သူငယ်ချင်းတို့ရေ……
ဒီတစ်ခါမှာလည်း၊ တိုင်းအစိုးရရဲ့ ပေးစရာရှိတဲ့အကြွေးတွေကို ပြည်သူတွေတစ်ယောက် ၁၅၀၀နှုန်းနဲ့ ကူညီဆပ်ပေးကြပါလို့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကပြောတယ်ဆိုတဲ့ သတင်းတုတစ်ပုဒ်ကို တွေးပြီးမှယုံက ဖော်ထုတ်လိုက်ပါတယ်။ ဒီ ဂျင်းသတင်းကို Share ပြုလုပ်သူ ၉၁၀၀ ကျော်၊Comment ပေးတဲ့သူ ၆၈၀၀ ကျော်၊ Like လုပ်တဲ့သူ ၁ သောင်းကျော် အထိရှိနေပါပြီ။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်က YBS ကားတွေဝယ်ဖို့ ဘဏ်တွေကနေ ချေးယူထားတဲ့ငွေတွေကို ပြည်သူတွေ တစ်ယောက် ၁၅၀၀ နှုန်းနဲ့ ကူဆပ်ပေးရမယ်ဆိုပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ပုံနဲ့ သူပြောထားသယောင် စကားပြော (quote) တွေကို အသုံးပြုပြီး သတင်းတုက ဖော်ပြထားပါတယ်။
ဒီသတင်းဟာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က YBS ကားတွေဝယ်ယူဖို့ လွှတ်တော်ကိုအသိမပေးဘဲ ကမ္ဘောဇဘဏ်ကနေ ငွေကျပ် ၅ ဘီလီယံခွဲ၊ ဧရာဝတီဘဏ်ကနေ ကျပ် ၈ ဘီလီယံချေးယူတဲ့အတွက် တိုင်းလွှတ်တော်မှာ လွှတ်တော်အမတ် ဒေါ်စန္ဒာမင်းရဲ့ ဝေဖန်ပြောကြားတာကနေ ပေါ်ပေါက်လာတာဖြစ်ပါတယ်။
– ဒီသတင်းကို တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းဌာနတွေမှာ မတွေ့ရပါဘူး။
– သတင်းတု ဖန်တီးတဲ့ ဒီ VOM ဆိုတဲ့ သတင်း page ဟာ တရားဝင်မှတ်ပုံတင်ထားတဲ့ သတင်းဌာနမဟုတ်ပါဘူး။
– နောက်ပြီး page မှာဖော်ပြထားတဲ့ ဆက်သွယ်ရန် လိပ်စာတွေနဲ့ဖုန်းနံပါတ်တွေဟာလည်း လိမ်လည်ထားတဲ့အချက်အလက်အမှားတွေပဲဖြစ်ပါတယ်။
– နောက်တစ်ခုကတော့ ဒီ page ဟာ သတင်းဌာနတွေကဖော်ပြတဲ့သတင်းအစစ်တွေကိုလည်း ကူးယူဖော်ပြလေ့ရှိပြီး သတင်းတုတွေကိုလည်း ညှပ်သွင်းပြီးဖော်ပြလေ့ရှိတာကိုတွေ့ရပါတယ်။
သတင်းတုတွေကို သတင်းအစစ်တွေရဲ့ နောက်ဆက်တွဲသတင်းအနေနဲ့ ဖန်တီးဖော်ပြလာတာကို အခုရက်ပိုင်းမှာ တွေ့နေရပြီး အဲဒီလိုသတင်းအတုတွေ၊ ဂျင်းသတင်းတွေ၊ သတင်းအမှားတွေကို အလွယ်တကူ မယုံမိအောင်လို့ တရားဝင်သတင်းဌာနဟုတ်မဟုတ်၊ ဆက်သွယ်ရန်လိပ်စာနဲ့ ဖုန်းနံပါတ်ပါ/မပါ၊ မှန်/မမှန်ကိုလည်း စစ်ဆေးကြဖို့လိုပါတယ်။
ဓာတ်ပုံအတုတွေကို ဖော်ပြရင် Google Image နဲ့တိုက်ဆိုင်စစ်ဆေးကြည့်ရှုလို့ရပေမယ့် သတင်းအတုဆိုရင်တော့ တရားဝင်သတင်းဌာနက တင်တဲ့သတင်းဟုတ်/မဟုတ်စစ်ဆေးပေးဖို့လိုပြီး မသင်္ကာစရာကောင်းတဲ့ သတင်းတွေကို သံသယဖြစ်နေပြီဆိုရင်တော့ တွေးပြီးမှယုံကို ပေးပို့စစ်ဆေးလို့လည်းရပါတယ်။