Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဦးမျိုးရန်နောင်သိမ်းကို ကာမလိမ်လည်ရယူတယ်ဆိုပြီး ဖော်ပြထားတဲ့ သတင်းအတု
နိုင်ငံရေး

ဦးမျိုးရန်နောင်သိမ်းကို ကာမလိမ်လည်ရယူတယ်ဆိုပြီး ဖော်ပြထားတဲ့ သတင်းအတု

သူငယ်ချင်းတို့ရေ….

သတင်းအတုတွေက မရပ်မနားပျံ့နှံ့လို့နေပါတယ်။ ဒီတစ်ခါမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းကို ကာမလိမ်လည်ရယူတယ်ဆိုပြီး ဖော်ပြထားတဲ့ သတင်းတုတစ်ပုဒ်အကြောင်းကို တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။

Untitled design (12)

(၁) အောက်တိုဘာ ၂၉ရက် ညနေပိုင်းက တင်တဲ့ ဒီသတင်းအတုမှာ NLD ပါတီ ဗဟိုသုတေသနအဖွဲ့အတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက ကာမလိမ်လည်ရယူတယ်လို့ဖော်ပြထားပြီး အမျိုးသမီးတစ်ဦးရဲ့ပုံကိုပါ ဖော်ပြထားပါတယ်။ ဒါပေမယ့် တွေးပြီးမှယုံက တိုက်ဆိုင်စစ်ဆေးလိုက်တဲ့အခါ အဲဒီအမျိုးသမီးရဲ့ဓာတ်ပုံဟာ ဖိလစ်ပိုင်သတင်းတစ်ပုဒ်က သတင်းဓာတ်ပုံသာလျှင်ဖြစ်ကြောင်းတွေ့ရှိရပါတယ်။(တွေးပြီးမှယုံက ဒီသတင်းတုအကြောင်းရေးနေစဉ် အတောအတွင်းမှာတင် facebook က ဒီသတင်းတုကို ဖယ်ရှားလိုက်တာကိုတွေ့ရပါတယ်)

Untitled design (10)

(၂) လွန်ခဲ့တဲ့သုံးရက်လောက်က ဦးမျိုးရန်နောင်သိမ်းဟာ NLD အစိုးရကို ပြိုလဲအောင်စနစ်တကျလုပ်ဆောင်နေတဲ့
လူ ၃၀၀၀ လောက်ရှိတဲ့အင်အားကြီးအဖွဲ့တစ်ဖွဲ့ရှိတယ်လို့ တရားဝင်သတင်းဌာနအချို့မှာ ပြောကြားထားတာရှိပြီး ဒီပြောစကားကိုအခြေပြုထားတဲ့သတင်းတွေရဲ့နောက်မှာ ဦးမျိုးရန်နောင်သိမ်းကို ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အခုလိုသတင်းတုတွေပေါ်ပေါက်လာတာလို့လည်း တွေးပြီးမှယုံကသုံးသပ်ပါတယ်။
သူငယ်ချင်းတို့ရေ..
သတင်းအတုတွေဟာ သတင်းအစစ်တွေရဲ့ ခေါင်းစဉ်၊ စာကိုယ်နဲ့အကြောင်းအရာအချို့ကို မှီခိုပြီး သတင်းအတုပြုလုပ်ချင်သူတွေ ဝါဒဖြန့်ချင်တဲ့ အကြောင်းအရာ(သို့)ပြောစကားတွေကိုထည့်ကာ လူတွေကို ဂျင်းထည့်တတ်တဲ့အကြောင်း တွေးပြီးမှယုံက သတိပေးခဲ့ပြီးပါပြီ။ ဒီတစ်ခါတော့ သတင်းအစစ်တွေကို မကျေနပ်လို့ တုံ့ပြန်တဲ့သတင်းအနေနဲ့လည်း သူငယ်ချင်းတို့ကို အယုံသွင်းတာမျိုးတွေလုပ်လေ့ရှိတယ်ဆိုတာ သတိထားပေးဖို့လိုပါတယ်။ ဒီလိုသတင်းမျိုးတွေကို လွယ်လွယ်ကူကူပဲ မယုံကြည်မိဖို့လိုပြီး တိုက်ဆိုင်စစ်ဆေးတာတွေ၊ ရှေ့ကသတင်းနဲ့ နောက်ကသတင်းဆက်စပ်ပြီးစဉ်းစားတွေးခေါ်တာတွေလုပ်ပေးဖို့လိုပါတယ်။ ဒါပေမယ့်.. သူငယ်ချင်းတို့ရဲ့ နေ့စဉ်လူနေမှုဘ၀ စားဝတ်နေရေးတွေကလည်းရှိတာကြောင့် ဒီကိစ္စမျိုးတွေနဲ့ခေါင်းခြောက်မခံချင်ရင်တော့ မသင်္ကာစရာသတင်းတွေတွေ့ရင် တွေးပြီးမှယုံကို Link ပေးပို့စစ်ဆေးပေးလို့ရပါတယ်။

%d bloggers like this: