစ်တတ်ပါတယ်။ ဒါကြောင့် ကိုယ့်ဖတ်နေတဲ့သတင်းကခိုင်မာမှုရှိမရှိသိနိုင်အောင် နေရာဒေသတွေ ကိုးကားထားချက် တွေကို သေချာစစ်ဆေးကြည့်ပါလို့ တိုက်တွန်းပါရစေနော့။

နံပါတ်(၈) အခြားသတင်းရင်းမြစ်များနှင့်လည်း တိုက်ဆိုင်စစ်ဆေးပါ။

7သတင်းတပုဒ်ကိုဖတ်တဲ့အခါမှာ အခြားသတင်းဌာနတွေက ဒီသတင်းကိုတင်ရဲ့လားဆိုတာကို စစ်ကြည့်ဖို့လိုပါတယ်။ တရားဝင်သတင်းဌာနတွေက တင်တဲ့သတင်းတွေက မှန်ကန်ပါတယ်။

အကယ်၍များ တခြားတရားဝင် သတင်းဌာနတွေကမတင်ပဲ ကိုယ့်ဖတ်နေတဲ့ Page ကပဲ သတင်းအသစ်အဆန်းတွေ တင်နေတယ်ဆိုရင်တော့ သတင်းမှားဖြစ်နိုင်ချေများပါတယ်။ ဒါကြောင့်သတင်းဖတ်တဲ့နေရာမှာ တခြားသတင်းဌာနတွေက တင်ထားသလားဆိုတာ သတိပြုကြည့်ပါ။

နံပါတ်(၉) ဟာသလုပ်သလို ရေးထားတဲ့သတင်းတွေကို သတိပြုပါ။

8သတင်းမှားဖြန့်ချီသူတွေဟာ တခါတရံမှာ သတင်းမှားတွေကို ဟာသပုံစံမျိုးလုပ်ပြီး ရည်ရွယ်ချက်ရှိရှိ ဖြန့်ချီတက်ပါတယ်။ ဟာသပုံစံလုပ်ရေးထားတဲ့ သတင်းမှားတွေထဲမှာ လူတွေ တယောက်နဲ့တယောက် မုန်းတီးသွားအောင် အမုန်းစကား ဖြန့်ချီတာမျိုးတွေလည်း လုပ်တတ်ပါတယ်။ ဒါကြောင့် ဟာသလို့ ကိုယ်ကထင်ပြီး မျှဝေလိုက်တဲ့ဟာက ပြဿနာတွေတက်စေနိုင်တဲ့ သတင်းမှားများဖြစ်သွားနိုင်တာမို့လို့ ဘယ်အရာကိုမဆိုလွယ်လွယ်ကူကူမမျှဝေကြဖို့ တွေးပြီးမှယုံက ပြောပါရစေနော့။

နံပါတ်(၁၀) အချို့သတင်းတွေဟာသတင်းလိမ်တွေပါ။

9အချို့သတင်းတွေက အပြင်မှာတကယ်မဖြစ်ပွားပေမယ့် ဖြစ်သယောင်ယောင် လုပ်ကြံဖန်တီးပြီး ရေးသားထားတာပါ။ ဥပမာဘယ်ရပ်ကွက်၊ ဘယ်မြို့နယ်မှာတော့ဖြင့် မီးတွေလောင်နေပြီကအစ နဂါးကြီးမွေးလာပြီအဆုံး အတည်ပေါက်နဲ့ကို ရေးကြပါတယ်။ ရည်ရွယ်ချက်တွေကတော့ အမျိုးမျိုးပေါ့လေ။ တချို့ကနောက်ချင်ပြောင်ချင်တာ၊ တချို့ကကျတော့ ပြဿနာတက်ပြီး ဆူပူမှုဖြစ်စေချင်တာပါ။

ဒါကြောင့် သတင်းဖတ်တဲ့အခါမှာ အပြင်မှာ တကယ့်ဖြစ်နိုင်မဖြစ်နိုင်ကို စဉ်းစားပြီးမှ ယုံကြည်၊ မျှဝေဖို့တွေးပြီးမှယုံက အကြံလေး ပေးပါရစေ။

%d bloggers like this: