Home>>ဆောင်းပါး>>သတင်းတုတွေကို အမိဖမ်းဖို့ နည်းလမ်းငါးသွယ်
ဆောင်းပါးပညာပေး

သတင်းတုတွေကို အမိဖမ်းဖို့ နည်းလမ်းငါးသွယ်

သူငယ်ချင်းတို့ရေ…
ဒီရက်ပိုင်း သတင်းတုတွေ အရမ်းများလွန်းနေလို့… တွေးပြီးမှယုံက အမြဲ စောင့်ကြည့်နေရပါတယ်။ စောင့်ကြည့်ပြီး ဘယ်ဟာက သတင်းအမှားလဲ၊ သတင်းအမှန်လဲဆိုတာတွေကိုလည်း သူငယ်ချင်းတွေကို ပြောပြနေပါတယ်။

ဒါပေမယ့် တွေးပြီးမှယုံကလည်း ပရိုဂရမ်နဲ့ တည်ဆောက်ထားတဲ့ စက်ရုပ်တစ်ရုပ် မဟုတ်တာကြောင့် သောင်းပြောင်းထွေလာ ဖေ့ဘွတ်ခ်လောကမှာ ဖောချင်းသောချင်းဖြစ်နေတဲ့ သတင်းအတုတွေကို ချက်ချင်းမတုံ့ပြန်နိုင်တဲ့ အခါမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့်… ဒီတစ်ခါမှာတော့ ဂျင်းသတင်းတွေကို သူငယ်ချင်းတို့ ကိုယ်တိုင်စစ်ဆေး နိုင်အောင်လို့ News Literacy Project က နာမည်ကျော် သတင်းစာဆရာ၊ ဓာတ်ပုံဆရာ Damaso Reyes ရဲ့ “သတင်းတုတွေကို အမိဖမ်းဖို့ နည်းလမ်းငါးသွယ်” သင်ခန်းစာကို မျှဝေပေးလိုက်ပါတယ်။

Damaso ရဲ့ သင်ခန်းစာမှာတော့ ပြည်ပသတင်းတွေကို အခြေပြုသင်ကြားထားပေမယ့် သူငယ်ချင်းတို့ နားလည်လွယ်အောင် တွေးပြီးမှယုံက အောက်မှာ မြန်မာနိုင်ငံက သတင်းတုတွေကို ဥပမာပေး ဖော်ပြလိုက်ပါတယ်။

(၁) သတင်းအချက်အလက်တွေက ဘယ်ကလာသလဲ။

သတင်းတုတော်တော်များများကို ထုတ်လွှင့်တဲ့ website တွေ၊ facebook page တွေဟာ သူငယ်ချင်းတို့ ရင်းနှီးပြီးသားဖြစ်နေတဲ့ သတင်းဌာနတွေ၊ သတင်းဝက်ဘ်ဆိုဒ်တွေရဲ့ နာမည်နဲ့ ဆင်တူယိုးမှားနာမည်တွေ မှည့်ထားလေ့ရှိကြပါတယ်။ ဥပမာ – ရန်ကုန်တိုင်း အစိုးရရဲ့ သတင်းကို တင်တဲ့ Facebook Page ဟာ VOM ဖြစ်ပြီး သူငယ်ချင်းတို့ ရင်းနှီးပြီးသား ဖြစ်တဲ့ VOA (Voice of America) သတင်းဌာနနဲ့ ဆင်တူယိုးမှား နာမည်မှည့်ထားတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် တရားဝင်သတင်းဌာနတွေဖြစ်တဲ့ Eleven Media Group, 7Day News Journal, The Voice တို့ရဲ့ Facebook Page တွေရဲ့ နာမည်မှည့်ထားပြီး အတုလုပ်ထားတဲ့ page တွေကိုလည်း တွေ့နိုင်ပါတယ်။ ဒီ page တွေက တင်တဲ့သတင်းတွေကို မယုံမိဖို့လိုပြီး Facebook က တရားဝင်အသိအမှတ်ပြုတဲ့ သတင်းဌာနတွေဆိုရင် ဘေးမှာ အပြာရောင်အမှန်ခြစ်ပါတယ်ဆိုတာ သတိထားပေးဖို့လိုပါတယ်။

(၂) သတင်းခေါင်းစဉ်ဟာ အစွန်းရောက်လွန်းနေလား။

သတင်းတစ်ခုကို ဖတ်ရင် သတင်းရဲ့ ခေါင်းစဉ်ဟာ အစွန်းရောက်လွန်းနေလားဆိုတာကို အရင်တွေးရပါမယ်။ သတင်းတစ်ခုဟာ သူငယ်ချင်းတို့အတွက် ရယ်စရာအရမ်းကောင်းနေလား၊ စိတ်ဆိုးဒေါသထွက်စရာ အရမ်းကောင်းနေလား၊ ဝမ်းနည်းစရာ အရမ်းကောင်းနေလား၊ အံ့သြစရာကောင်းလွန်းနေလား ဆိုတာကို အစွန်းရောက်တယ်လို့ သတ်မှတ်ပါတယ်။ တစ်နည်းအားဖြင့် အနီရောင်အဆင့် သတင်းတွေ (Red Alert )လို့ သတ်မှတ်ပါတယ်။ ဥပမာ-ဒီပုံမှာဖော်ပြထားတဲ့ သတင်းတုမျိုးတွေပါ။ သူငယ်ချင်းတို့ ဒီလိုသတင်းမျိုးတွေကို မယုံကြည်မိဖို့လိုပါတယ်။

Untitled design

(၃) ဘယ်သူရေးတဲ့ သတင်းလဲ (သတင်းရေးသူ)။

သတင်းတစ်ပုဒ်ကို သတင်းဌာနတွေရဲ့ ဝက်ဘ်ဆိုဒ်တွေမှာ ဖော်ပြရင် သတင်းရေးသူရဲ့ ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်ကိုပါ ဖော်ပြလေ့ရှိပါတယ်။ သတင်းရေးသူကို ဒီလိုဖော်ပြတာဟာ သတင်းရေးသူသတင်းထောက်ရဲ့ရေးသားထားတဲ့ တခြားသတင်းတွေကိုပါ သိနိုင်တဲ့ အတွက်ကြောင့် ဒီသတင်းဟာလည်း အစစ်အမှန်သတင်းတစ်ပုဒ်ဖြစ်ကြောင်း ယုံကြည်လို့ရပါပြီ။ သတင်းတုဖန်တီးဖြန့်ဝေတဲ့ page တွေ၊ website တွေ၊ blog တွေမှာတော့ သတင်းရေးသူကို လုံးဝမဖော်ပြထားပါဘူး။ ဒါပေမယ့်… မြန်မာနိုင်ငံမှာတော့ တရားဝင်သတင်းဌာနတွေရဲ့ website တွေမှာ သတင်းထောက်ရဲ့ ဓာတ်ပုံ၊ ကိုယ်ရေးအချက်အလက်ကိုပဲ ဖော်ပြထားတဲ့သတင်းဌာန website နည်းနေပါသေးတယ်။ နာမည်ကိုတော့ ဖော်ပြလေ့ရှိကြပြီး ဓာတ်ပုံနဲ့ ကိုယ်ရေးအချက်အလက်မဟုတ်ပေမယ့် တရားဝင်သတင်းဌာနတွေ ဖြစ်တဲ့အတွက်ကြောင့် သတင်းအစစ်ဖြစ်ကြောင်း ယုံကြည်လို့ရပါတယ်။ ထပ်မံတိုက်ဆိုင်စစ်ဆေး ချင်ရင်တော့ ဖော်ပြထားတဲ့ သတင်းထောက်ရဲ့ နာမည်ကို Google မှာ Search လုပ်ကြည့်လို့ ရပါတယ်။ ဒါဆိုရင် သူရေးသားခဲ့တဲ့ သတင်းတွေ တော်တော်များများ ထွက်ပေါ်လာပါလိမ့်မယ်။

(၄) သတင်းရဲ့ ရင်းမြစ်က ဘာလဲ။

သတင်းတစ်ပုဒ်ကို ရေးသားရာမှာ သတင်းရင်းမြစ်ကို ဖော်ပြရပါတယ်။ သတင်းထောက်တွေဟာ မိမိတို့ ဖော်ပြတဲ့သတင်းကို အကြောင်းအချက်အလက် ခိုင်မာမှန်ကန်ကြောင်း အထောက်အထားပြဖို့ သတင်းရင်းမြစ်ကိုပါ သတင်းထဲမှာ ဖော်ပြရပါတယ်။ တချို့သတင်းတွေမှာဆိုရင် အကြောင်းအချက်အလက်နဲ့ သက်သေခိုင်လုံစေဖို့ သတင်းရင်းမြစ် သုံးလေးခုအထိ ဖော်ပြလေ့ရှိပါတယ်။ အထူးသဖြင့် ဝေဖန်ရေးသားတဲ့ သတင်းတွေ၊ ဆောင်းပါးတွေဆိုရင် ဒီလိုသတင်းရင်းမြစ် သုံးလေးခုအထိ သတင်းထဲမှာ ဖော်ပြလေ့ရှိပါတယ်။ ဒါပေမယ့် သတင်းတုတွေကတော့ သူတို့ ဇောင်းပေးဖော်ပြချင်တဲ့ ဝါဒဖြန့်အကြောင်းအရာကိုသာ ရေးလေ့ရှိပြီး ယုံကြည်ကိုးစားရတဲ့ သတင်းရင်းမြစ် သုံးလေးခုလည်းပါလေ့ မရှိပါဘူး။

(၅) ဓာတ်ပုံအတုတွေကို ဘယ်လိုစစ်ဆေးမလဲ။

သတင်းတုတစ်ခုမှာ အမြဲတမ်း ဒီသတင်းတုကို ခိုင်မာစေချင်တယ်၊ လူတွေ ယုံကြည်စေချင်တဲ့အတွက်ကြောင့် သတင်းတုဖန်တီးသူတွေဟာ အနည်းဆုံး ဓာတ်ပုံတစ်ပုံကိုပါ ပူးတွဲတင်လေ့ရှိပါတယ်။ တစ်ခါတစ်ရံမှာတော့ သုံးပုံ၊ လေးပုံ လောက်အထိ တွဲတင်လေ့ရှိပါတယ်။ ဒါပေမယ့် ဒီဓာတ်ပုံတွေကိုပဲ Google Image Search မှာ တိုက်ဆိုင်စစ်ဆေးပြီး သတင်းအတုလား၊ အစစ်လားဆိုတာကို စစ်ဆေးလို့ရပါတယ်။ တိုက်ဆိုင်စစ်ဆေးလိုက်ရင် ဒီဓာတ်ပုံဟာ အရင်က ဘယ်သတင်းအကြောင်းအရာမှာ တင်ထားသလဲဆိုတာ သိနိုင်ပါတယ်။ ဒါဆိုရင် ဒီသတင်းဟာ အတုလား၊ အစစ်လား ကွဲကွဲပြားပြား သိနိုင်ပါပြီ။

သူငယ်ချင်းတို့ရေ…. Facebook မှာနဲ့ Website တွေပေါ်မှာ သတင်းတုတွေက နေ့စဉ်နဲ့အမျှ များပြားနေလို့
အခု အချက်ငါးချက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီး၊ အတုလားအစစ်လားခွဲခြားပြီးမှ သူငယ်ချင်းတို့ အချင်းချင်းမျှဝေကြ၊ ဆွေးနွေးကြဖို့ တွေးပြီးမှယုံက အကြံပြုလိုက်ပါတယ်။

ကဲ သတင်းစာဆရာ Damaso Reyes ကိုယ်တိုင်သင်ပေးတဲ့ မူရင်း ဗီဒီယိုကိုလည်း အောက်မှာ ဖော်ပြပေးထားပါတယ် သူငယ်ချင်းတို့ရေ။

%d bloggers like this: