Home>>ဆောင်းပါး>>“မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ သတင်းမှန်များ” စာအုပ်ထဲက ဓါတ်ပုံအတုများ
ဆောင်းပါး

“မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအကျပ်အတည်းဆိုင်ရာ သတင်းမှန်များ” စာအုပ်ထဲက ဓါတ်ပုံအတုများ

(အထူးသတင်းဆောင်းပါး)

ရန်ကုန်(ရိုက်တာ) – မြန်မာစစ်တပ်က ရေးသားထုတ်ဝေလိုက်တဲ့ ရိုဟင်ဂျာအကျပ်အတည်း ဆိုင်ရာ စာအုပ်သစ်တအုပ်မှာ ပုံနှိပ်ဖော်ပြထားတဲ့ အစက်အပြောက်တွေနဲ့ မှုံဝါးဝါးအဖြူအမဲဓါတ်ပုံမှာ လယ်လုပ် ကိရိယာတခုကိုကိုင်ပြီး လူသေလောင်းနှစ်လောင်းပေါ်ရပ်နေတဲ့ လူတယောက်ပုံကို ဖော်ပြကာ “ဘင်္ဂါလီ တွေက ဒေသခံတိုင်းရင်းသားတွေကို လူမဆန်စွာ သတ်ဖြတ်ခဲ့” ဆိုတဲ့ပုံစာကို ရေးထားပါတယ်။

Reuter 2

ဒီပုံဟာ ၁၉၄၀ ခုနှစ်များအတွင်းက မြန်မာနိုင်ငံမှာဖြစ်ခဲ့တဲ့ တိုင်းရင်းသားဆူပူအုံကြွမှုတွေအကြောင်း ရေးထားတဲ့စာအုပ်ရဲ့ အခန်းတခန်းမှာ ပါခဲ့တဲ့ပုံပါ။ ပုံစာမှာဖော်ပြထားတာကတော့ ရိုဟင်ဂျာတွေသတ်ဖြတ် ခံရတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ပုံပါလို့ ဆိုတယ်။ ဒီရိုဟင်ဂျာဆိုတာက တရားမဝင် ဝင်ရောက်လာသူတွေလို့ အဓိပ္ပါယ်သက်ရောက်စေဖို့ “ဘင်္ဂါလီ”လို့ ဒီစာအုပ်မှာရည်ညွှန်းဖော်ပြထားတဲ့ မူဆလင်လူနည်းစုအသိုင်း အဝိုင်းဝင်တွေပေါ့။

ဒါပေမဲ့ ဒီဓါတ်ပုံကို ရိုက်တာကစစ်ဆေးကြည့်တဲ့အခါ ဘင်္ဂလားဒေ့(ရှ)မှာဖြစ်ခဲ့တဲ့ ၁၉၇၁ ခုနှစ် လွတ်လပ်ရေး စစ်ပွဲကနေ ယူထားတာဖြစ်နေတယ်။ အဲဒီတုန်းက ဘင်္ဂလားဒေ့(ရှ)နိုင်ငံသား ရာပေါင်း ထောင်ပေါင်းများစွာဟာ ပါကစ္စတန်တပ်တွေရဲ့သတ်ဖြတ်တာကို ခံခဲ့ရတယ်။

ဒါဟာ စစ်တပ်ရဲ့ လူထုဆက်ဆံရေးနဲ့စိတ်ဓါတ်စစ်ဆင်ရေးဌာနက ဂျူလိုင်လထုတ်စာအုပ်ထဲမှာပါတဲ့ ပုံသုံးပုံထဲက တပုံပါ။ ဒါကို အနောက်ပိုင်းရခိုင်ပြည်နယ်က သမိုင်းစစ်ပုံတွေလို တလွဲဖော်ပြထားတာပဲ။

Reuter 1

တကယ်တော့ ဒီအထဲကပုံနှစ်ပုံဟာ ဘင်္ဂလားဒေ့(ရှ)နဲ့တန်ဇန်းနီးယားက ယူခဲ့တာဖြစ်ပြီး တတိယ ပုံကိုတော့ ဘင်္ဂလားဒေ့(ရှ)ကနေ မြန်မာနိုင်ငံထဲကိုခိုးဝင်လာတဲ့ ရိုဟင်ဂျာအဖြစ်ပုံဖော်တဲ့အနေနဲ့ ပုံစာတလွဲ တပ်ထားတာဖြစ်ကြောင်း ရိုက်တာက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ တကယ့်အဖြစ်အပျက်မှာက သူတို့ဟာ မြန်မာနိုင်ငံထဲကနေ ထွက်ခွာသွားနေကြသူတွေပါ။

အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးနဲ့ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ တစ်ဦးဟာ ဒီပုံတွေရဲ့ စစ်မှန်မှုနဲ့ ပတ်သက်လို့ မှတ်ချက်မပေးနိုင်ခဲ့ကြပါဘူး။ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အမြဲတမ်းအတွင်းဝန်ဦးမျိုးမြင့်မောင်က တော့ ဒီစာအုပ်ကို သူမဖတ်ရသေးပါဘူးဆိုပြီး မှတ်ချက်ပေးဖို့ ငြင်းဆန်ခဲ့တယ်။

ကမကထလုပ်သူ

“မြန်မာ့နိုင်ငံရေးနဲ့ တပ်မတော် အပိုင်း- ၁” ဆိုတဲ့ စာမျက်နှာ ၁၁၇ မျက်နှာပါ ဒီစာအုပ်ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ စစ်တပ်ကခင်းခဲ့တဲ့ဇာတ်ကြောင်းကို ပြန်ပြောင်းဖော်ပြတာပါ။ အဲဒီတုန်းက ကုလသမဂ္ဂ အေဂျင်စီတွေရဲ့အဆိုအရ ရိုဟင်ဂျာ ၇၀၀,၀၀၀ လောက် ရခိုင်ကနေ ဘင်္ဂလားဒေ(ရှ)ကို ထွက်ပြေးခဲ့ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု၊ မုဒိမ်းမှုနဲ့ မီးရှို့မှုသတင်းတွေကိုလည်း ထွက်ပေါ်စေခဲ့တာပေါ့။ တပ်မတော် ဆိုတာက မြန်မာစစ်တပ်ရဲ့ တရားဝင်အမည်ဖြစ်ပါတယ်။

စာအုပ်ထဲပါတဲ့ပုံအများအပြားဟာ စစ်တပ်ရဲ့ “သတင်းမှန်”ထုတ်ပြန်ရေးဌာနက ရတဲ့ဟာတွေပါ။ ဒီဌာနဟာ ဒီအကျပ်အတည်းစကတည်းက စစ်တပ်ရဲ့ရှုထောင့်အမြင်ကိုထင်ဟပ်ဖော်ပြတဲ့ သတင်းတွေကို ဖေ့(စ)ဘုတ်ကတဆင့် ဖြန့်ဖြူးခဲ့တာဖြစ်ပါတယ်။

ဒီစာအုပ်ကို စီးပွားရေးမြို့တော်ရန်ကုန်တခွင်က စာအုပ်ဆိုင်တွေမှာ တင်ရောင်းပါတယ်။ ဒီမြို့တော်မှာ အကြီးဆုံးစာအုပ်ဆိုင်တဆိုင်ဖြစ်တဲ့ “အင်းဝ” ရဲ့ ဝန်ထမ်းတယောက်က အော်ဒါမှာထားတဲ့ အုပ်ရေ ၅၀ ကတော့ ရောင်းလို့ကုန်သွားပြီဖြစ်ကြောင်း၊ ဒါပေမဲ့ နောက်တပ်မှာဖို့ အစီအစဉ်လည်း မရှိကြောင်းပြောတယ်။ “ဒီ စာအုပ်ကို လာရှာတဲ့သူက သိပ်မရှိလှပါဘူး” လို့ အမည်မဖော်လိုတဲ့ အဲဒီစာအုပ်ရောင်းသူက ဆိုပါတယ်။

တနင်္လာနေ့မှာ ဖေ့(စ)ဘုတ်က စစ်တပ်အကြီးအကဲနဲ့အခြားစစ်ဘက်အရာရှိတွေကို “လူမျိုးရေးနဲ့ ဘာသာရေးတင်းမာမှုတွေ မီးထိုးပေးဖို့” ဖေ့(စ)ဘုတ်စင်ကိုအသုံးပြုခဲ့တယ်လို့ စွပ်စွဲပြီး ပိတ်ပင်တားဆီးလိုက် တယ်။ အဲဒီနေ့မှာပဲ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို “လူမျိုးတုန်း သတ်ဖြတ်ဖို့ရည်ရွယ်ချက်”နဲ့ လှုပ်ရှားမှုတခုကို ကြီးကြပ်လုပ်ကိုင်ခဲ့တယ်လို့ စွပ်စွဲပြီး သူနဲ့တခြားအရာရှိကြီး တွေကို လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် တရားစွဲဖို့ ထောက်ခံအကြံပြုခဲ့ကြတယ်။

စစ်တပ်ကတော့ မတော်မတရားလုပ်ခဲ့တယ်ဆိုတဲ့ ဒီစွပ်စွဲချက်တွေကို သူ့စာအုပ်သစ်ထဲမှာ ငြင်းဆိုထား ပြီး “အာကစ်စတန်”အမည်နဲ့ ရိုဟင်ဂျာနိုင်ငံတခုပုံဖော်ဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ “ဘင်္ဂါလီ အကြမ်းဖက်သမား”တွေရဲ့ အကြမ်းဖက်မှုအပေါ်ကိုသာ အပြစ်ဖို့ထားတယ်။

ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army) လို့ သူတို့ကိုယ်သူတို့ ခေါ်တဲ့ ရိုဟင်ဂျာစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေဟာ ရခိုင်ပြည်နယ်ထဲမှာဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း စစ်တပ်ရဲ့ဖြိုခွဲနှိမ်နင်းမှုမတိုင်ခင်မှာ ပေါ်ပေါက်ခဲ့တာဖြစ်တယ်။ အဲဒီနှိမ်နင်းမှုထဲမျာ လူ ၁၀,၀၀၀ လောက် အသတ်ခံခဲ့ရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးမှူးတွေက ဆိုခဲ့ပြီး ရိုဟင်ဂျာအုပ်စုကတော့ သူတို့ရဲ့တိုက်ခိုက်မှုမှာ ခွဲထွက်ရေးရည်ရွယ်ချက်ရှိတယ်ဆိုတာကို ငြင်းဆိုခဲ့ကြပါတယ်။

ဒီစာအုပ်မှာ သူတို့ကိုယ်သူတို့ အနောက်ခြမ်းမြန်မာနိုင်ငံဇာတိသားအဖြစ် မှတ်ယူကြတဲ့ ရိုဟင်ဂျာတွေ ရဲ့ သမိုင်းကြောင်းကို ဘင်္ဂလားဒေ့(ရှ)နိုင်ငံကနေ ကျူးကျော်ဝင်ရောက်လာသူတွေအဖြစ် ပုံဖော်ပြီး ခြေရာခံပြထားတာ ဖြစ်ပါတယ်။

Reuter 3

ထိပ်ဆုံးက စခရင်ရှော့လုပ်ထားတဲ့ဓါတ်ပုံဟာ ၂၀၁၅ ခုနှစ်က ရန်ကုန်မြို့အနီး မြန်မာရေတပ်က သူတို့လှေကိုသိမ်းဆည်းအပြီး မြန်မာနိုင်ငံကနေထွက်ပြေးဖို့ ကြိုးစားနေကြတဲ့ ရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ(ရှ) ပြောင်းရွှေ့နေထိုင်သူတွေကို ရိုက်တားတဲ့ ဂက်တီးအင်မေ့ (Getty Images) က ဓါတ်ပုံအစစ်တခု ဖြစ်ပါတယ်။ အဲဒီစခရင်ရှော့ရဲ့အောက်မှာက မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာအရေးစာအုပ်သစ်ထဲမှာ ဖော်ပြထားတဲ့ အလားတူပုံပါ။ ဒီပုံဟာ ပုံအစစ်ကိုလှန်လှောပြီး အဖြူအမဲပုံအဖြစ်ပြောင်းထားတာ ဖြစ်ပါတယ်။ ပုံစာမှာ ကျတော့ မြန်မာနိုင်ငံတွင်း လှေနဲ့ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေရဲ့ပုံလို့ အမှားမှားအယွင်းယွင်းရေးထားတယ်။ (အပေါ်ပုံ – ဂက်တီးအင်းမေ့(ဂျ)၊ အောက်ပုံ – မြန်မာ့နိုင်ငံရေးနဲ့တပ်မတော်၊ အပိုင်း ၂ / ရိုက်တာမှတဆင့်)

စာအုပ်ရဲ့မိတ်ဆက်နိဒါန်းမှာ ဒု-ဗိုလ်မှူးကြီးကျော်ကျော်ဦးလို့အမည်တပ်ထားတဲ့ စာရေးသူက “ဘင်္ဂါလီတွေရဲ့သမိုင်းကြောင်းကို ဖွင့်ချပြဖို့” ရည်ရွယ်ချက်နဲ့ “မှတ်တမ်းတင်ဓါတ်ပုံတွေ” ကိုသုံးပြီး ဒီစာအုပ်ကို ပြုစုထားတာပါလို့ ဆိုပါတယ်။

“မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲတခု သို့မဟုတ် တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခတရပ် ပေါ်ပေါက်လာတိုင်း ဒီဘင်္ဂါလီတွေဟာ ဒါကိုအခွင့်ကောင်းယူတတ်ကြကြောင်း တွေ့မြင်နိုင်ပါတယ်”လို့ ဒီစာအုပ်က ဆိုတယ်။ မူဆလင်တွေဟာ အခြေတည်စ မြန်မာ့ဒီမိုကရေစီအကူးအပြောင်းကာလရဲ့ မရေရာမသေချာမှုအပေါ် အခွင့်ကောင်းယူပြီး “ဘာသာရေး ပဋိပက္ခတွေ”ကို မီးမွှေးဖို့လုပ်ကြကြောင်း ဒီစာအုပ်မှာ ငြင်းခုံဆွေးနွေးထားပါတယ်။

ရိုက်တာသတင်းဌာနက ဒု-ဗိုလ်မှူးကြီးကျော်ကျော်ဦးကို မှတ်ချက်တောင်းဖို့ ဆက်သွယ်လို့ မရနိုင်ခဲ့ပါဘူး။

ရိုက်တာအနေနဲ့ အွန်လိုင်းပေါ်မှာ အရင်ကဖော်ပြခဲ့ဖူးတဲ့ပုံတွေကို ကွဲကွဲပြားပြား သိအောင်လုပ်ဖို့ သတင်းဌာနတွေနဲ့တခြားအဖွဲ့အစည်းတွေ အသုံးပြုလေ့ရှိတဲ့ “Google Reverse Image Search” နဲ့ “TinEye” ကရိယာတွေသုံးပြီး ဒီဓါတ်ပုံတချို့ကို စစ်ဆေးကြည့်ရှုခဲ့တာ ဖြစ်တယ်။ အဲဒီတုန်းက သူ့မူရင်းပုံတွေကို အခိုင်အမာဖြစ်စေဖို့ အရင်ကအသိအမှတ်ပြုပြီးသား ထုတ်ဝေသူတွေနဲ့အတူ ဒီစစ်ဆေးမှုတွေကို လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီစာအုပ်ထဲက ပုံပေါင်း ၈၀ အနက် အများစုဟာ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နိုင်ငံရပ်ခြားအကြီးအကဲတွေ ဒါမှမဟုတ် ရခိုင်ကိုအလည်အပတ်ရောက်လာတဲ့ ဒေသခံအရာရှိတွေနဲ့တွေ့ဆုံတဲ့ မကြာသေးခင်က ပုံတွေဖြစ်ပါတယ်။ တချို့ပုံတွေကကျတော့ ရခိုင်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (Arakan Rohingya Salvation Army)) ရိုဟင်ဂျာစစ်သွေးကြွအုပ်စုကတင်တဲ့ စခရင်ဂရက်(ဘ)တွေနဲ့ ဗီဒီယိုတွေ ဖြစ်တယ်။

သမိုင်းဝင်ပုံတွေအဖြစ် ထည့်သွင်းဖော်ပြထားတဲ့ ဓါတ်ပုံရှစ်ပုံအနက် သုံးပုံဟာ မူရင်းဇစ်မြစ်ကို အတုလုပ်ထားတဲ့ပုံတွေဖြစ်နေတာ ရိုက်တာကရှာဖွေတွေ့ရှိခဲ့ပြီး တခြားပုံငါးပုံကတော့ မူရင်းဇစ်မြစ်ကို ခွဲခြားသတ်မှတ်လို့ မရနိုင်ခဲ့ပါဘူး။

အရောင်မှိန်နေပြီဖြစ်တဲ့ အဖြူအမဲဓါတ်ပုံတပုံဟာ ကျောကုန်းပြီးခရီးရှည်လျှောက်နေပုံရတဲ့ လူအုပ် တအုပ်ရဲ့ပုံကို ဖော်ပြတာပါ။ “အောက်မြန်မာနိုင်ငံကို ဗြိသိသျှကိုလိုနီနယ်ချဲ့သမားများ သိမ်းပိုက်အပြီး နိုင်ငံတွင်းသို့ ကျူးကျော်ဝင်ရောက်လာခဲ့ကြသော ဘင်္ဂါလီများ” လို့ ပုံစာမှာ ရေးထားပါတယ်။

ဒီဓါတ်ပုံဟာ ၁၉၄၈ ခုနှစ်မှာ ပြီးဆုံးခဲ့တဲ့ ကိုလိုနီခေတ်ကာကအတောအတွင်း မြန်မာနိုင်ငံကို ရောက်လာတဲ့ ရိုဟင်ဂျာတွေကို ပုံဖော်ပြသဖို့ရည်ရွယ်တာ ထင်ရှားသိသာပါတယ်။ တကယ်က ဒီပုံဟာ ရဝမ်ဒါနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုကနေ ထွက်ပြေးနေကြတဲ့ ဒုက္ခသည်တွေကို ၁၉၉၆ ခုနှစ်မှာ ရိုက်ယူခဲ့တဲ့ ရောင်စုံဓါတ်ပုံတပုံကို ပုံဖျက်ပြောင်းလဲထားတဲ့ပုံလို့ ရိုက်တာက ခွဲခြားသတ်မှတ်ခဲ့ပါတယ်။ Pittsburgh Post-Gazettee သတင်းစာအတွက် အလုပ်လုပ်နေတဲ့ ဒီဓါတ်ပုံဆရာ မာသာ ရီယယ်(လ)ဟာ ပူလစ်ဇာဆုကို ရခဲ့ပါတယ်။

သူ့ဓါတ်ပုံကို အသုံးပြုမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ မေတ္တာရပ်ခံချက်တခုကို အဲဒီသတင်းစာက ချက်ချင်း မတုန့်ပြန်ခဲ့ပါဘူး။

အဖြူအမဲနဲ့ပုံနှိပ်ထားတဲ့ တခြားဓါတ်ပုံတခုကလည်း စုတ်ပြတ်နေတဲ့လှေတစင်ပေါ်ကလူတွေကို ပြသထားတာပါ။ “ပင်လယ်ရေကြောင်းလမ်းကနေ မြန်မာနိုင်ငံကိုဝင်ရောက်လာတဲ့ ဘင်္ဂါလီများ” လို့ ပုံစာ တပ်ထားပါတယ်။

တကယ်တော့ မူရင်းဓါတ်ပုံက ၂၀၁၅ ခုနှစ်မှာ ထိုင်းနဲ့မလေးရှားကို ရာထောင်ချီထွက်ပြေးနေ့ကြတဲ့ မြန်မာနိုင်ငံကရိုဟင်ဂျာတွေနဲ့ ဘင်္ဂလားဒေ့(ရှ)ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ပုံပါ။ အဲဒီမူရင်းဓါတ်ပုံကို လှည့်ပြီး အစက်အပြောက်တွေထင်နေသလိုဖြစ်အောင် မှုံဝါးဝါးလုပ်ထားတာပါ။ ဒီဓါတ်ပုံကို မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင် ပြန်ကြားရေးဝန်ကြီးဌာနက ရခဲ့တာဖြစ်ပါတယ်။

References: Reuters News Agency

တွေးပြီးမှယုံ

%d bloggers like this: