Home>>ဆောင်းပါး>>သတင်းတုတွေကြောင့် အိန္ဒိယရဲ့ အင်တာနက်သုံးစွဲသူ သန်းပေါင်းများစွာ ဘယ်လိုအကျိုးရလာဒ်တွေ ခံစားနေရသလဲ
ဆောင်းပါး

သတင်းတုတွေကြောင့် အိန္ဒိယရဲ့ အင်တာနက်သုံးစွဲသူ သန်းပေါင်းများစွာ ဘယ်လိုအကျိုးရလာဒ်တွေ ခံစားနေရသလဲ

အိန္ဒိယမှာရှိတဲ့ အင်တာနက် စတင်အသုံးပြုသူ သန်းပေါင်းများစွာဟာ သတင်းတုတွေရဲ့ လှည့်ဖျားမှုအောက် ကျရောက်နေပြီး တစ်ခါတစ်ရံမှာ အကျိုးဆက်တွေက သေကြေပျက်ဆီးနိုင်လောက်တဲ့အထိ ဖြစ်နေနိုင်ပါတယ်။

ဗီဒီဒိုရှီ (Vidhi Doshi) က The Washington Post အတွက် ရေးသားထားတဲ့ ဆောင်းပါးကို မြန်မာဘာသာသို့ ပြန်ဆိုထားတာ ဖြစ်ပါတယ်။
နယူးဒေလီ – ၂၀၁၇ ခုနှစ်၊ အောက်တိုဘာ ၁ ရက်။

သိပ်မကြာသေးခင်တုန်းက ဗုဒ္ဓဟူးနေ့ခင်းတစ်ခုမှာ မုတ်သုန်မိုးက မွန်ဘိုင်းမှာရှိတဲ့ ရုံးခန်းပြူတင်းတံခါးတွေကို ရိုက်ခတ်ဖျန်းပက်နေလေရဲ့။ အခန်းထဲမှာတော့ တီဗီဖန်သားပြင်တွေဟာ ဆိုင်ကလုံးမုန်တိုင်း “ဖျန်” ကျရောက်မယ့်သတင်းတွေနဲ့ လင်းလက်နေကြတယ်။

လစ်တယ် ဘလက်ဘွတ် (Little Black Book)လို့ခေါ်တဲ့ အွန်လိုင်း မြို့ပြလမ်းညွှန်ဝန်ဆောင်မှုပေးတဲ့ ရုံးငယ်လေးတစ်ခုက ဝန်ထမ်းတွေဟာ အထိတ်တလန့် ဖြစ်စပြုလာကြတယ်။ တစ်ချို့တွေဆိုရင် လမ်းတွေတောင်ပိတ်ကုန် ပြီဆိုတဲ့ သတင်းစကားတွေ သူတို့ဖုန်းပေါ်က ရတာနဲ့ အိမ်ကို စောစောပြန်ကုန်ကြလေရဲ့။ တစ်ချို့တွေကျတော့ ဆိုင်ကလုန်းမုန်တိုင်း “ဖျန်” ဖြတ်သွားမယ့်လမ်းပေါ်က သူတို့ချစ်သူခင်သူတွေဆီ သတင်းဖြန့်ပေးကြတယ်။

“လစ်တယ် ဘလက်ဘွတ်” က အသက် ၂၄ နှစ်ရွယ် စာရေးဆရာမလေး ‘ဂျာယာတီ’တစ်ယောက်ကတော့ အဲဒီညနေမှာ ဂီတဖျော်ဖြေပွဲ တစ်ခုလုပ်ဖို့ စီစဉ်နေတာမို့ မုန်တိုင်းသတိပေးချက်ကြောင့် သူ့ဧည့်ပရိသတ်တွေ ရှဲကုန်မှာကို တွေးပူနေရှာတယ်။ သူဟာ အွန်လိုင်းရာသီဥတုသတင်းကို ခပ်သွက်သွက် စစ်ဆေးကြည့်ရှုလိုက်ပြီး သတင်းစကားတခု ဖြန့်ဝေလိုက်တယ်။ “ဒို့ လုပ်စရာရှိတာလုပ်ကြမယ် သူငယ်ချင်းတို့။ မိုးရွာရွာ နေပူပူပေါ့။”

ဒီလိုနဲ့ အဲဒီစက်တင်ဘာ ၂၀ ရက်နေ့ ညနေမှာ ဆိုက်ကလုန်းမုန်တိုင်း “ဖျန်”ဟာ မွန်ဘိုင်းကို ရောက်မလာခဲ့ပါဘူး။

တကယ်တော့ မုန်တိုင်းဟာ လွန်ခဲ့တဲ့ရှစ်နှစ်က မိုင်ပေါင်း ၁၄၀၀ ကွာတဲ့ သီရိလင်္ကာနိုင်ငံမှာ ဖြစ်ခဲ့တာပါ။ “ဒီမုန်တိုင်းနဲ့ပတ်သက်တဲ့ ကောလာဟလက နှစ်တော်တော်ကြာကြာ ဖြစ်နေခဲ့တာ”လို့ SMHoaxSlayer.com အမည်ရှိ အိန္ဒိယ ဆိုရှယ်မီဒီယာပေါ်မှာ ဖြန့်ဝေနေတဲ့ ကောလာဟလတွေရဲ့ အချက်အလက် မှန်မမှန်စစ်ဆေးကြည့်ရှုရာ ဝက်ဘ်ဆိုက်တည်ထောင်သူ ပန်ကာ့(ဂျ) ဂျိန်းက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ဒီသတင်းတုသတင်းယောင် ဇာတ်လမ်းတွေက သမ္မတထရမ့်ရဲ့ ရွေးကောက်ပွဲအောင်ပွဲကို စွမ်းဆောင်ပေးခဲ့တယ်လို့ ဆိုနေကြတဲ့အချိန်မှာ အင်တာနက်သုံးစွဲသူ အရေအတွက် ၃၅၅ သန်းရှိတဲ့ အိန္ဒိယမှာတော့ သတင်းတုတွေဟာ ရာသီဥတု အကျပ်အတည်းတွေကို ပိုဆိုးစေတာတွေ၊ ဇာတ်အနိမ့်အမြင့်တွေကြားနဲ့ ဘာသာကွဲကြားတွေက အကြမ်းဖက်လှုပ်ရှားမှုတွေကို ပိုဆိုးရွားလာခဲ့စေတာတွေ၊ လူထုကျန်းမာရေးကိစ္စတွေကို တောင် ထိခိုက်မှုတွေ ဖြစ်စေခဲ့တာတွေဟာ နေ့စဉ်ဘဝရဲ့အစိတ်အပိုင်းတခု ဖြစ်နေပါပြီ။

“သာမန်တွေးတတ်၊ မြင်တတ်တဲ့ အသိက တိမ်ကောသွားပြီ။ လူတွေက ဘာဖြစ်ဖြစ် ယုံလိုက်ဖို့အသင့်ဖြစ်နေကြတယ်”လို့ ဂျိန်းက ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်က ဒီကသတင်းစာတွေဟာ ဖေ့(စ)ဘုတ်ရဲ့ သတင်းတုတွေကို ဘယ်လိုရှာကြည့်မလဲဆိုတာ ရှင်းပြတဲ့ ကြော်ငြာတွေကို စာမျက်နှာပြည့် ဖော်ပြခဲ့ကြပါတယ်။ ပြည်ထဲရေးရာတွေကို ကြီးကြပ်ရတဲ့ဝန်ကြီး ရာ(ဂျ)နတ်(သ) ဆင်းက ဆိုရှယ်မီဒီယာတွေပေါ်က အရာမှန်သမျှကို မယုံကြည်ကြဖို့ နယ်စပ်ဒေသ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေကို နယူးဒေလီမှာ အကြံပေးစကား ပြောကြားခဲ့တယ်။

အိန္ဒိယနိုင်ငံရဲ့ သတင်းမှားအများအပြားကို လူကြိုက်များတဲ့ WhatsApp လို့ခေါ်တဲ့ အချင်းချင်းစာပို့တဲ့ အက်ပလီကေးရှင်းကနေ တဆင့် ဖြန့်ဖြူးနေတာပါ။

နိုဝင်ဘာလထဲမှာ အိန္ဒိယအစိုးရက နိုင်ငံရဲ့ ငွေကြေးပြုပြင်မှုတရပ် လုပ်တဲ့အကြောင်း ကြေညာပြီးပြီးချင်းမှာပဲ သတင်းတခုက ပျံ့နှံ့သွားခဲ့တယ်။ အဲဒီသတင်းစကားက အသစ်ထုတ်လိုက်တဲ့ ၂၀၀၀ တန် ရူပီးအကြွေစေ့မှာ မြေကြီးအောက် ပေ (၃၉၀)လောက် နက်တဲ့ နေရာမှာ မြှုပ်နေတဲ့ အကြွေစေ့ကိုတောင် တွေ့အောင်ရှာဖွေနိုင်တဲ့ ဂျီပီအက်(စ်) ခြေရာခံ နာနိုပြားလေးတစ်ခု ပါတယ်လို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာလ ဆား ရှားပါးပြတ်တောက်မှုနဲ့ ပတ်သက်တဲ့ နောက် ကောလာဟလတစ်ခုဆိုရင် အိန္ဒိယပြည်နယ်လေးခုမှာ ဆား အလုအယက် ရှာဖွေဝယ်ယူမှုဖြစ်အောင်တောင် ဂယက်ရိုက်သွားစေခဲ့တယ်။

အိန္ဒိယတောင် ပိုင်းမှာကျတော့ ဝက်သက်ရောဂါနဲ့ ဂျာမန်ဝက်သက်ရောဂါ ကာကွယ်ဆေးအကြောင်း ကောလာဟလတခုက အစိုးရ ရောဂါကာကွယ်ရေး လှုံ့ဆော်လှုပ်ရှားမှုကို ကဖျက်ယဖျက်လုပ်ခဲ့တယ်။

သတင်းမှားအတော်များများက အကြမ်းဖက်မှုဆီကိုလည်း ဦးတည်စေခဲ့ပါတယ်။ မေလထဲမှာ ရွာတရွာက ကလေးခိုးယူသူတွေအကြောင်း ကောလာဟလတွေဟာ လူအုပ်စုလိုက် တရားလက်လွတ် သေဒဏ်ပေးတာတွေကို ဖြစ်စေခဲ့တာကြောင့် လူခုနှစ်ဦး သေဆုံးခဲ့ရပါတယ်။

သြဂုတ်လထဲမှာကတော့ အိန္ဒိယမြောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ ကျစ်ဆံမြီးတွေကို လိုက်ဖြတ်တဲ့ ဂမ္ဘီရဂိုဏ်းအုပ်စု တစ်ခုအကြောင်း ကောလာဟလတွေကြောင့် ကျီးလန့်စာစားတွေ အနှံ့အပြားဖြစ်ပေါ်ခဲ့ရာကနေ ဇာတ်နိမ့်အမျိုးသမီးတယောက် အသတ်ခံခဲ့ရပါတယ်။

တစ်ချို့ဇာတ်လမ်းတွေဟာ အိန္ဒိယနိုင်ငံရဲ့ မြင့်တက်နေတဲ့ ဘာသာရေးနဲ့ ဇာတ်ကွဲပြားမှုကြားက တင်းမာမှုတွေကို ပိုဆိုးလာစေတယ်။ ဥပမာပြရရင် ဒီတစ်ပတ်မှာ “မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ အစ္စလာမ်ဝါဒီသမားတွေက ဟိန္ဒူလူမျိုးတွေကို အကြမ်းဖက်တိုက်ခိုက်နေတယ်” လို့ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖော်ပြထားတဲ့ ပုံတွေဟာ အိန္ဒိယက လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့သွားပြီး ဟိန္ဒူလူမျိုးစုက အိန္ဒိယနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာမွတ်ဆလင်တွေအပေါ် အမုန်းတရားကို မီးထိုးပေးလိုက်ပါတယ်။

“လူနှစ်ဦး ခေါင်းဖြတ်ခံနေရတဲ့ပုံနဲ့ ပါကစ္စတန်မှာ အိန္ဒိယစစ်သားတွေ အသတ်ခံနေရတယ်ဆိုတဲ့ စာသားပါတဲ့ ဗီဒီယိုတစ်ခုရှိပါတယ်။ အဲဒီဗီဒီယိုမူရင်းခွေကို ကျနော်တွေ့ရတော့မှ ဒါဟာ တကယ်တော့ ဘရာဇီးနိုင်ငံက ဂိုဏ်းအုပ်စု စစ်ပွဲတစ်ခုရဲ့ ပုံတွေကနေယူထားတာ ဖြစ်နေတယ်” လို့ SMHoaxSlayer.com က ဂျိန်းက ပြောပါတယ်။ “ဒါ လောလောလတ်လတ် ဖြစ်နေတာတွေ၊ ဒါတွေက မီဒီယာကနေ မင်းကိုမပြတဲ့ ပုံတွေ၊ မင်းသာ တကယ် စစ်မှန်တဲ့ အိန္ဒိယမျိုးချစ်တယောက်ဆိုရင် ဒီသတင်းကို မင်းဆက်ဖြန့်ပေးမှာပဲ” ဆိုပြီး သတင်းတုဖြန့်တဲ့သူတွေက ပြောကြလိမ့်မယ်လို့လည်း ဂျိန်းက ဆိုပါတယ်။

ဒီကောလာဟလတွေကနေ အွန်လိုင်းပေါ်မှာ ဖြန့်နေတဲ့ပုံပြင်တွေ မမှန်ကန်ကြောင်းဖွင့်ချဖော်ထုတ်ရာ ဝက်ဆိုက်တွေကို တည်ထောင်ထားကြတဲ့ အချက်အလက်စစ်ဆေးရေး အသေးစားလုပ်ငန်းတခု ပေါ်ပေါက်လာခဲ့ပါတယ်။ ပရာတစ် ဆင်ဟာကတော့ ဆော့(ဖ)ဝဲအင်ဂျင်နီယာဟောင်း တစ်ယောက်ဖြစ်ပြီး အချက်အလက်စ် စစ်ဆေးရေး  ဝက်(ဘ)ဆိုက်တစ်ခုဖြစ်တဲ့ Altnews.in ကို စတင်တည်ထောင်ခဲ့သူ ဖြစ်ပါတယ်။ ပရာတစ်က “ဇာတ်လမ်း အတုအရေအတွက်ဟာ ကျနော်တို့ အချက်အလက်စစ်ဆေးနိုင်တဲ့ အရေအတွက်ယှဉ်ရင် မပြိုင်နိုင်လောက်အောင်ကို များတာပါ” လို့ ပြောတယ်။ “ကျနော်တို့ကတော့ အရည်အသွေးပေါ်ကိုပဲ အထူးအာရုံစိုက်တာပါ” လို့ သူက ဆိုပါတယ်။

အချက်အလက် စစ်ဆေးသူတွေဟာ နောက်ခံအမျိုးမျိုးကနေ လာကြတာဖြစ်တယ်။ တချို့က ဂျာနယ်လစ်ဟောင်းတွေ၊ တချို့က ဆော့(ဖ)ဝဲကျမ်းကျင်သူတွေဖြစ်ပြီး တချို့ကတော့ သတင်းတုတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်တတ်ကြတဲ့ နိုင်ငံသားတွေ ဖြစ်ပါတယ်။ သတင်းတု ဇာတ်လမ်းအတော်များများဟာ အိန္ဒိယရဲ့ အာဏာရ ဘရာတီယာ ဂျနာတာ ပါတီ (Bharatiya Janata Party) နဲ့ သူ့ရဲ့ လက်ယာဂိုဏ်း ဟိန္ဒူအမျိုးသားရေး အစီအစဉ်ကို ထောက်ခံပေးနေပုံ ရတယ်လို့ boomlive.in ဆိုတဲ့ အချက်အလက်စစ်ဆေးရေး ဝက်(ဘ)ဆိုက်ရဲ့ မန်နေဂျင်းအယ်ဒီတာ ဂျင်စီ ဂျေကော့(ဘ)က ပြောတယ်။ “တကယ်လို့ ကျနော်တို့က တခုခုမလုပ်ဘူးဆိုရင် သိပ်နောက်ကျသွားလိမ့်မယ်”လို့ သူက ဆိုပါတယ်။ “နိုင်ငံရေးပါတီတွေက ဒါကို သူတို့အကျိုးအတွက် အသုံးချချင်မှာဖြစ်ပြီး ကျနော်တို့ အနေနဲ့ ကြားဝင်ဆောင်ရွက်ဖို့လိုတယ်”လို့လည်း သူကပြောလေရဲ့။

ဒီစိစစ်မှုကနေ အောင်မြင်မှုတချို့ ဖြစ်လာစေပါတယ်။ ဝန်ကြီးတွေဟာ အွန်လိုင်းပေါ်မှာ အချက် အလက်စစ်ဆေးတာလုပ်ပြီးနောက်မှာ အထင်အမြင်မှားစေတဲ့ “tweet’တွေနဲ့ “ပို့စ်’တွေကို ဖယ်ရှားပစ်ခဲ့ကြတယ်။ ဥပမာတခုအနေနဲ့ပြရရင် အိန္ဒိယနယ်စပ်က မီးမောင်းကြီးတွေကိုပြဖို့ သတင်းတစ်ခုမှာ သုံးခဲ့တဲ့ပုံဟာ တကယ်မှာ စပိန်-မော်ရိုကို နယ်စပ်က ပုံဖြစ်နေတယ်ဆိုတာကို Altnews က ထောက်ပြခဲ့ပြီး နောက်မှာ အစိုးရဝန်ကြီးဌာနတစ်ခုဟာ စုံစမ်းစစ်ဆေးမှုတခုကို စလုပ်ခဲ့ပါတယ်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာလက အိန္ဒိယရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ် မူကတ်(ရှ) အမ်ဘာနီဟာ Jio လို့ အမည်ရတဲ့ ဈေးအသက်သာဆုံး မိုဘိုင်းကွန်ရက် ဝန်ဆောင်မှုတခုကို စတင်လုပ်ဆောင်ခဲ့တယ်။ ဒီကွန်ရက်သစ်ဟာ ပထမဆုံးအကြိမ်အနေနဲ့ အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာကို အွန်လိုင်းပေါ် ဆွဲခေါ်ခဲ့ပါတယ်။ Jio ရဲ့ ဈေးသက်သာတဲ့အစီအစဉ်တွေက ၂၀၁၆ ခုနှစ်၊ ဂျွန်လနဲ့ ၂၀၁၅ ခုနှစ်၊ မတ်လအတွင်း မိုဘိုင်းဒေတာသုံးစွဲမှုကို ခြောက်ဆကျော်မြင့်တက်လာစေခဲ့ကြောင်း Mary Meeker ရဲ့ ၂၀၁၇ ခုနှစ်၊ အင်တာနက်အလားအလာများ ဆိုင်ရာအစီရင်ခံအရ သိရပါတယ်။

အိန္ဒိယရဲ့ ပထမဦးဆုံးအကြိမ် အင်တာနက်သုံးစွဲသူအသစ်တွေဟာ ဆိုရှယ်မီဒီယာဝက်(ဘ)ဆိုက်တွေပေါ်မှာ လည်ပတ်နေတဲ့ ကောလာဟလတွေရဲ့ ဒဏ်ကို အထူးသဖြင် ခံကြရတယ်လို့ ဂျေကော့(ဘ)က ပြောတယ်။ “အမေရိကန်ပြည်ထောင်စုဟာ ပိုမိုရင့်ကျက်တဲ့ ဈေးကွက်တစ်ခု ဖြစ်တယ်။ အိန္ဒိယကတော့ သူတို့ကိုယ်ပိုင်ဘဝတွေ အပေါ်မှာ အကျိုးသက်ရောက်စေတယ်”လို့ ဆိုရှယ်မီဒီယာပေါ်က အဆက်မပြတ်ပို့ယူနေကြတဲ့ သတင်းစကားတွေကို ရည်ညွှန်းပြီး သူကဆိုပါတယ်။

အဆာဗာရီ ရှားမားဆိုတဲ့ မွန်ဘိုင်းမြို့ခံတစ်ဦးဟာ မိုးရွာထားတဲ့လမ်းတွေရဲ့ ပုံတွေကို ဖေ့(စ်)ဘုတ်ပေါ်မှာ တင်တဲ့သူတွေ အများကြီးထဲက တစ်ယောက်ပါ။ သူက “ဆိုက်ကလုံးမုန်တိုင်း ‘ဖျန်’ ဒို့ဆီ ရောက်လာတော့မယ်နော်။ ကျမ မိတ်ဆွေတွေအားလုံး ဘေးကင်းလုံခြုံကြဖို့ မျှော်လင့်ပါတယ်” ဆိုတဲ့ ပုံစာကိုပါ ထည့်လိုက်သေးတယ်။

“ရိုးရိုးသားသားပြောရရင် ရာသီဥတုသတင်းတွေကို ကျမ ဘယ်တုန်းကမှ မယုံပါဘူး။ ဘာဖြစ်လို့လဲဆို တော့ သူတို့ ဖော်ပြတဲ့အခါတိုင်း ဘာတခုမှ တကယ်ဖြစ်မလာလို့ပေါ့” လို့ ရှာမန်းက ပြောတယ်။ ဒီတစ်ကြိမ်မှာ တော့ သူတို့က “ဂြိုဟ်တုက တိုက်ရိုက်လာတဲ့ ကြောက်စရာ့ပုံ အနည်းငယ်ကို ထိုးပြကြတယ်။ ဒါကြောင့် ကျမက ဖေ့(စ)ဘုတ်မှာ တင်လိုက်ရတာပါ” လို့ သူကဆိုပါတယ်။

နေ့လည်လောက်မှာ ‘ဖျန်’နဲ့ ပတ်သက်တဲ့ ကောလာဟလတွေဟာ အာဏာပိုင်တွေဆီ ရောက်သွားတယ်။ မွန်ဘိုင်းမြို့ရဲ့ ကပ်ဘေးစီမံခန့်ခွဲရေးဌာန (Disaster Management Unit) က “IMD (အိန္ဒိယ မိုးလေဝသနဲ့ ဇလဗေဒဌာန) ရဲ့ အသိပေးအကြောင်းကြားချက်အရဆိုရင် မွန်ဘိုင်းအတွက် ဘာဆိုက်ကလုန်း မုန်တိုင်းသတိပေးချက်မှ မရှိပါဘူး။ မြို့သူမြို့သားတွေအနေနဲ့ ကောလာဟလတွေကို မဖြန့်ကြဖို့နဲ့ မယုံကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်လို့” တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

ဂျိန်းကတော့ ကောလဟာလသတင်းမှားတွေ မြင့်တက်လာတာကို သူ စိုးရိမ်တယ်လို့ ဆိုတယ်။ “ရှင်းရှင်းပြောရရင် တစ်စုံတစ်ယောက်က ဒီဟာတွေလုပ်ပြီး ငွေရှာနေတာပါပဲ”လို့ သူကပြောပြီး သတင်းတု ဝက်(ဘ်)ဆိုက်တွေထဲ လူတွေ ဝင်ကြည့်ကြတာကြောင့် ကြော်ငြာတွေကနေ အထောက်အပံ့ရတယ်လို့ ထောက်ပြပါတယ်။ “အဆုံးမှာတော့ လူတွေပဲ နှစ်ပေါက်တစ်ပေါက်အရိုက်ခံရတာပါ” လို့ သူက ဆိုပါတယ်။

%d bloggers like this: