Home>>ပညာပေး>>သတင်းတုဆိုတာ ဘာလဲ။
ပညာပေး

သတင်းတုဆိုတာ ဘာလဲ။

သူငယ်ချင်းတို့ရေ… သတင်းတုဆိုတာ ဒီကနေ့မှာ တစ်ကမ္ဘာလုံးကြုံတွေ့နေရတဲ့ ပြဿနာတစ်ခုပါပဲ။ ၂၀၁၇ ကဆိုရင် တစ်ကမ္ဘာလုံးမှာ သတင်းတုဆိုတဲ့ စကားကို လူတိုင်းပြောစမှတ်တွင်ခဲ့ပြီး Fake News (သတင်းတု) ကို ၂၀၁၇ ရဲ့ စာလုံးအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အမေရိကားမှာလည်း ဒေါ်နယ်ထရမ့်က သူမကြိုက်တဲ့ သတင်းတွေဆိုရင် သတင်းတုလို့ပဲ လျှောက်ပြောခဲ့လို့ တစ်ကမ္ဘာလုံးအမြင်မှာ ဟားစရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ သတင်းတုဆိုတာ ဒီမိုကရေစီရဲ့ ရန်သူကြီးလို့ တစ်ကမ္ဘာလုံးက သဘောပေါက်လာကြပါပြီ။

ဒါဆိုရင် သူငယ်ချင်းတို့ Fake News (သတင်းတု) ဆိုတာ အခုခေတ်မှ ပေါ်လာတဲ့အရာလား။

အမှန်တော့ သတင်းတုဆိုတာ ဟိုးရှေးတုန်းကတည်းက ရှိနေခဲ့တဲ့ အရာတစ်ခုပဲ။

ဟိုးရှေးပဝေသဏီကတည်းကစပြီး အုပ်ချုပ်သူတွေက ရည်ရွယ်ချက်ရှိရှိ သတင်းတုတွေဖန်တီးပြီး လက်နက်အနေနဲ့ ခေတ်အဆက်ဆက် သုံးခဲ့ကြတာ ရှိပါတယ်။ သတင်းအချက်အလက်တွေကို အတုဖန်တီးပြီး ရန်သူတွေကို လှည့်ဖျားတာမျိုးလုပ်ခဲ့ပါတယ်။

နောက်ပြီး အုပ်ချုပ်သူတွေက ပြည်သူတွေရဲ့အတွေးအခေါ်တွေကို ပုံသွင်းဖို့လည်း လုပ်တာမျိုး ရှိပါတယ်။ ဥပမာပြောရမယ်ဆိုရင် အီဂျစ်မှာ Sphinx (လူခေါင်းနဲ့ခြင်္သေ့ပုံကျောက်ရုပ်ကြီးတွေ) ဆောက်ခဲ့တာက ဘုရင်တွေက သူတို့ရဲ့ တန်ခိုးအာဏာကိုပြပြီး သက်ဦးဆံပိုင်စနစ်တွေကို ခိုင်မာစေဖို့ လုပ်ခဲ့ကြပါတယ်။ နောက်တစ်မျိုးပြောရမယ်ဆိုရင် ဒီလိုမျိုးလုပ်တာကို ဝါဒဖြန့်တယ်လို့ ခေါ်တာပေါ့။

အင်တာနက်နဲ့ လူမှုကွန်ယက်တွေပေါ်မလာခင် သတင်းအချက်အလက်ကို ဖြန့်ချီရေးလုပ်တယ်ဆိုတာ သိပ်မလွယ်ကူလှပါဘူး။ သတင်းစာတိုက်တစ်ခုကို တည်ထောင်မယ်ဆိုရင် ပုံနှိပ်ရိုက်ရတယ်၊​ ငွေအင်အားနဲ့ အချိန်တွေ စိုက်ထုတ်ရတယ်၊ လူအင်အားသုံးပြီး ဖြန့်ဝေရတယ်။ သတင်းစာဌာနတစ်ခုအပေါ်ကို ယုံကြည်မှုတည်ဆောက်ဖို့ကိုလည်း အချိန်အတိုင်းအတာတစ်ခုအထိ ပေးရပါတယ်။ တချို့ နိုင်ငံတွေမှာ ဆိုရင်လည်း အာဏာပိုင်တွေဆီက စာပေစိစစ်ရေးပြုလုပ်တာတွေ ခံရပါတယ်။ အဲ့လို အခြေအနေတွေမျိုးမှာမို့လို့ သတင်းတုတွေဖြစ်ဖို့ဆိုတာ အတော်လေးကို ခက်ခဲပါတယ်။

ဒါပေမယ့် အခု အင်တာနက်နဲ့ လူမှုကွန်ယက်က အဲ့ဒီ ခက်အခဲအတားအဆီးတွေကို ပယ်ဖျက်ပေးလိုက်ပြီးတော့ ငွေကုန်ကြေးကျသက်သာစွာနဲ့ အချိန်တိုအတွင်းမှာ အလွယ်တကူဖြန့်ဝေနိုင်တဲ့ အခြေအနေမျိုးကို ဖန်တီးပေးလိုက်သလို ဖြစ်သွားပါတယ်။ အထူးသဖြင့် Facebook နဲ့ Twitter မှာ လူပေါင်းများစွာ ချိတ်ဆက်နေတာကြောင့် သတင်းအချက်အလက်ပြန့်နှံ့တဲ့ အတိုင်းအတာက မကြုံစဖူး ကျယ်ပြန့်လွန်းလှပါတယ်။ အဲ့ဒါကို အခွင့်ကောင်းယူချင်သူတွေက သတင်းတုတွေဖန်တီးပြီး အမြတ်ထုတ်နေကြတာ ရှိပါတယ်။ တွေးပြီးမှယုံ ရဲ့ အာဘော်အရဆိုရင်တော့ ဂျင်းသတင်းပေါ့။

သူငယ်ချင်းတို့ရေ… ဒါဆိုရင် ဂျင်းသတင်းတွေဆိုတာ ဘယ်လို ပုံစံမျိုးလေးတွေများလဲ။ အောက်က ပုံလေးတွေမှာ တစ်ခုချင်းစီမှာ လိုက်ဖတ်လေ့လာကြည့်လိုက်နော်။

ပြီးတော့ သတင်းတုတွေကို ဘယ်လိုစစ်ဆေးနိုင်မလဲဆိုတာကို သူငယ်ချင်းတို့ ဒီမှာလည်း လေ့လာကြည့်လိုက်ပါဦး။

Commercially-driven sensational content / တစ်ရာဖိုး သုံးပုဒ် ။

2

လူတွေကိုကောင်းကျိုးပေးမယ့် ရည်ရွယ်ချက် လေးလေးနက်နက်နဲ့ ရေးသားထားတာ ဘာမှမပါတဲ့ သတင်းမျိုးတွေပါ။ သူတို့သတင်းမှာပါလာတဲ့ အကြောင်းအရာတွေကို သိပ္ပံနည်းကျအချက်အလက်တွေနဲ့ သေချာထောက်ပံ့မထားပဲ ထင်ရာမြင်ရာကို တစ်ဖက်သက်အတွေးတွေနဲ့ မှန်းပြောထားတတ်လို့ မှားယွင်းတဲ့ အချက်အလက်တွေ အမြဲပါတတ်ပါတယ်။ စာရေးဆရာရဲ့ အာဘော်အတွေးအခေါ်တွေကို ရေးတာမျိုးလည်းမဟုတ်သလို သူတို့ရဲ့ တစ်ကိုယ်ရည်အမြင်သာဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြလေ့မရှိပါဘူး။ လူတွေ ဖတ်ချင်တဲ့ အကြောင်းတွေကို အကြိုက်ဆောင်ရေးထားတတ်ပြီး၊ သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က သူတို့စာကို လူများများဖတ်ပြီး လူများလာရင် ကြော်ငြာများများရတဲ့အခါ ဝင်ငွေကောင်းကောင်းရချင်တဲ့ ရည်ရွယ်ချက်နဲ့ ရေးတဲ့ သတင်းမျိုးတွေပါပါတယ်။ ဥပမာ ပြောရရင် ‘ရေသောက်ရခြင်း အကျိုးကျေးဇူး ၅ ပါး’ (အမှန်တကယ် သိပ္ပံသုတေသနတွေက ထောက်ပံ့မထားပဲ)၊ ‘ရည်းစားဟောင်း ကိုယ့်ဆီပြန်လာမယ့် နည်း(၇)သွယ်’ စတဲ့စတဲ့ သတင်းတွေလိုပေါ့။

National state-sponsored misinformation / အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ ဂျင်းထည့် ကြသူများ။

3-2.png
ဒီဂျင်းတွေကတော့ အကျိုးအမြတ်ရဖို့ လုပ်တာမဟုတ်ပါဘူး။ လွမ်းမိုးမှုရဖို့နဲ့ မဲဆွယ်ဖို့ လုပ်မယ့် လော်ဘီတွေပေါ့။ တစ်ချို့နိုင်ငံတွေမှာဆိုရင် နိုင်ငံထဲက အစိုးရက ပိုက်ဆံပေးပြီး လုပ်နေတာရှိသလို၊  တခြားနိုင်ငံက အစိုးရက သူများနိုင်ငံရဲ့ နိုင်ငံရေးကို ဝင်စွက်ဖက်ဖို့ လုပ်တာမျိုးလည်း ရှိပါတယ်။ ဥပမာ ၂၀၁၆ အမေရိကန် ရွေးကောက်ပွဲတုန်းကဆိုရင် ရုရှားက ဂျင်းသတင်းရေးတဲ့သူတွေနဲ့ ပိုက်ဆံတွေ အများကြီးသုံးပြီး အမေရိကန်ရွေးကောက်ပွဲကို ဝင်နှောင့်တာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။ ၂၀၁၇ မှာဆိုရင် ကြေးစားကွန်မန့်ရေးသူတွေကို သုံးပြီး ရွေးကောက်ပွဲအနိုင်ရရှိဖို့ ကြိုးစားခဲ့တယ်လို့ ဝန်ခံခဲ့တဲ့ နိုင်ငံ ၃၀ ကျော်ရှိပါတယ်။

Highly partisan news sites / အလွန်တရာ ဘက်လိုက်ကြသူများ

4

သူတို့ကတော့ အချက်အလက်နဲ့ အတွေးအမြင်တွေကို ဗလုံးဗထွေးလုပ်ကြတဲ့ သူတွေပေါ့။ နိုင်ငံရေးအမြင် ရှုထောင့် တစ်ခုထဲကိုပဲ တဖက်ပိတ် ထောက်ခံပေးကြတဲ့ သတင်းဌာနတွေဖြစ်ပါတယ်။ သူတို့ရေးသားတွေကို တခြားသတင်းတွေကို ချင့်ချိန်နှိုင်းယှဥ်စစ်ဆေးပြီးမှာသာ ယုံသင့်ပါတယ်။ သူတို့ သတင်းတွေကို အရေးအသား အသုံးအနှုံးတွေ ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။

Social media fake factory / လူမှုကွန်ယက်ပေါ်က ဂျင်းစက်ရုံတွေ

1

တွစ်တာ (Twitter) ပေါ်က ဂျင်းစက်ရုပ် (Bot)တွေ ၊ ဘယ်ကပေါ်လာမှန်းမသိ ရုတ်တရက်သတင်းအမှားတွေနဲ့ ဝုန်းကနဲ ရုန်းကနဲ ဖြစ်နေတဲ့ အကောင့်တုတွေ၊ ဖေ့စ်ဘုတ်ပေါ်မှာ ပိုက်ဆံပေးပြီး ကြော်ငြာတွေ လှိမ့်ပိန့်လွှင့်တဲ့ ဂျင်းသတင်းတွေ၊ Youtube ပေါ်က ဟုတ်လှပါပြီ မှန်လှပါပြီ ဆိုတဲ့ လံကြုပ်တွေနဲ့ တစ်ခါတစ်ရံ ကျနော်တို့ ကျမတို့ရဲ့ လူမှုကွန်ယက်ကြီးပေါ်မှာ ပြည့်နက်နေတာကလဲ စိတ်ပျက်စရာပါပဲ။

Satire or parody / သရော်စာ

5

တစ်ခါတရံကျရင် တချို့သတင်းတွေက သရော်ချင်တဲ့ ပုံစံနဲ့ သတင်းအချက်အလက်တွေကို သေချာမှားပြီး ရေးသားထားတဲ့ ပုံစံတွေ ရှိပါတယ်။ အဲ့တာတွေကို ကျတော်တို့ သေချာ ခွဲကြည့်ပြီး မြင်နိုင်မှရမယ်။ သတိလေးထားပြီး ဖတ်ပြီးတော့ ပျော်စရာ အဖြစ်ပဲယူပါ။

ဘာပဲပြောပြော အားလုံးကို တွေးပြီးမှယုံပါလေ။

%d bloggers like this: