Home>>ပညာပေး>>ဂျင်းသတင်းတွေ ဘယ်လိုလုပ်ကြသလဲ။
ပညာပေး

ဂျင်းသတင်းတွေ ဘယ်လိုလုပ်ကြသလဲ။

သူငယ်ချင်းတို့ရေ…

တွေးပြီးမှယုံက သတင်းတုတွေကို ဖော်ထုတ်ပေးနေကျဆိုတော့ တွေးပြီးမှယုံရဲ့ အတွေ့အကြုံအရ သိလာတဲ့ သတင်းတု/သတင်းမှားတွေကို သတင်းတုပြုလုပ်သူတွေက ဘယ်သို့ ဘယ်ပုံ လုပ်ကြသလဲ ဆိုတာကို ပြောပြ ချင်ပါတယ်။ ဒီနေရာမှာ အဓိက သိစေချင်တာကတော့ သတင်းတု/သတင်းမှားတွေကို ပြုလုပ်သူတွေဟာ စနောက်ရုံ၊ ကျီစယ်နေရုံသာ မဟုတ်ပဲ ရည်ရွယ်ချက်ရှိရှိနဲ့ လူတွေကို ထင်ယောင်ထင်မှားဖြစ်လာအောင်၊ အမုန်းစကားတွေများလာအောင်ဆိုတဲ့ ရည်ရွယ်ချက်ဆိုးတွေနဲ့ပါ ဗျူဟာမြောက်တဲ့ ဖန်တီးမှုမျိုးတွေ ရှိနေကြတယ်ဆိုတာပါပဲ။ သတင်းတုတွေကို ဘယ်လိုလုပ်ကြသလဲ ဆိုတာကို သိပြီးရင် တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေ အနေနဲ့ သတင်းတွေကို အမှန်/အမှား၊ အတု/အစစ် ကို ခွဲခြားသိရှိဖို့ ပိုလွယ်သွားမှာပါ။

3

ကြေငြာချက်တွေကို အဖွဲ့အစည်းတွေရဲ့ တံဆိပ်အစစ်တွေ၊ ကြေငြာချက်အမှတ်တွေနဲ့ တကယ့်ကြေငြာချက် အတိုင်း ရေးပြီးတော့ သတင်းထုတ်ပြန်မှု အတုတွေ ထုတ်နေကြတာရှိပါတယ်။ ဒီလိုကြေငြာချက် တွေကိုထုတ်တာက ထုတ်ပြန်တဲ့ ဌာန ဒါမှမဟုတ် အဖွဲ့ရဲ့ ပုံရိပ်ကို ကျဆင်းစေနိုင်ပြီး အဖွဲ့တစ်ခုနဲ့တစ်ခု၊ ဘာသာတစ်ခုနဲ့တစ်ခု ကိုရန်တိုက်ပေးတာမျိုး အထင်လွဲစေတာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှာပြထားတဲ့ ဥပမာကတော့ NLD ပါတီရဲ့ ကြေညာချက် အတုကို အတုဖြစ်ကြောင်း ကို NLD ပါတီရဲ့ အဖွဲ့ဝင်တစ်ဦးက ပြန်ဖြေရှင်းထားတာပါ။

4

ယုံချင်စရာကောင်းတဲ့ သတင်းအတုတွေထဲမှာ အရင်တုန်းဖြစ်တဲ့ သတင်းအဟောင်းကို အခုပဲ ဖြစ်နေတဲ့ သတင်းလိုလို ပြန်တင်တဲ့ အတုအယောင် ဂျင်းသတင်းတွေလဲပါပါတယ်။ ဒီနေရာမှာ တွေ့ရတာက အရင်တုန်းက ဖြစ်ပျက်ခဲ့ဖူးတဲ့ ကိစ္စတွေကို အခုပဲဖြစ်နေသယောင်ယောင် ရောချပြီး တော့ နောက်ဆုံးရ သတင်း ပုံစံမျိုးနဲ့ သတင်းအမှားတွေ ဖန်တီးပြီး ဂျင်းထည့်တာပါ။ သတင်းဟောင်း တွေကို ပြန်သုံးတာကတော့ အတိတ်နဲ့ နွယ်ပြီး ဂျင်းထည့်တယ်လို့ ပြောရမှာပါပဲ။ ဥပမာ ပြထားတဲ့ သတင်းအတုကတော့ 2012 ခုနှစ်တုန်းက ဟဲဟိုးလေဆိပ်မှာ Air Bagan လေယဉ်ပျက်ကျခဲ့တဲ့ပုံကို နေပြည်တော် ရန်ကုန် အမြန်လမ်းမှာ အပူလွန်ကဲလို့ Air Bagan လေယဉ်ပျက်ကျခဲ့တယ်ဆိုပြီး အထူးသီတင်း ဆိုတဲ့ Page က 2017 ခုနှစ်ကျမှ လူတွေကို ဂျင်းထည့်တဲ့ သတင်းပါ။ ဒီအပြင့် လူမျိုးရေးအရ ဘာသာရေးအရ အငြင်းပွားစရာဖြစ်စေတဲ့ ပဋိပက္ခဖြစ်စေနိုင်တဲ့ ကိစ္စမျိုးတွေမှာ ဒီလိုမျိုး သတင်းအဟောင်းတွေကို သုံးပြီးလှုံ့ဆော်လေ့ရှိကြတာကိုလည်း တွေးပြီးမှယုံက လေ့လာတွေ့ရှိပါ တယ်။

5

နောက်နည်းလမ်းတစ်ခုကတော့ ဘယ်တုန်းကမှ မဖြစ်ခဲ့ဖူး၊ မပြောဖူးတဲ့ အရာတွေကို သတင်းပုံစံလိုမျိုး အတုလုပ်ရေးသား တာပါပဲ။ ဒီလိုသတင်းတုတွေကို လူတွေ အစစ်လို့ယုံလာအောင် အများဆုံး အထောက်အပံ့ ပေးတာကတော့ သတင်းဓာတ်ပုံအဟောင်းတွေပါပဲ။ တိုင်းရင်းသားလက်နက်ကိုင်တေွ၊ ဘာသာရေးကိစ္စတွေနဲ့ ပတ်သက်ပြီး ဒီလိုမျိုး တကယ်မဖြစ်၊ မပြောတာတွေကို တကယ်ပဲဖြစ်နေသယောင်ယောင် ပြောနေသယောင်ယောင် သတင်းပုံစံမျိုး အတုလုပ်ကြတာ ကို အများဆုံးတွေ့ရပါတယ်။

6

နောက်ထပ်နည်းတစ်ခုက သတင်းတစ်ခုဖြစ်လာပြီဆိုရင် အဲဒီသတင်းကို ပြန်ကူးပြီးတော့မှ ကြားထဲမှာ ကိုယ်ထည့်ချင်တဲ့ အကြောင်းအရာ တွေကို ထည့်ပြီးတော့ သတင်းတစ်ခုလုံးကို အလွဲဖြစ်သွားစေအောင် လူတွေကို မှားယွင်းတဲ့ သတင်းအချက်အလက်တွေ ညှပ်ထည့်ပေးတာမျိုးပေါ့။ ဥပမာ သတင်းတစ်ပုဒ်ထဲမှာ လူတစ်ယောက်က ပြောပါတယ်ဆိုပြီးတော့ သူတကယ်မပြောထားတဲ့ အချက်အလက်တွေကို ထည့်ပြီး အဲဒီလူကို လူတွေမုန်းအောင်၊ ဆန့်ကျင်အောင်လို့ ရည်ရွယ်ချက်ရှိရှိ ြပုလုပ်တာမျိုးတွေပါ။ ဒီလိုမျိုး မပြောတဲ့စကးတွေကို ပြောပါတယ်ဆိုပြီး သတင်းတွေထဲမှာ ထည့်တာမျိုးတွေက နိုင်ငံရေးနဲ့ပတ်သက်တဲ့ သတင်းအတုတွေ/အမှားတွေ မှာ အများဆုံး တွေ့ရပါတယ်။

လူတွေကို ဂျင်းထည့်တဲ့ နည်းတွေထဲမှာ နောက်ထပ်ထိရောက်တဲ့နည်းတစ်ခုကတော့ ကိန်းဂဏန်းတွေနဲ့ စာရင်းဇယားတွေကို သုံးပြီး ဂျင်းထည့်တဲ့နည်းပါပဲ။ လူတွေအနေနဲ့ ကိန်းဂဏန်းတွေတောင် ပါနေတော့ လွယ်လင့်တကူ ယုံကြည်တတ်ကြပါတယ်။ တကယ်တမ်းမှာ သူတို့ထည့်ထားတဲ့အချက်အလက်ေတွက အမှားတွေပါ။ ဒါကြောင့် အချက်အလက်တွေနဲ့ ကိန်းဂဏန်းတွေကို တွေ့တိုင်းလည်း လွယ်လင့်တကူ မယုံကြည်ဖို့က အလွန်ပဲ အရေးကြီးပါတယ်။ ဥပမာအနေနဲ့ဆိုရင် အိမ်ကို ဗလီလို့ပြောင်းရေးတာမျိုး၊ အိမ်တလုံး ပျက်စီးတာကို အိမ်ဆယ်လုံးပျက်စီးတယ်ဆိုတာမျိုး အချက်အလက်နဲ့ ကိန်းဂဏန်းအမှားတွေကို သတင်းမှား ပြုလုပ်သူတွေက အသုံးပြုလေ့ရှိပါတယ်။

5.1

နောက်ထပ်လုပ်တဲ့နည်းတစ်ခုကေတာ့ သတင်းဌာနနာမည်တွေနဲ့ Page အတု ပြုလုပ်ပြီးတော့မှ သတင်းဖတ်သူတွေကို မျက်စိလှည့်ပြီး ဂျင်းထည့်ကြတဲ့နည်းပါ။ လူတွေက ကိုယ်ယုံကြည်ရတဲ့ သတင်းဌာနက ထုတ်တဲ့သတင်းတွေလို့ ထင်ပြီးတော့ လွယ်လင့်တကူ ယုံသွားနိုင်စေတဲ့ နည်းပါ။ ဒါကြောင့် ကိုယ်ဖတ်နေတာက တကယ့်သတင်းဌာနရဲ့ Page အစစ် ဟုတ်မဟုတ်ဆိုတာကို သေချာ ဆန်းစစ်ဖို့ လိုပါတယ်။ တွေးပြီးမှယုံက ပြောပြောနေတဲ့ blue mark ပါ မပါစစ်ပါဆိုတဲ့ တိုက်တွန်းချက်ဟာ ဒီလိုမျိုး သတင်းဌာနတွေကို အတုလုပ်ထားတဲ့ Page တွေကြောင့် ပြောနေရတာပါ။

8

Page အတု အချင်းချင်းကို ကိုးကားပြီးတော့မှ လူတွေကို ဂျင်းထည့်တဲ့ ပုံစံလည်း ရှိပါသေးတယ်။ ဥပမာ Excellent News Agency ဆိုတဲ့ Page က တင်တဲ့ သတင်းကို “သတင်းများစုစည်းရာ” က ပြန်ပြီးဖော်ပြတာမျိုးပါ။ တကယ်တော့ ဒီ Page နှစ်ခုစလုံးဟာ ယုံကြည်ဖွယ်ရာ Page တွေမဟုတ်ဘဲနဲ့ လူတွေကို အထင်မှား အမြင်မှားတွေဖြစ်အောင် သတင်းအတု အမျိုးမျိုးနဲ့ ဆေးထိုးနေကြတဲ့ Page တွေပါ။ အဲဒီတော့ credit/ ref ဆိုတဲ့ စာပါတိုင်းလည်း ဘယ်အရာကိုမှ လက်လွတ်စပယ် မယုံကြည်လိုက်ပါနဲ့နော့။ သူ့ရဲ့ credit/ref တွေက အတု အချင်းချင်း credit/ref တာ ဖြစ်နေနိုင်ပါတယ်။

9

Page အတုတွေက တင်တဲ့သတင်းကိုမှ တကယ့်သတင်းဌာနတစ်ခုက ကူးပြီး လူတွေကို ဂျင်းဆက်ဖြန့်တာမျိုးတွေလည်း ရှိပါသေးတယ်။ ဥပမာ ဖော်ပြထားတာကတော့ တကယ်မရှိတဲ့ အဖွဲ့အစည်းနာမည်နဲ့ ပေချ့်ဖွင့်ထားပြီး ကြေညာချက်အတုတွေ တင်ထားတာကို ပုံနှိပ်မီဒီယာတစ်ခုက ကိုးကားဖေါ်ပြထားတာပါ။ တကယ်တော့ ပေချ့်အတုအစစ် ဆိုတာကို စစ်ဆေးဖို့က အင်မတန် လွယ်ကူပါတယ်။ ဒီလောက်လွယ်တာကိုတောင်မှ ဂျင်းမိတယ်ဆိုတဲ့ သတင်းဌာနတွေဟာ ယုံကြည်ဖို့ တော့ လုံးဝမထိုက်တန်ပါဘူး။

10

သတင်းဌာနတွေက တကယ်မရေးဘဲနဲ့ သတင်းဌာနတွေမှာ ရေးသယောင်ယောင် အတုရေးပြီးတော့မှ သတင်းဌာနတွေနာမည်နဲ့ သတင်းအတု ထုတ်ကြတာမျိုးပါ။ လူတွေအနေနဲ့ ကိုယ်ယုံကြည်ရတဲ့ သတင်းဌာနတွေက ရေးတာလို့ ထင်ပြီးတော့မှ အလွယ်တကူ ယုံသွားတတ်ကြပါတယ်။ ဒါကြောင့်မို့ credit/ref မှာ ကိုယ်ယုံရတဲ့ သတင်းဌာနနာမည်ကို တွေ့ရပေမယ့်လည်း သူ့ရဲ့ မူရင်းစာမျက်နှာမှာ တင်မတင်ကို သေချာစီစစ်ဖို့တော့ လိုပါတယ်။

11

သတင်းစာတွေကို Photoshop နဲ့ ပြုပြင်ပြီးတော့မှ ဂျင်းထည့်တာမျိုးတွေလည်း ရှိပါသေးတယ်။ တကယ့် သတင်းစာကပဲ ဖော်ပြထားသယောင်ယောင်နဲ့ လူတွေကို ဂျင်းထည့်ကြတာမျိုးပါ။ ဒီလိုမျိုး Photoshop သတင်းတုတွေက နောက်ပြောင်တာတွေရှိသလို၊ တခါတလေမှာလည်း ရည်ရွယ်ချက် ရှိရှိနဲ့ နိုင်ငံရေးအရ တိုက်ခိုက်တာမျိုးတွေကို တွေ့ရပါတယ်။

12

နောက်ပြီးတော့ ဓာတ်ပုံတွေကို Photoshop နဲ့ ပြင်ပြီးတော့ ဂျင်းထည့်တာမျိုးတွေလည်း ရှိပါသေးတယ်။ အများအားဖြင့်တော့ ဟာသအနေနဲ့ လုပ်ကြပါတယ်။ ဒါပေမယ့် လူမျိုးရေး ဘာသာရေးအရ ပြဿနာရှာတတ်သူတွေကလည်း ဒီလို ပုံအတုတွေ သုံးတတ်တာမို့လို့ ပုံမြင်တိုင်း သတိထားရင်တော့ မမှားပါဘူး။

13

တခြားဒေသတွေမှာဖြစ်တဲ့ သတင်းတွေကို ကိုယ့်ဆီမှာပဲ ဖြစ်သယောင်ယောင် ပုံတွေယူသုံးပြီး တင်ကြတဲ့ သတင်းအတုတွေလည်း ရှိပါသေးတယ်။ ဥပမာ အောက်မှာ ဥပမာပြထားတဲ့ ကျားတိုးရစ်ကိစ္စလိုမျိုးပေါ့။ နောက်ပြောင်လိုတဲ့ သဘောနဲ့ လုပ်ကြတာကို သတိထားမိပေမယ့် တချို့ ရာသီဥတုနဲ့ ဘာသာရေး လူမျိုးရေးကိစ္စတွေမှာတော့ လူတွေကို သက်သက်စိုးရိမ်အောင်လို့ ဖွတဲ့သဘောမျိုး လုပ်ကြတာကိုလည်း တွေ့ရပါတယ်။

14

သတင်းတွေကို ထင်ရာမြင်ရာတွေ လိုရာဆွဲဘာသာပြန်ပြီးတော့မှ လူတွေကို အချက်အလက်မှားတွေ တင်သွင်းတာမျိုးပါ။ မရည်ရွယ်ပဲ မှားတာမျိုးမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်ရှိရှိကို တလွဲဘာသာပြန်တဲ့ အတုအယောင် သတင်းပြုလုပ်သူတွေ အများအပြားရှိပါတယ်။ လူတွေရဲ့ ဘာသာစကားအခက်အခဲကို အမြတ်ထုတ်ကြတဲ့လူတွေဟာ အမြဲလိုလို ရှိတတ်တာမို့လို့ ဘာသာပြန်ထားတယ်ဆိုတိုင်း စွတ်ဆက်တော့ ယုံလို့မရပါဘူး။

%d bloggers like this: