Home>>ဆောင်းပါး>>နာဇီယူနီဖောင်းနဲ့ မာ့(ခ)ဇူကာဘတ်ရဲ့ ဓါတ်ပုံအတုကို ဖေ့(စ)ဘုတ် ဘယ်လို ကိုင်တွယ်ရပါ့မလဲ
ဆောင်းပါး

နာဇီယူနီဖောင်းနဲ့ မာ့(ခ)ဇူကာဘတ်ရဲ့ ဓါတ်ပုံအတုကို ဖေ့(စ)ဘုတ် ဘယ်လို ကိုင်တွယ်ရပါ့မလဲ

သူ့ပလက်ဖောင်းပေါ်က အကြောင်းအရာတွေကို ဘယ်လိုထိန်းသိမ်းဖို့ ကြိုးပမ်းရာမှာ မသေချာမရေရာတဲ့အထဲမှက ဖေ့(စ)ဘုတ်ဟာ လွတ်လပ်စွာပြောဆိုခွင့်ကို ကန့်သတ်တာမျိုး မဖြစ်ရေးနဲ့ ကြိုတင်ကာကွယ်ရေးဆိုတဲ့ အရာနှစ်ခုကြားမှာ ရွေးချယ်စရာကို မကြုံစဖူး အခက်တွေ့နေပါတယ်။

၂၀၁၇ ဒီဇင်ဘာ ၂၀ တုန်းက  BuzzFeed မှာ သတင်းထောက် အလက်(စ) ကန်ထရိုစစ်(ဇ) ရေးသားထားတဲ့ ဆောင်းပါးကို ဆီလျော်အောင် ဘာသာပြန်ဆိုထားတာ ဖြစ်ပါတယ်။

၂၀၁၇ အစောပိုင်းတုန်းက မာ့(ခ)ဇူကာဘတ်ရဲ့ နာမည်ကို ဖေ့စ်ဘုတ် search မှာ ရိုးရိုးလေးရှာလိုက်ရင်တော့ မထင်မှတ်ထားတဲ့ ရလဒ်တစ်ခုကို ရှာတွေ့မှာပါ။ အဲ့ဒါကတော့ နာဇီယူနီဖောင်းဝတ်ထားတဲ့ ဖေ့စ်ဘုတ် တည်တောင်သူရဲ့ ပုံတစ်ပုံ သူ့ရဲ့တခြားဓါတ်ပုံတွေရဲ့ ထိပ်မှာ ပေါ်လာတာပါ။ မှန်ကန်ကြောင်း အမှန်ခြစ်အပြာလေးနဲ့ အတည်ပြုပြီးသား သူ့ပရိုဖိုင်ရဲ့ အောက်တည့်တည့်မှာပေါ့။ အဲဒီ ဖိုတိုရှော့လုပ်ထားတဲ့ ပုံကြောင့် ဖေ့စ်ဘုတ်ဟာ ဆုံးဖြတ်ရကျပ်တဲ့ ရွေးချယ်မှုနှစ်ခုထဲက တစ်ခုကို ရွေးချယ်ရမယ့် ကိန်းဆိုက်သွားပါတယ်။ ဒီလှုံ့ဆော်နေတဲ့ပုံကို ဖေ့စ်ဘုတ်ပေါ်ကနေ ဖျက်ပစ်ပြီး ဆင်ဆာလုပ်တယ်လို့ အစွပ်စွဲခံမလား။ ဒါမှမဟုတ် သူရဲ့ အမှုဆောင်အရာရှိချုပ် (CEO)ရဲ့ နာဇီယူနီဖောင်းနဲ့ပုံကို လိုလိုလားလား ဆက်ထားပေးမလား။

ဘယ်ဟာရွေးရွေး ဖေ့စ်ဘုတ်အတွက်တော့ စိတ်မသက်သာစရာချည်းပါ။ ဒါပေမဲ့ ဒီလိုအဖြစ်မျိုးကြုံရတာက မရှားပါးပါဘူး။ ကုမ္ပဏီအနေနဲ့ တချို့ အကြောင်းအရာတွေကကို ထိန်းချုပ်ရာမှာ ရှင်းလင်းပြတ်သားတဲ့ အကြောင်းပြချက်မျိုး ထားထားနိုင်ပေမဲ့ — ဥပမာ ကလေးညစ်ညမ်းမှုတွေ လုံးဝ ဖယ်ရှားပစ်တာ — သူရင်ဆိုင်ရတဲ့ ပြဿနာအတော်များများကတော့ ဇူကာဘတ်နာဇီဓါတ်ပုံအတု ပြဿနာလို လွယ်လွယ်ကူကူ ဆုံးဖြတ်လို့ မရနိုင်တဲ့ အဖြေတွေနဲ့ ဗျာများစရာ အကျိုးဆက်တွေ ဖြစ်လာနိုင်ဘွယ်ရှိတဲ့ အခြေအနေကြားမှာ ဘေးကျပ်နံကျပ် ဖြစ်စရာတွေပါ။

sub-buzz-29616-1513648077-1

ဒီခက်ခဲတဲ့ရွေးချယ်မှုတွေနဲ့ ဖေ့စ်ဘုတ်ရဲ့ ဒါတွေအပေါ် ချဉ်းကပ်ကိုင်ကွယ်ခဲ့တဲ့ အတွေးအခေါ်က အခုအခါမှာ တစ်စထက်တစ်စ အရေးပါလာနေတယ်။ ကုမ္ပဏီအနေနဲ့ သူ့ရဲ့အကြောင်းအရာထိန်းချုပ် ရေးအားထုတ်မှုတွေကို မကြုံစဖူးမြှင့်တင်ရမယ့် အနေအထားတစ်ခုထဲကို ရောက်နေပါတယ်။ အကြမ်းဖက်မှုကို ဖြစ်စေတဲ့ အကြောင်းအရာတွေ၊ သတင်းအတုတွေနဲ့ အမေရိကန်ရွေးကောက်ပွဲအတွင်း စိတ်ဝမ်းကွဲမှုဖြစ်စေဖို့ ပြင်ပက ဖေ့စ်ဘုတ်မှတဆင့် ဝင်ရောက်နှောင့်ယှက်မှုတွေကို ကုမ္ပဏီက ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ လူထုရဲ့ ပြင်းပြင်းထန်ထန် အသေးစိတ်စိစစ်မှုလုပ်လာတာကို ခံရလာတော့အခါ အသုံးပြုသူ ၂ ဘီလျံရှိတဲ့ ဒီအင်တာနက် စင်္ကြန်ပေါ်မှာ အကြောင်းအရာ စိစစ်ထိန်းသိမ်းသူ နောက်ထပ် ၄,၀၀၀ လောက်ကို ငှားရမ်းလုပ်ကိုင်ခိုင်းရမယ့် ဖြစ်စဉ်ကိုရောက်နေပါတော့တယ်။ အခုတော့ ဖေ့စ်ဘုတ်ရဲ့ အကြောင်းအရာ စိစစ်ထိန်းသိမ်းရေးသမားတွေဟာ ပြတ်ပြတ်သားသားမရှိတဲ့ အပိုင်းအခြားထဲမှာ ရောက်နေတဲ့ အကြောင်း အရာတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေအပေါ်မူတည်ပြီး ကုမ္ပဏီရဲ့တန်ဖိုးကို ဆောင်ကျဉ်းပေးကြရတော့မှာ ဖြစ်ပါတယ်။ ဒီအချက်ဟာ ကုမ္ပဏီကို ပိုကောင်းအောင်လုပ်ဖို့ လိုအပ်ချက်ကို ဆွေးနွေးရာမှာ မကြာခဏဆိုသလို ပျောက်ပျောက် နေတတ်ပါတယ်။

တစ်စထက်တစ်စကြားဝင်စွက်ဖက်လာတတ်တဲ့ ဖေ့စ်ဘုတ်အတွက် အခုအခါမှာ ခက်ခဲတဲ့ အပိုင်းကို ရောက်လာပါပြီ။ သူ့ရဲ့ ကျယ်ပြန့်လှတဲ့ စင်္ကြန်ကြီးပေါ်မှာ ရှိနေတဲ့ လူမျိုးခွဲခြားရေးဝါဒ အကြောင်းအရာတွေနဲ့ အမုန်းစကားတွေ၊ သတင်းအမှားဖြန့်ချိမှုတွေနဲ့ ဝါဒဖြန့်ချိရေးတွေကအစ မာ့(ခ)ဇူကာဘတ်တစ်ယောက်ကို နာဇီဝတ်စုံနဲ့ ဖိုတိုရှော့ လုပ်ထားတာအဆုံး အစရှိတဲ့ အခက်ခဲဆုံး အကြောင်းအရာတွေကို ကိုယ်တွယ်ဖို့ ဘယ်လို ငြင်းခုံ ဖြေရှင်းရပါ့မလဲ။

“တကယ်တော့ တစ်ကမ္ဘာလုံးမှာ လူတွေက မတူခြားနား ထွေပြားစုံလင်လှပါတယ်။ ကမ္ဘာတစ်ဝှမ်းက လူတွေအနေနဲ့ အွန်လိုင်းပေါ်မှာ ဘာကို ဝေမျှရင် သင့်လျော်မလဲ၊ ဘ​ယ်နေရာကျရန် စည်းမျှဉ်းတွေကို သတ်မှန်ထားရမလဲဆိုတာနဲ့ ပတ်သက်ပြီး မတူကွဲပြားတဲ့ အမြင်ရှိကြတာပဲ”လို့ ဖေ့စ်ဘုတ်ရဲ့ မူဝါဒအကြီးအကဲ မော်နီကာ ဘစ်ကတ် (Monika Bickert) က Buzzfeed သတင်းဌာနကို ပြောပါတယ်။

ဖေ့စ်ဘုတ်ရင်ဆိုင်နေရတဲ့ ရှုတ်ထွေးတဲ့ ပြဿနာအများအပြားထဲက လက်ပေါက်အကတ်ဆုံးကိစ္စ တချို့ကတော့ ၂၀၁၆ သမ္မတရွေးကောက်ပွဲကာလအတွင်း ဖေ့စ်ဘုတ် (Facebook)၊ Google နဲ့ တွစ်တာ (Twitter) တို့ရဲ့ ပလက်ဖောင်းတွေကတဆင့် ရုရှားရဲ့ ကြိုးကိုင်ချယ်လှယ်ခဲ့မှုအပေါ် ဝါရှင်တန်က ကွန်ဂရက်လွှတ်တော်ထဲမှာ နိုဝင်ဘာလမှာ ကြားနာတုန်း ထွက်ပေါ်လာခဲ့တာ ဖြစ်တယ်။ ဥပဒေပြုအမတ်တွေရဲ့ အပြင်းအထန်ဖိမေး ဖိပြောလုပ်မှုတွေအလယ်မှာ ဒီပလက်ဖောင်းတွေရဲ့ အကျိုးဆောင်ရှေ့နေတွေဟာ ပိုကောင်းအောင်လုပ်ပါ့မယ်လို့ အထပ်ထပ် ကတိပေးခဲ့ကြရပါတယ်။

ဒါပေမဲ့ ဒီကတိနဲ့ ပတ်သက်လို့ ဖေ့စ်ဘုတ်က ဘယ်လိုလုပ်ပေးသင့်သလဲဆိုတာကတော့ အဓိက မေးစရာအနေနဲ့ ကျန်နေပါသေးတယ်။ “လွယ်လွယ်ကူကူအဖြေတွေ့ရှိမှာမဟုတ်တဲ့ ဘေးကြပ်နံကြပ်အခြေ အနေတွေကတော့ မရေမတွက်နိုင်အောင်များလာပါလိမ့်မယ်”လို့ အောက်လွှတ်တော်ထောက်လှမ်းရေး ကော်မတီရဲ့ အကြီးတန်းအဖွဲ့ဝင် ရီပတ်ဘလီကန်အမတ် အဒမ်(မ)ရှစ်(ဖ)က ကြားနားမှုတွေအပြီးမှာ Buzzfeed News သတင်းဌာနကို ပြောပါတယ်။ “ရုရှားတယ်လီဗီရှင်းကွန်ရက် (RT) အဖွဲ့မျိုးနဲ့ ဆိုရင်တောင် မေးခွန်းတွေက ဖြေဖို့ခက်ခဲမှာပါ” လို့ သူကဆိုပါတယ်။

RT ကို အမေရိကန် ထောက်လှမ်းရေးအသိုင်းအဝိုင်းက “ကရင်မလင် (Kremlin) ရဲ့ အဓိက နိုင်ငံတကာ ဝါဒဖြန့်ချိရေး ထွက်ပေါက်”လို့ ခေါ်ကြတယ်။ ၂၀၁၆ ရွေးကောက်ပွဲကို အဖျက်အနှောင့်လုပ်ဖို့ ရုရှားရဲ့ အားထုတ်မှုတွေကို အထောက်အကူပြုခဲ့သလိုဖြစ်သွားတဲ့အတွက် ကွန်ဂရက်ရဲ့ ကြိမ်းမောင်းမှုကို ခံခဲ့ရတဲ့ ဖေ့စ်ဘုတ်အတွက်ကတော့ ဒါဟာ မျောက်မီးခဲကိုင်မိသလိုပါပဲ။ ဖေ့စ်ဘုတ်အနေနဲ့ သူ့ပလက်ဖောင်း ပြန့်နှံ့နေတဲ့ RT ရဲ့အကြောင်းအရာတွေကို ကန့်သတ်ပစ်နိုင်တဲ့ပါဝါ ရှိပါတယ်။ ဒါပေမဲ့ ဒီလိုလုပ်ဖို့ဆုံးဖြတ်ခြင်းအားဖြင့် ဝရုန်းသုန်းကား ဖြစ်သွားနိုင်ပါတယ်။ RT ရဲ့ အကြောင်းအရာတွေကို သူ့ကွန်ရက်ထဲပေါ်မှာ လွတ်လွတ်လပ်လပ် လှည့်လည်ခွင့်ပေးခြင်းအားဖြင့်လည့် ဖေ့စ်ဘုတ်ကို ထိရောက်တဲ့ ဝါဒဖြန့်ယန္တရားတခုအဖြစ် ပြောင်းလဲလိုက်သလိုပါပဲ။ ဒါပေမဲ့ RT ကို နှုတ်ဆိတ်အောင်လုပ်လိုက်ရင်လည်း လူထုဆွေးနွေးမှုတွေ လွတ်လပ်စွာပေါ်ပေါက်လာအောင် အကြီးအကျယ် လက်ခံပေးနေတဲ့ ဖေ့စ်ဘုတ်လို ပလက်ဖောင်းပေါ်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ထိုးနှက်လိုက်တာမျိုးစတဲ့ အကျိုးဆက်တွေ ဖြစ်နိုင်တာပါပဲ။

ဒက်ထရွိုက် မာစီလောတက္ကသိုလ်မှာ ပထမပြင်ဆင်ချက် (First Amendment) ကို လေ့လာနေတဲ့ တွဲဖက်ပါမောက္ခ ကိုင်းလ် လင်းဗတ် (Kyle Langvardt) က ဖေ့စ်ဘုတ်လို ပလက်ဖောင်းကနေ နိုင်ငံရေးအကြောင်းအရာတွေ ဖယ်ရှားပစ်ခြင်းရဲ့ အန္တရာယ်ကို သတိပေးစကားပြောခဲ့ပါတယ်။ “ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေဟာ ဘယ်လိုဟာတွေကို ဆင်ဆာလုပ်ရမယ်၊ မလုပ်ရဘူးဆိုတာကို အဆုံးအဖြတ်ပေးနေကြပြီး ပြည်သူ့စက်ဝန်းအတွင်းမှာ လူတွေဆွေးနွေးနိုင်ခွင့်ကို ပိုပိုပြီး ထိန်းချုပ်လာနေကြတယ် ဆိုရင် အခြေခံအားဖြင့် ကျနော်တို့မှာ အစိုးရအနေနဲ့လုပ်ရင် ဘယ်တော့မှလက်ခံမဟုတ်တဲ့ ကိစ္စတစ်ခုကို ပုဂ္ဂလိကကုမ္ပဏီတွေက လုပ်နေတဲ့အဖြစ်မျိုး ဖြစ်လာမှာပါ” လို့ သူက ဆိုပါတယ်။

“ဒီကုမ္ပဏီတွေဟာ အစိုးရမဟုတ်ဘူးဆိုတဲ့ အချက်ကနေ သူတို့လုပ်နေကြတာကို ပိုလို့တောင်စိုးရိမ်စရာကောင်းတာတွေ ပဲဆိုတဲ့အချက်ကို ပေါ်ပေါက်လာစေတယ်”

လင်းဗတ်ပြောသလိုပဲ နိုင်ငံရေးစကားတွေကို ဖေ့စ်ဘုတ်ရဲ့ ထိန်းချုပ်မှုကနေ ပေါ်ထွက်လာနိုင်တဲ့ ပြဿနာတွေဟာ တကယ့်ကို စိတ်ပျက်စရာဖြစ်မှာပါ။ သူ့ပလက်ဖောင်းကို တစ်လ တစ်လ လူ ၂.၀၇ ဘီလျံ က အသုံးပြုနေကြပြီး သူ့ရဲ့ News Feed ဟာ အမေရိကန်နိုင်ငံသူနိုင်ငံသား ၄၅% လောက်က သူတို့သတင်းတွေရရှိကြတယ်လို့ပြောကြတဲ့ မြို့ရင်ပြင်တစ်ခုလုံးလျား ဖြစ်လာပါတယ်။ Pew Reseach Center ရဲ့အဆိုအရ အမေရိကန်နိုင်ငံသူနိုင်ငံသား တွေရဲ့ပြောကြားချက်ပါ။

အကြောင်းအရာတွေကိုဖယ်ရှားပစ်နိုင်တဲ့ ဖေ့စ်ဘုတ်ရဲ့ပါဝါနဲ့ပက်သက်လို့ စောင့်ကြည့်နိုင်မယ့် အရာအချို့ကိုလိုအပ်နေပါတယ်။ ဘယ်အကြောင်းအရာ၊ ဘယ်လောက် ဖယ်ရှားပစ်လိုက်ဆိုတဲ့ မှတ်တမ်း အစီရင်ခံစာတွေကို ပွင့်ပွင့်လင်းလင်း ချပြတာမျိုးမရှိတော့ အခြား ပြင်ပ တတိယအဖွဲ့အစည်းတစ်ခုက သူရဲ့ အကြောင်းအရာထိန်းချုပ်ရေး ဆုံးဖြတ်ချက်တွေပေါ် တာဝန်ခံဖို့အတွက် ထောက်ပြတာမျိုးလုပ်ဖို့ မဖြစ်နိုင်ပါဘူး။ “အဘက်ဘက်ကြည့်ရင် ဒီကုမ္ပဏီတွေဟာ အစိုးရပိုင်မဟုတ်ဘူးဆိုတဲ့ အချက်က သူတို့လုပ်တာတွေဟာ ပိုစိုးရိမ်စရာကောင်းပါတယ်” လို့ လင်းဗတ်က ပြောတယ်။ “တကယ်လို့ သူတို့တွေဟာ အစိုးရသာဆိုရင် အနည်းဆုံးတော့ နိုင်ငံရေးလုပ်ငန်းစဉ်အတွက်တော့ တာဝန်ခံရမှာ ဖြစ်ပါတယ်” လို့ သူကဆိုပါတယ်။

ဖေ့စ်ဘုတ်ဟာ အနည်းဆုံးတော့ ပိုပြီးထင်သာမြင်သာရှိတဲ့ လုပ်ဆောင်ချက်တွေကို စိတ်ဝင်စားလာပုံ ရပါတယ်။ ဖေ့စ်ဘုတ်ဟာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုတာကတော့ “ဖေ့စ်ဘုတ်ပေါ်က ပြဿနာရှိတဲ့ အကြောင်းအရာတွေကို တင်းကျပ်တဲ့ နည်းလမ်းတွေနဲ့ ပတ်သက်လို့ ကျနော်တို့အနေနဲ့ ထင်သာမြင်သာပိုရှိချင်ပါတယ်။ အဲ့ဒါနက်ပက်သက်လို့ ရှေ့ဘယ်လို ဆက်သွားရမလဲဆိုတဲ့ နည်းလမ်းတွေကို ကျနော်တို့ ရှာကြည့်နေပါတယ်။”

အခုလက်ရှိမှာတော့ ဖေ့စ်ဘုတ်အနေနဲ့ RT ကို သူ့ပလက်ဖောင်းပေါ်မှာရှိတဲ့ တခြားအကြောင်းအရာတွေနဲ့ယှဥ်ရင် ဘာမှ ကွဲပြားပြီး စီမံတာမျိုးမလုပ်ပါဘူးလို့ ဘစ်ကတ်က ပြောတယ်။ “သူတို့ အစိုးရနဲ့ သူတို့ရဲ့ဆက်ဆံရေးဟာ ကျမတို့ အတွက်တော့ အရည်အချင်းပျက်ယွင်းစေတဲ့အရာတစ်ခု မဟုတ်ပါဘူး”လို့ သူမက ဆိုတယ်။ “တကယ်လို့ ကျမတို့ မူဝါဒတွေကို ချိုးဖောက်တဲ့ အကြောင်းအရာတစ်ခုခု သူတို့တင်မယ်ဆိုရင်တော့ ဒါကို ကျမတို့က ဖယ်ရှားပစ်မှာပါ” လို့လည်း သူမက ပြောပါတယ်။ ဖေ့စ်ဘုတ်ဟာ တွစ်တာလို မဟုတ်ဘဲ RT ကို သူ့ပလက်ဖောင်းပေါ်မှာ ကြော်ငြာခွင့်လည်း ဆက်ပေးထားပါတယ်။ တွစ်တာကတော့ ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲကြော်ငြာ အသေးစိတ် စာရင်းရဲ့ ၁၅ ရာခိုင်နှုန်းကို ဒေါ်လာ ၃ သန်းနဲ့ ကမ်းလှမ်းပြီးနောက်ပိုင်းမှာ သူရဲ့ ကြော်ငြာပလက်ဖောင်းကနေ ဖြန့်ချိရေးသားတာကို တားမြစ်ထားပါတယ်။

ဝါရှင်တန်ဒီစီက နိုဝင်ဘာလကြားနာပွဲတွေမှာ ဆွေးနွေးခဲ့တဲ့ တခြားခေါင်းစဉ်တစ်ခုဖြစ်တဲ့ ‘သတင်းအတု’ တွေဟာ ဖေ့စ်ဘုတ်အတွက် ပိုပြီးတော့တောင် လက်ပေါက်ကတ်မယ့် နယ်ပယ်တစ်ခု ဖြစ်နိုင်စရာ ရှိပါတယ်။ အထူးသဖြင့် သူ့ပလက်ဖောင်းပေါ်မှာ မှားယွင်းတဲ့သတင်းအချက်အလက်တွေဟာ မြန်မာနိုင်ငံရဲ့ ရိုဟင်ဂျာ လူမျိုး ထောင်ပေါင်းများစွာ အသတ်ခံရမှုကို ပံ့ပိုးပေးရာ ရောက်နိုင်တယ်လို့ ဝေဖန်ရေးသမားတွေက စွပ်စွဲ ပြောဆိုခဲ့ကြတဲ့ အခုလို အချိန်မျိုးမှာပေါ့။ အဖြစ်အပျက်တွေအကြာင်း သတင်းပေးပို့ချက်တွေ တက်လာတဲ့အခါမှာ မျိုးတုံးသတ်ဖြတ်မှုကို ပံ့ပိုးပေးနေတာပဲလို့ လူတွေက ဖေ့စ်ဘုတ်ကို စွပ်စွဲကြတယ်။ တချို့ကဆို ဒီပြဿနာကို ကိုင်တွယ်ဖို့ အရေးပေါ်အဖွဲ့တွေ ဖွဲ့စည်းတည်ဆောင်ပေးဖို့ ကုမ္ပဏီကို တောင်းဆိုကြတယ်။ ဒါပေမဲ့ ဒီနေရာမှာလည်း သင့်တင့်တဲ့ ဖြေရှင်းနည်းတစ်ခုကို ချက်ချင်း ထင်ထင်ရှားရှား တွေ့နိုင်ဖို့ ခက်ခဲပါတယ်။ တကယ်လို့သာ ဖေ့စ်ဘုတ်အနေနဲ့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ မှားယွင်းတဲ့အကြောင်းအရာကို ဖယ်ထုတ်ပစ်ဖို့ အရေးပေါ်အဖွဲ့တစ်ခု ဖွဲ့စည်းခဲ့မယ်ဆိုရင် သူ့ ဌာနချုပ်ကနေ မိုင်ထောင်ချီအဝေးက ပဋိပက္ခတစ်ရပ်ကို ဗြောင်စီရင်ချက်ချတာတွေ ပြုလုပ်နေသလိုမျိုး ဖြစ်နေမှာပါ။ တကယ်လည်း ဖေ့စ်ဘုတ်က နောက်ဆုံးမှာ အရေးယူဆောင်ရွက်မှုလုပ်ပြီး ရိုဟင်ဂျာကျေးရွာတွေက စစ်တပ်ရဲ့ လှုပ်ရှားမှုကို မှတ်တမ်းတင်ထားတဲ့ ပို့စ်တချို့ကို ဖယ်ရှားပစ်လိုက်တဲ့အခါမှာ လူမျိုးရေးသုတ်သင်ရှင်းလင်းမှုတစ်ခုရဲ့ သက်သေသက္ကာယတွေကို ဖယ်ရှားဖျက်ဆီးတာပဲလို့ ရိုဟင်ဂျာရေးရာ တက်ကြွလှုပ်ရှားသူတွေက စွပ်စွဲကြပြန်တယ်။

တွေးတောကြည့်မယ်ဆိုရင်တော့ ဖေ့စ်ဘုတ်ဟာ မှားယွင်းတဲ့အကြောင်းအရာကို အထူးဖယ်ရှားလိုစိတ် မရှိပါဘူး။ ပုဂ္ဂလိက ကုမ္ပဏီတခုကို တစ်စုံတစ်ယောက်ကမှ အမှန်တရားစီရင်သူဖြစ်စေချင် လိမ့်မယ်လို့ ကျမ မထင်ပါဘူးလို့ ဘစ်ကတ်က ပြောပါတယ်။ “ဖေ့စ်ဘုတ်ကို လူတွေသုံးကြတာက တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ချင်လို့ပဲလေ။ သူတို့ မြင်တဲ့အကြောင်းအရာဟာ သူတို့ရွေးချယ်မှုရဲ့ ရလာဒ်ပဲပေါ့။ ကျွန်မတို့က လူတွေကို ဘေးကင်းအောင် ပြုလုပ်တာ သေချာစေဖို့ လမ်းညွှန်ချက်တွေ ရေးထားပါတယ်။ ကျမတို့အနေနဲ့ ကျမတို့ရဲ့ အသိုင်းအဝန်းကို သူတို့ထိတွေ့ဆက်ဆံနေတဲ့ အကြောင်းအရာအပေါ် သူတို့ဘာသာ ဆုံးဖြတ်စေချင်တာပါ”လို့ သူက ဆိုပါတယ်။ မကြာသေးခင်က ဖေ့စ်ဘုတ်ဟာ သတင်းအတု ဖြန့်ဖြူးမှုကို ကန့်သတ်တဲ့ ထုတ်ကုန်တချို့ကို ချပြမိတ်ဆက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အစောပိုင်းရလဒ်တွေ ကတော့ မပြည့်စုံသေးပါဘူး။

“တစ်စုံတစ်ယောက်အနေနဲ့ ပုဂ္ဂလိက ကုမ္ပဏီတခုကို အမှန်တရားအပေါ်အဆုံးအဖြတ်ပေးသူဖြစ်စေချင်မယ်လို့ ကျမမထင်ပါဘူး”

ရှင်းလင်းပြတ်သားတဲ့ လမ်းညွှန်ချက်တွေရှိတာတောင်မှ အကြောင်းအရာထိန်းသိမ်းတာက ပရမ်းပတာဖြစ်နိုင်ပါသေးတယ်။ ဖေ့စ်ဘုတ်လို ပလက်ဖောင်းတစ်ခုက လျှို့ဝှက်စကားတွေသုံးပြီး ထိပါးနှောင့်ယှက်တာတွေကို ဘယ်လိုလုပ် ထိန်းသိမ်းကြပ်မတ်မှာလဲ။ ပညာရေးနဲ့ သမိုင်းကောက်ပြီးမှ နားလည်နိုင်မယ့် လူမျိုးရေးအရ မဟုတ်တရားစွပ်စွဲ ပြောဆိုချက်တွေကို ဘယ်လို ကိုင်တွယ်ထိန်းသိမ်းမှာလဲ။ သရော်စာလိုလုပ်ပြီး ဝေမျှထားတဲ့ နာဇီစကြာသင်္ကတ ဘယ်လိုမလဲ။ ပြီးတော့ ဖေ့စ်ဘုတ်မှာ နိုင်ငံရေးစကား ထိန်းချုပ်တဲ့ လမ်းညွှန်ချက်တွေကို ရှင်းလင်းစွာ ချမှတ်ထားတယ်ဆိုရင်တောင်မှ အကြောင်းအရာတွေကို စိစစ်တဲ့သူ (moderators) တွေက အကြောင်းအရာတွေကို တခြားစံနှုန်းတွေနဲ့ ချိန်ဆရပြန်တဲ့ အခါ အခက်အခဲတွေများနိုင်ပြန်ရော။

ပါးနပ်လိမ္မာမှုလိုအပ်တဲ့ ဒီအခြေအနေမှာ သတင်းအမှားတွေ၊ အမုန်းစကားတွေနဲ့ ရုန်းရင်း ကြမ်းတမ်းတဲ့အကြောင်းအရာတွေကို ကြိုတင်ဖယ်ရှားပစ်တာနဲ့ ဆင်ဆာလုပ်တာရဲ့ကြားမှာ စည်းကြောင်း ပါးပါးလေး တစ်ခုပဲ ရှိတာပါ။ ဒီဟာနဲ့ ပက်သက်ပြီး ပိုပြီး ပြင်းပြင်းထန်ထန် တင်းကျပ်တဲ့ ကုမ္ပဏီတွေရဲ့ အရိပ်အယောင်တွေကိုမြင်နေရပါပြီ။

ဖေ့စ်ဘုတ်နဲ့ စည်းမျဉ်းစည်းကမ်းချင်းတူတဲ့ Twitter ဆိုရင် အနှောင့်အယှက် အတိုက်အခိုက်ကို ဂရုမစိုက်တဲ့ အစဉ်အလာရှိခဲ့ပေမယ့် အခုတော့ ဒီစကားတွေနဲ့ပက်သက်ပြီး Twitteက ကြားဝင်ဖြေရှင်းတဲ့ ကိုင်တွယ်မှုတွေ သုံးလာတာကို မြင်နေရပါပြီ။ သူ့ရဲ့ လတ်တလော လှုပ်ရှားမှုတွေဖြစ်တဲ့ အတည်ပြုမှုပြီးသား အကောင့်တွေကို ပြန်ရှပ်သိမ်းတာတွေ၊ တခြားအကောင့်တွေကို ပိတ်သိမ်းတာတွေ၊​ ဆိုင်းငံ့ပစ်တာတွေက ထင်သာတဲ့ သက်ရောက်မှုတွေ နှစ်ဖက်လုံးမှာ စတင်ဖြစ်ပေါ်နေပါပြီ။ ဘက်နှစ်ဖက်လုံးကလူတွေက သူတို့အရဲ့ အသံတွေ မတရား ပါးစပ်ပိတ်ခံရနေရပါတယ် ထွက်ဆိုနေကြပါပြီ။ “လူမျိုးခွဲခြားတဲ့ မိန်းကလေးစ်ယောက် ပိတ်ပြောမိတဲ့အတွက် တွစ်တာက ကျနော့အကောင့်ကို ၁၂ နာရီလောက် ပိတ်ပစ်ခဲ့တယ်” လို့ တွစ်တာသုံးစွဲသူတစ်ယောက်က အောက်တိုဘာတုန်းက ရေးခဲ့တယ်။ တွစ်တာအတွက်က ဒါမျိုးတွေက မဆန်းတော့ပါဘူး။

ဖေ့စ်ဘုတ်ကတော့ တွစ်တာထက် ပိုညင်သာတဲ့ ကိုင်တွယ်မှုကို အသုံးပြုခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်အတွင်း သူ့ရဲ့ခြေလှမ်းမှားတွေကြောင့် မျက်စိဒေါက်ထောက်အကြည့်ခံခဲ့ရပြီး ပိုတင်းတင်းကြပ်ကြပ် အကိုင်ခံရလာပါတယ်။ “ဖေ့စ်ဘုတ်တင် မဟုတ်ပါဘူး၊ တခြား လူသုံးများတဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတိုင်းရဲ့ အလေ့အကျင့်တွေဟာ ဘယ်တုန်းကမှနဲ့ မတူအောင် မျက်လုံးဒေါက်ထောက် အကြည့်ခံနေရတာပါ”လို့ အကြောင်းအရာထိန်းချုပ်သိမ်းခြင်းနဲ့ ပတ်သက်တဲ့ နယ်ပယ်မှာ ခုနှစ်နှစ်ကြာ လေ့လာနေတဲ့ UCLA တက္ကသိုလ်က လက်ထောက်ပါမောက္ခ ဆာရာ ရောဘတ်က BuzzFeed News သတင်းဌာနကို ပြောပါတယ်။ “တရားသည်ဖြစ်စေ၊ မတရားသည်ဖြစ်စေ ဖေ့စ်ဘုတ်ဟာ ဒီမျက်လုံးဒေါက်ထောက် ကြည့်တဲ့ဒဏ်ကို ကုန်းရုန်းခံရမယ့်ပုံပါပဲ”။

မှန်ကန်တဲ့ အကြောင်းအရာထိန်းသိမ်းမှု ဟန်ချက်ကို ဖေ့စ်ဘုတ်က ကြိုးစားရှာဖွေနေချိန်မှာ နောက်ထပ် စိန်ခေါ်မှုတစ်ခုကိုလည်း ရင်ဆိုင်ရပြန်ပါတယ်။ အဲ့ဒါကတော့ အကြောင်းအရာစိစစ် ထိန်းသိမ်းသူ ဝန်ထမ်း ထောင်ပေါင်းများစွာကို သူ့ရဲ့ စံနှုန်းတွေ တသမတ်တည်းနဲ့ တညီတည်း ကျင်းသုံးနိုင်စေဖို့ ကြည်းကြပ်တာပါပဲ။ ဒီအရာကတော့ဒီလုပ်ငန်းရဲ့ အခက်ခဲဆုံး အစိတ်အပိုင်းဖြစ်တဲ့အကြောင်းကို ကုမ္ပဏီရဲ့ အရာထိန်းသိမ်းရေး ကြိုးပမ်းမှု စတင်တည်ထောင်ဖို့ ကူညီပေးခဲ့တဲ့ ဖေ့စ်ဘုတ်ရဲ့ ဝါရင့်ဝန်ထမ်း ဒေးဗစ် ဝီ(လ)နာက BuzzFeed News ကို ပြောပြပါတယ်။ “အများအားဖြင့် သာမန်အသိလောက်နဲ့ တကယ် အလုပ်မဖြစ်ပါဘူး။ လူအများစုက ကောင်းတယ်လို့လက်ခံသဘောတူကြမယ့် အခြေခံအရာတွေတော့ ရှိကြမှာက အသေချာပဲ။ ဥပမာ – ငိုနေတဲ့ ကလေးတယောက်ကို တိတ်အောင်ချော့ရမယ် ဆိုတာမျိုးဆိုပါစို့။ ဒါပေမဲ့ အဲလို ရိုက်ချက်ကြီးကြီး ရှင်းလင်းတဲ့ အရာကို ကျော်လွန်ပြီး သိပ်ကို သိမ်မွေ့ပြီး အခြေခံကျတဲ့ သွေးရေးသားရေး ပြဿနာတွေနဲ့ပတ်သက်လာရင်တော့ အားလုံး အလုံးစုံသဘောတူညီမှုဆိုတာမျိုး မရှိနိုင်တော့ပါဘူး။ လူတိုင်းဟာ သူတို့ရဲ့ ဆုံးဖြတ်ချက် တစ်ခုချင်းတိုင်းကို သူ့သမိုင်းကြောင်းတဲ့ သူလာကြတယ်။ သူတို့ရဲ့ ကဘေးဘဝ၊ မျိုးနွယ်၊ ကိုးကွယ်ရာဘာသာ၊ နိုင်ငံသား၊ နိုင်ငံရေးအမြင် အားလုံးကိုထည့်လွှမ်းမိုးသွားတာပေါ့။ ခင်ဗျားရဲ့မိတ်ဆွေ ၁၀ ယောက်ကိုခေါ်ပြီး ခက်ခဲတဲ့ အကြောင်းအရာနမူနာ ၅၀ ကို သူတို့ချင်း ဆွေးနွေးတိုင်ပင်လို့မရအောင် ခွဲပြီးသီးခြား ဆုံးဖြတ်ဖို့ပေးလိုက်ရင် သူတို့ချင်းချင်း ငြင်းကြမှာက အများကြီးဖြစ်မှာပဲ။ ဒါကို ကျနော်တို့ သိနေတာက ကျနော်တို့ စမ်းသပ်ကြည့်ဖူးလို့ပါ”လို့ ဒေးဗစ် ဝီ(လ)နာက ပြောပါတယ်။

အရင်တုန်းကတော့ ဖေ့စ်ဘုတ်ဟာ သူ့ပြဿနာတွေကို ကြမ်းကြမ်းတမ်းတမ်း အင်အားသုံး တိုက်ခိုက်ဖို့လုပ်ချင်တဲ့ စိတ်ရှိခဲ့ပုံရတယ်။ အဲ့ဒါကို အခု အကြောင်းအရာ စိစစ်ထိန်းသိမ်းရေး ကျိုးပမ်းမှုမှာ သုံးခဲ့ရင် သူ့အတွက် ပျက်ကိန်းကို ဆိုက်နိုင်တယ်။ လူထုကလည်း ပြင်းထန်တဲ့ ဖိအားရဲ့တွေပေးလာတာကြောင့်လည်း ဖြစ်ပါတယ်။ ဒီနှစ်စောစောပိုင်းမှာ ဖေ့စ်ဘုတ်ဟာ ဒီနည်းလမ်းကြောင့် ဖြစ်လာနိုင်တဲ့ ပြဿနာတွေကို အထင်အရှား မြင်လိုက်ရသေးတယ်။ သူ့ ပလက်ဖောင်းပေါ်ကနေ “dyke(ယောက်ျလျှာ)” ဆိုတဲ့ စကားလုံးပါတဲ့ ပို့(စ)တော်တော်များများကို အလိုလျောက် ကျယ်ကျယ်ပြန့်ပြန့် ဖြုတ်ချပစ်ခဲ့တဲ့အခါမှာ အမှန်တော့ ဒီစကားလုံးက ရိုင်းစိုင်းစွာသုံးနှုန်းကြတယ်ဆိုပေမဲ့ အမုန်းပွားဖွယ်ရာမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ရည်ညွှန်းတဲ့သဘောနဲ့ သုံးကြတာတွေရှိလည်း ဖြုတ်ချပစ်တာမျိုး ဖြစ်နေပါတယ်။ နောက်ပိုင်းမှာတော့ ဒီပို့စ်တွေကို ဖေ့စ်ဘုတ်က ပြန်တင်ပေးလိုက်ရပါတယ်။

ဒါပေမဲ့ တကယ်လို့သာ မာ့ခ်ဇူကာဘတ်ရဲ့ နာဇီဝတ်စုံဖိုတိုရှော့ပုံအပေါ် ဖေ့စ်ဘုတ်ရဲ့ကိုင်တွယ်ပုံကိုင်တွယ်နည်းဟာ ရှေ့ပြေးအရိပ်လက္ခဏာတစ်ခု ဖြစ်မယ်ဆိုရင် ကုမ္ပဏီအနေနဲ့ ကိုင်တွယ်ရခက်တဲ့ အကြောင်းအရာ ပြဿနာတွေအပေါ် ပိုပြီး မသိမသာကွဲပြားတဲ့ နည်းလမ်းတစ်ခု သုံးတော့မယ့်ပုံပေါ်ပါတယ်။ ဖေ့စ်ဘုတ်က ပုံကို ဖျက်မပစ်ပါဘူး။ အဲဒီလိုလုပ်မယ့်အစား သူ့ပလက်ဖောင်းပေါ်မှာ အဲဒီပုံကို ဆက်ထားတယ်။ ဒါပေမဲ့ “Mark Zuckerberg”ဆိုပြီးရှာလိုက်ရင်တော့ ထိပ်ဆုံးရှာဖွေမှုရလဒ်မှာတော့ အဲဒီပုံဟာ ပေါ်မလာတော့ပါဘူး။ ဝက်ဘ်ဆိုက်တခုလုံး update လုပ်တုန်းက အသစ်ထည့်လိုက်တဲ့ ရှာဖွေမှုလုပ်ရာမှု ပိုဆီလျော်တဲ့ ရလာဒ်တွေကို ပိုကောင်းကောင်းပေးနိုင်တဲ့ စနစ်အရ ဒီနာဇီဓာတ်ပုံကို Zuckerberg ရှာဖွေမှုရလဒ်တွေရဲ့ အောက်ဆုံးကို ချပစ်လိုက်တာပဲ ဖြစ်တယ်လို့ ဖေ့စ်ဘုတ်ပြောခွင့်ရပုဂ္ဂိုလ်တဦးက ဆိုပါတယ်။

%d bloggers like this: