Home>>ဆောင်းပါး>>ရုရှား အွန်လိုင်းဆေးထိုးသူတစ်ယောက်နှင့် စကားစမြည်
ဆောင်းပါး

ရုရှား အွန်လိုင်းဆေးထိုးသူတစ်ယောက်နှင့် စကားစမြည်

“အော်ဝဲ(လ)ရဲ့ ကမ္ဘာထဲမှာ ရောက်နေသလိုပါပဲဗျာ။”

အန်တွန် ထရွိုင်ယန်နော့စကီး (Anton Troianovski) သည် The Washington Post အတွက်ရေးသားထားသည်ကို ဆီလျော်အောင် မြန်မာဘာသာဖြင့် ပြန်လည်ရေးသားထားခြင်း ဖြစ်ပါသည်။
ဖေဖော်ဝါရီ – ၁၇, ၂၀၁၈

အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်နှောက်ယှက်ခဲ့တယ်လို့ စွပ်စွဲခံရတဲ့ စိန့်ပီတာစဘတ် အွန်လိုင်း“တစ္ဆေစက်ရုံ”နဲ့ နှီးနွယ်နေတဲ့ ရုရှားလူမျိုး ၁၃ ဦးကို အထူးဥပဒေအကျိုးဆောင် ရောဘတ် အက်(စ)မြူလာက စွဲချက်ပြုရာကနေ အဲ့ဒီစက်ရုံအလုပ်သမားဟောင်းတစ်ချို့က သက်သေခံချက်ထုတ်ဖော်ရင်း သူတို့ကြုံတွေ့ခဲ့ရတာတွေကို ပြောပြခဲ့ပါတယ်။

သူတို့အထဲက တစ်ယောက်ဖြစ်သူ အသက် ၄၃ နှစ်ရွယ် ကျောင်းဆရာ မရတ် မင်ဒီယာရော့ဟာ သူနေထိုင်ရာ စိန့်ပီတာစဘတ်မြို့ပြင် ကျေးရွာကလေးကနေ စနေနေ့မှာ ဝါရှင်တန်ပို့(စ)သတင်းစာကို ဖုန်းနဲ့ဆက်သွယ် စကားပြောခဲ့ပါတယ်။ မင်ဒီယာနော့က ရုရှားပြည်တွင်း စားသုံးမှုဌာနတစ်ခုမှာ အလုပ်လုပ်ခဲ့ဖူးပါတယ်။ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလ တုန်းက ဒီ “တစ္ဆေစက်ရုံ”ရဲ့ အမေရိကန်ဈေးကွက်ကို ဦးတည်ပစ်မှတ်ထားတဲ့ “ဖေ့စ်ဘုတ်ဌာန”မှာ ဝင်ခွင့်စာမေးပွဲဝင်ဖြေတဲ့အခါ သူ့ကို ဟီလာရီကလင်တန်အကြောင်း အက်ဆေးတစ်ပုဒ်အရေးခိုင်းခဲ့ကြောင်း မင်ဒီယာနော့က ပြန်ပြောပြခဲ့ပါတယ်။ သူနဲ့စကားစမြည်ပြောခဲ့တာကို အတန်အသင့် တည်းဖြတ်ထုတ်နှုတ် ဖော်ပြလိုက်ပါတယ်။

မေး – မြူလာရဲ့စွဲချက်အကြောင်း ကြားသိရတဲ့အခါ ခင်ဗျားရဲ့ ပထမဆုံးတုန့်ပြန်ချက်က ဘာများပါလဲ။
ဖြေ – အမေရိကားအနေနဲ့ တစ်ခုခုလုပ်လိုက်နိုင်တဲ့အတွက် ကျနော် ဂုဏ်ပြုပါတယ်။ ဒီကိစ္စကို စာနဲ့ရေးသားတာထက် စွဲချက်တစ်ခုတင်လိုက်နိုင်တာပဲ။ ကျနော် ရောဘတ်မြူလာကို ကွန်ဂရက်ကျူလေးရှင်း လုပ်ချင်ပါတယ်။

မေး – အဲဒီတစ္ဆေစက်ရုံကို ခင်ဗျား ဘယ်လို နောက်ဆုံးရောက်သွားခဲ့တာလဲ။
ဖြေ – အဲဒီမှာ ၂၀၁၄ နိုဝင်ဘာကနေ ၂၀၁၅ ဖေဖော်ဝါရီထိ ကျနော် အလုပ်လုပ်ခဲ့တယ်။ ကျနော်အဲ့ဒီမှာ လုပ်ဖြစ်ခဲ့တာကတော့ တိုက်ဆိုင် သွားတာပါ။ ကျနော် အလုပ်မရှိဘူး။ ပြီးတော့ ဒီစက်ရုံကလည်း ကျနော့် အိမ်နားလေးမှာပဲ။ ဒါနဲ့ အဲဒီကို သွားလိုက်တာ။ အလုပ်စလုပ်ပြီး မကြာခင်မှာပဲ ဒီလိုနေရာမျိုးဟာ ကျနော်လစာရတဲ့အထိ အချိန်ဖြုန်းရုံလောက်ပဲနေပြီး ပြန်ထွက်မယ့်နေရာမျိုးလို့ပဲ ကျနော်သဘောထားခဲ့တာ။

မေး – စက်ရုံထဲမှာ ဘယ်လိုနေလဲဗျ။
ဖြေ – အဲဒီစက်ရုံကို ကျနော်ရောက်သွားပြီးပြီးချင်းမှာ ဂျော့ချ်အော်ဝဲလ်ရေးတဲ့ “၁၉၈၄”စာအုပ်ထဲက ဇာတ်ကောင်တစ်ယောက်လို ကျနော်ခံစားရတယ်။ အဖြူကိုအမဲ၊ အမဲကို အဖြူလုပ်ရေးရတဲ့ နေရာတစ်ခုပေါ့ဗျာ။ အဲဒီကိုရောက်ပြီး ပထမဆုံးခံစားမှုကတော့ ထုတ်လုပ်ရေးလမ်းကြောင်းတစ်လျှောက်မှာ မုသာဝါဒတွေသွတ်သွင်း၊ မမှန်တာတွေပြောထည့်နေရတဲ့ စက်ရုံမျိုးထဲမှာ ရောက်ခဲ့ရတယ်ဆိုတဲ့ ခံစားမှုပဲ။ ပမာဏကတော့ ဧရာမပဲ၊ လူတွေကလည်း အများကြီးပဲ၊ ၃၀၀ ကနေ ၄၀၀ အထိရှိပြီး အားလုံးဟာ လုံးဝဥဿုံမမှန်ကန်တာတွေကို ရေးနေကြရတာ။ အော်ဝဲလ်ရဲ့ကမ္ဘာထဲမှာ ရောက်နေရသလိုပါပဲဗျာ။

မေး – ဘယ်လို မမှန်တာမျိုးတွေကို ခင်ဗျားရေးခဲ့ရလဲ။
ဖြေ – ကျနော်ထုတ်တဲ့ မုသာဝါဒတွေကတော့ ကွန်မန့်နေရာတွေမှာပါပဲ။ ကျနော်က ကွန်မန့်ရေးတဲ့ဌာနမှာ လုပ်ခဲ့ရတာလေ။ သတင်းတွေကို ကွန်မန့်လိုက် ရေးရတာပေါ့။ ဘယ်သူကမှ ကျနော့်ရဲ့ တကယ့်အမြင်ကို မမေးကြပါဘူး။ ကျနော်မြင်ရမယ့် အမြင်တွေကို ကျနော့်အတွက် ရေးပေးထားပြီးသားပါပဲ။ သူတို့ရေးဖို့ အမိန့်ပေးထားတာတွေကို ကျနော့် ကိုယ်ပိုင်စကားလုံးတွေနဲ့ ပြန်ရေးရတာပါ။

မေး – ဥပမာလေး ပြောပြပါလား။
ဖြေ – ကျနော် အဲ့ဒီမှာလုပ်တုန်းက [ရုရှားက ယူကရိန်းမှာ ဝင်ရောက်စွက်ဖက်မှုကို တုန့်ပြန်တဲ့အနေနဲ့ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုက] ရုရှားကို ဒဏ်ခတ်အရေးယူမှုတွေ လုပ်နေတော့ (ရုရှားငွေ)ရူဘယ်တန်ဖိုး ကျကာစလေ။ ကျနော်က အဲ့ဒါတွေနဲ့ အားလုံးရဲ့ ဆန့်ကျင့်ဘက်ကို ရေးရတာလေ။ ကျနော်တို့ဘဝဟာ ဘယ်လောက်သာယာကြောင်း၊ ရူဘယ်ငွေကလည်း ဘယ်လောက်ခိုင်မာကြောင်း၊ စတဲ့ ကို့ယို့ကားယားတွေကို ရေးရတာပေါ့။ ဒီဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေက ကျနော်တို့ကို ပိုမိုသန်မာအားကောင်းလာစေတော့မှာ၊ စသဖြင့်ပေါ့ဗျာ။

မေး – ဒါကို ခင်ဗျားတို့ ဘယ်မှာရေးတာလဲ။
ဖြေ – ကျနော်တို့က ရုရှားဝက်(ဘ)ဆိုက်တွေမှာ၊ အဲဒီလိုမျိုးဟာတွေ အကုန်လုံးမှာ ကွန်မန့်ရေးနေတာ။ ဥပမာ LiveJournal လိုဟာမျိုးပေါ့။ ရုရှားသတင်းဝက်ဘ်ဆိုက်တွေ အားလုံးမှာပေါ့။ ရုရှားဝက်ဘ်ဆိုက်တွေမှာ ကျနော်တို့ ကွန့်မန့်ရေးရမယ့် သတင်းအမျိုးအစားပါလာရင် တစ္ဆေတွေက ချက်ချင်းပဲ ထောက်ခံသယောင်ယောင် ကွန်မန့်တွေ လုပ်ကြံဖန်တီးကြတော့တာပဲ။

မေး – အလုပ်ပတ်ဝန်းကျင်က ဘယ်လိုမျိုးလဲဗျ။ တကယ် စက်ရုံတစ်ခုရဲ့ ပုံစံလား။
ဖြေ – အဲဒီမှာ ၁၂နာရီဆိုင်း နှစ်ဆိုင်းရှိတယ်။ နေ့ဆိုင်းညဆိုင်းပေါ့။ ခင်ဗျားအနေနဲ့ အလုပ်ချိန်အတိအကျ ရောက်ရမယ်။ မနက် ၉ နာရီကနေ ည ၉ နာရီအထိပေါ့။ ဒီမှာ ထုတ်လုပ်မှုစံသတ်မှတ်ချက်တွေ ရှိတယ်။ ဥပမာ စာလုံးရေ ၂၀၀ စီပါတဲ့ ကွန်မန့် ၁၃၅ ခု ရေးရမယ်။ ခင်ဗျားအလုပ်ထဲရောက်ရင် လိုက်ကာတွေပိတ်ထားတဲ့ အခန်းတခန်းထဲမှာ ကွန်ပျူတာ အလုံး ၂၀ နဲ့ တစ်နေ့လုံး အချိန်ဖြုန်းရမယ်။အဆောက်အအုံရဲ့ အထပ်လေးထပ်မှာ ဖြန့်ထားတဲ့ ဒီလိုအခန်းမျိုးတွေ အများကြီးပဲ။ အဲ့ဒါက ထုတ်လုပ်ရေးလမ်းကြောင်းတစ်ခုလိုပဲ။ လူတိုင်း အလုပ်ရှုပ်နေကြတယ်။ လူတိုင်း တစ်ခုခုရေးနေကြရတာ။ ခင်ဗျားအနေနဲ့ ဖန်တီးထုတ်လုပ်တဲ့နေရာတစ်ခုထက် စက်ရုံတစ်ခုထဲမှာ ရောက်နေသလို ခံစားရမှာပဲ။

မေး – အွန်လိုင်းမှာ ဆေးထိုးရေးသားတာက ဘယ်လိုပုံစံဖြစ်လဲ။
ဖြေ – ခင်ဗျားအနေနဲ့ ရေးရမယ့် အကြောင်းအရာ ခေါင်းစဉ်တစ်ခု ရမယ်။ သတင်းအပိုင်းအစတိုင်းကို ကွန်မန့်ရေးသူ သုံးယောက်စီက ဂရုတစိုက်ကြည့်ရမယ်။ ပြီးရင် ကျနော်တို့သုံးယောက်က ကွန်မန့်တစ်ခု ရေးရမယ်။ ဒါကို ကျနော်တို့က လုပ်ကြံ ဆေးထိုးရေးသားသူတွေအနေမျိုးနဲ့ မဟုတ်ဘဲ တကယ့် ပြည်သူလူထုအနေမျိုးနဲ့ ရေးရမှာ ဖြစ်တယ်။ သုံးယောက်ထဲမှာ တစ်ယောက်က မကောင်းတဲ့အမြင်နဲ့ တစ်ခုခု ရေးမယ်။ တခြားနှစ်ယောက်က တုန့်ပြန်ရေးမယ်။ “မင်းမှားတယ်” ပေါ့လေ။ ပို့(စ်)တွေရဲ့ link လေးတွေပေးမယ် ဘာညာပေါ့။ ဆန့်ကျင်ဘက်ရေးတဲ့ တစ်ယောက်ဟာ နောက်ဆုံးမှာ သဘောပေါက်လက်ခံသွားမယ်။ အဲ့ဒါတွေက ကျနော်တို့အနေနဲ့ သဏ္ဍာန်လုပ် သရုပ်ပါအောင် သရုပ်ဆောင်ရတဲ့ ပြဇာတ်မျိုး တွေပေါ့ဗျာ။

မေး – အဲ့ဒါက ထိရောက်တယ်လို့ ခင်ဗျားထင်လား။
ဖြေ – သတင်းဆောင်းပါးတွေအောက်က ကွန်မန့်တွေကို ဘယ်သူက တကယ် ဖတ်ကြမလဲဗျာ။ အထူးသဖြင့် အဲဒီကွန်မန့် တွေဟာ အတုတွေမှန်း သိပ်သိသာနေရင်ပေါ့။ အဲဒီမှာ အလုပ်လုပ်တဲ့သူတွေဟာ စာပေစိတ်နဲ့ စာပေ အရည်အသွေး မရှိကြပါဘူး။ အဲဒါတွေက စက်ယန္တရားရဲ့ အရေးအသားတွေပေါ့။ ဒီဟာက မျောက်တွေအုံလိုက်လုပ်နေတဲ့ လုပ်အားလိုပဲ။ အနည်းဆုံးတော့ ဒီဟာတွေက ရုရှားပရိတ်သတ်တွေ အတွက်တော့ အကျိုးမရှိဘူး။ အမေရိကန်တွေ အတွက်တော့ အလုပ်ဖြစ်ပုံရတယ်ဗျ။ သူတို့က ဒီလိုအလိမ်အညာမျိုးနဲ့ အသားမကျကြသေးဘူး။ စကားလုံးတိုင်းအတွက် အဖြေပေးရမယ်လို့ လက်သင့်ခံတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ သူတို့တွေ နေကြတာလေ။ ဒီ(ရုရှား)မှာကတော့ လူတိုင်းက သူတို့တွေ အံအားသင့်ရလောက်အောင် ပုတ်ခတ်စော်ကားတဲ့ ကွန်မန့်မျိုးတွေရေးရင်တောင် အပြစ်ပေး အရေးယူမခံရဘူးလို့ လုံးဝသေချာနေတာကို ကျနော်အံ့သြတာပါ။ သူတို့အနေနဲ့ အင်တာနက်ပေါ် မည်သူမည်ဝါမှန်း ဖော်စရာမလိုတာကြောင့် ဘယ်သူမှ သူတို့ကို ရှာတွေ့မှာမဟုတ်ဘူးဆိုတာ စိတ်ချက်လက်ချ ရှိကြတယ်။

မေး – ခင်ဗျား လစာဘယ်လောက်ရလဲ။
ဖြေ – တစ်လကို ရူဘယ်ငွေ ၄၀,၀၀၀ ဝန်းကျင် (ဒေါ်လာ ၇၀၀ လောက်) ပါ။ ကျနော်တို့က တစ်ရက် ၁၂ နာရီ အလုပ်လုပ်ကြရပြီး နှစ်ရက်ဆင်း နှစ်ရက်နားပေါ့။

မေး – ဒီစက်ရုံဟာ အမေရိကန်ကိုလည်း ဦးတည်ပစ်မှတ်ထားတယ်ဆိုတာ ခင်ဗျားသိသလား။
ဖြေ – ကျနော် အခြားဌာနတွေကို သွားမလည်ဖူးဘူး။ ဒါပေမဲ့ “ဖေ့စ်ဘုတ်ဌာန” တစ်ခုရှိတယ်ဆိုတာတော့ ကျနော် သိပါတယ်။ ဒါကို လျှို့ဝှက်ထားတာ မဟုတ်ဘူးလေ။ ကျနော်တို့ ကိုင်ရမယ့် အခေါင်းစဉ်တွေကတော့ အားလုံးမှာ အခြေခံအားဖြင့် တူညီကြတယ်။ သူတို့က အမေရိကန်စာဖတ်သူတွေအပေါ် အာရုံစိုက်သလို ကျနော်တို့က ရုရှားတွေအပေါ် အာရုံစိုက်တာပေါ့။

မေး – အဲဒါကို ခင်ဗျား ဘယ်လိုလုပ်သိတာလဲ။
ဖြေ – ကျနော်က အင်္ဂလိပ်စကားပြောတတ်တယ်။ ဖေ့(စ)ဘုတ်ဌာနကို ပြောင်းချင်သလားလို့ ကျနော့်ကို မေးဖူးတယ်။ အဲ့ဒီမှာ လုပ်ခလစာက နှစ်ဆမြင့်တယ်။ “ကောင်းပြီလေ၊ ကျနော်စမ်းကြည့်ပါရစေ” လို့ ကျနော်က ပြောတယ်။ ဒါပေမဲ့ ဒီစာမေးပွဲမှာ ကျနော်ကျခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်စာကို ကျွမ်းကျမ်းကျင်ကျင်တက်မှ ရမှာကိုး။ စာဖတ်သူတွေအနေနဲ့ ခင်ဗျားဟာ နိုင်ငံခြားသားတစ်ယောက် ဖြစ်တယ်ဆိုတဲ့ ခံစားမှုမျိုး မဖြစ်စေရဘူး။ ဘာသာစကား ကျွမ်းကျင်မှုတောင်းဆိုချက်က တကယ်တော့ သိပ်မြင့်ပါတယ်။ ပြောရမယ်ဆိုရင် သူတို့က ထိပ်တန်း ဘာသာပြန်သမားတွေကို လိုလားတာပါ။

မေး – အဲ့ဒီစာမေးပွဲက ဘယ်လိုမျိုးလဲ။
ဖြေ – ပထမအနေနဲ့ ခင်ဗျားရဲ့ အင်္ဂလိပ်စကား ဘယ်လောက်သိသလဲဆိုတာကို သူတို့ စစ်ဆေးတယ်။ ပထမဆုံး ကျနော့်ကို တစ်ခုခုရေးခိုင်းတယ်၊ ဥပမာ “သက်သက်လွတ် သမားတွေနဲ့ပတ်သက်လို့ မင်းဘယ်လိုမြင်သလဲ”။ နောက်ပြီးတော့ “ဟီလာရီကလင်တန်ကို မင်းဘယ်လိုမြင်သလဲ၊ သူ့မှာ အမေရိကန်ရွေးကောက်ပွဲ အနိုင်ရဖို့ ဘယ်လောက်အလားအလာ ရှိသလဲ” ဆိုတာမျိုး။ အဲဒါကို ခင်ဗျား ကျယ်ကျယ်ပြန့်ပြန့် ပြည့်ပြည့်စုံစုံ ရေးရမယ်။ အဓိက ဖြစ်ချင်တာကတော့ ခင်ဗျားအနေနဲ့ အမေရိကန်တစ်ယောက်လို ကိုယ့်ကိုယ်ကိုယ် ပြသနိုင်ဖို့ပဲ။ ဒါနဲ့ ကျနော် စာမေးပွဲကျခဲ့တယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလိပ်စာကို ပြီးပြည့်စုံအောင်တတ်မှကို ရမှာကိုး။

မေး – အမေရိကန်ဌာနမှာအလုပ်လုပ်တဲ့သူတွေက ဘယ်လိုမျိုးလဲဗျ။
ဖြေ – ကျနော်က သူတို့ကို ဆေးလိပ်သောက်ချိန် အနားပေးရင်ဆို တွေ့ရလေ့ရှိတယ်။ သူတို့ဟာ လုံးဝခေတ်မီကျနပုံရတဲ့ လူငယ်တွေပါ။ ဟစ်(ပ)စတားတွေမျိုးပေါ့။ ဖက်ရှင်ကျကျ အဝတ်အစားတွေဝတ်၊ ဆံပင်ပုံ စတိုင်ကျကျညှပ်ပြီး နောက်ဆုံးထွက် ဖုန်းတွေ စက်တွေနဲ့ပေါ့။ ဒီလိုအလုပ်မျိုး လုပ်လိမ့်မယ်လို့ မထင်ရလောက်အောင် သူတို့က တအားခေတ်ဆန် ကြတယ်။

မေး – အလုပ်က ဘာကြောင့်ထွက်ခဲ့တာလဲ။
ဖြေ – ကျင့်ဝတ်ကြောင့် ထွက်ခဲ့တာပါ။ အဲဒီမှာ လုပ်ရတာကို ကျနော် ရှက်မိတယ်။

မေး – အမေရိကန်မဲဆွယ်ပွဲအတွင်းမှာ သူတို့ကို မြင်ရတာကနေ ပြောရင် ခင်ဗျားတွေခဲ့တဲ့ အလားတူနည်းပရိယာယ်မျိုးကိုပဲ သူတို့ သုံးနေကြပုံရလား။ ဒါမှမဟုတ် အဲ့ဒီထက်ပို ပိုဆန်းပြားမြင့်မားတဲ့ နည်းတွေ တိုးလာသေးလား။

ဖြေ – သူတို့ အဆင့်တွေ မြင့်လာတာ မေးစရာမလိုပါဘူး။ သူတို့ အဲ့တုန်းက စကာစ ရှိသေးတယ်။ ပြီးတော့ သူတို့ ပိုပြီး ရှုတ်ထွေးတဲ့ သတင်းတုသတင်းယောင် နည်းပရိယာယ်တွေနဲ့ စလုပ်လာတယ်။

မေး – ဒီစက်ရုံ လည်ပတ်မောင်းနှင်မှုရဲ့ နောက်ကွယ်မှာ ယက်(ဗ)ဂျင်နီ ပရီဂိုဇင်ရှိတယ်ဆိုတာ ခင်ဗျားကြားဖူးလား။
ဖြေ – ကြားဖူးတာပေါ့ဗျာ။ ပြီးတော့ အဲ့ဒါ တကယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမဲ့ အဲဒီမှာ အများစုရှိနေတဲ့ သတင်းတုရေးသမားတွေက သူ့ကို ကျိန်ဆဲခဲ့ကြတယ်။ သူ့ကို ကရင်မလင်ရဲ့ “ပင်မစားဖိုမှူး” ရယ်လို့ လူသိများတယ်။ ဒါပေမဲ့ အဲဒီကြီးမားလှတဲ့အဆောက်အအုံကြီးထဲမှာ ကော်ဖီဆိုင်မရှိဘူး။ စားသောက်ဆိုင်မရှိဘူး။ ဘာဆို ဘာမှ မရှိပါဘူးဗျာ။ လူတိုင်းက သူတို့ကိုယ်ပိုင် ခရားလေးတွေ၊ ဓါတ်ဗူးလေးတွေကို ယူလာကြရတာ။

မေး – ရုရှားမှာကော် ဒီတရားစွဲချက်ရဲ့ ပဲ့တင်ရိုက်ခတ်မှုတွေ ဖြစ်လိမ့်မယ်လို့ ခင်ဗျားထင်သလား။
ဖြေ – ဒီစက်ရုံက ဆက်လက်တည်ရှိနေဦးမယ်လို့ ကျနော်ထင်တယ်။ အရာကိစ္စတိုင်းဟာ အရင်အတိုင်းပဲ ရှိနေဦးမှာပါ။ ဒီစွဲချက်စာရင်းမှာပါတဲ့ လူတွေအနေနဲ့ ရုရှားမှာရှိနေသမျှ ကာလပတ်လုံး ဘာကိုမှ ကြောက်စရာ ရှိမှာမဟုတ်ဘူး။

%d bloggers like this: