သူငယ်ချင်းတို့ရေ….
ဒီရက်ပိုင်း Admin တို့လည်းမအားတာနဲ့ သတင်းအမှားတွေကို မတုံ့ပြန်နိုင်သေးဘူးဖြစ်နေပါတယ်။ အခုအချိန်လေးနည်းနည်းအားတာနဲ့ ခဏလေးလိုက်ကြည့်မိလိုက်တယ်ဆိုရင်ပဲ သတင်းအတုတစ်ခုကို လွယ်လွယ်ကူကူပဲဖမ်းမိလိုက်ပါတယ်။ NLD ပါတီက ဗဟိုသုတေသနအတွင်းရေးမှူး ဦးမျိုးရန်နောင်သိမ်းက နိုင်ငံတော်အရေးပေါ်ရန်ပုံငွေ သန်း၆၀၀၀ကို သုံးနေတယ်ဆိုတဲ့သတင်းမှားကို ဖြန်ဖြူးနေကြတာဖြစ်ပါတယ်။
ဒီသတင်းအတုကို Group တွေနဲ့ သတင်းအတုဖြန့်ဖြူးတယ်လို့ယူဆရတဲ့ Page တွေ Account အတုတွေကနေ ဖြန့်ဖြူးတာဖြစ်ပြီး ခန့်မှန်းခြေ Share လုပ်တဲ့အရေအတွက် ၃၀၀ ဝန်းကျင်အထိရှိလာပါပြီ။ နိုဝင်ဘာ ၁ ရက်နေ့ကနေစပြီး ဒီသတင်းအတုကို ဖြန့်ဖြူးနေကြတာဖြစ်ပြီး နိုဝင်ဘာ ၇ ရက်နေ့အထိ ဖြန့်ဖြူးနေတုန်းပဲဆိုတာတွေ့ရပါတယ်။ ဒါကြောင့်… သူငယ်ချင်းတို့ မယုံကြည်မိအောင် တွေးပြီးမှယုံက ဖော်ထုတ်ပေးရခြင်းဖြစ်ပါတယ်။
(၁) သတင်းတုမှာ ဖော်ပြထားတဲ့ Myanmar News သတင်းဌာနဆိုတာ တကယ်ရှိတဲ့သတင်းဌာနတစ်ခုမဟုတ်ပါဘူး။
(၂) ဦးမျိုးရန်နောင်သိမ်းနဲ့ NLD ပါတီကို ဒီလပိုင်းအတွင်းမှာ ဆက်တိုက်တိုက်နေကြတာကိုတွေ့ရပြီး ဒီသတင်းအတုအပြင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ အခြားစာသားတွေကိုလည်း Group တွေ Account တွေမှာ ဖော်ပြနေကြတာတွေ့ရပါတယ်။
(၃) ၂၀၁၆ ခုနှစ်၊ ဦးမျိုးရန်နောင်သိမ်းဖမ်းဆီး ခံရစဉ်က သတင်းအချို့ကိုလည်း အခုရက်ပိုင်း အဖမ်းခံရသလို နေ့ရက်ပြောင်းပြီးဖော်ပြနေကြတာကိုတွေ့ရပါတယ်။
သူငယ်ချင်းတို့ရေ.. သတင်းအတုတွေ၊ အမုန်းစကားဖြန့်ဝေမှုတွေက နေ့စဉ်နှင့်အမျှ ပျံ့နှံ့နေပါတယ်။ ရည်ရွယ်ချက်အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ ဖြန့်ချိနေကြတာဖြစ်တာကြောင့် ဖတ်ပြီးမယုံခင် စိစစ်တွေးခေါ်ပေးဖို့လိုပါတယ်။ မသင်္ကာစရာသတင်းတွေလို့ယူဆရရင်လည်း တွေးပြီးမှယုံကို ပေးပို့ပြီးစစ်ဆေးပေးစေလိုပါတယ်။