Home>>ဆောင်းပါး>>သတင်းတုတွေကို ဆယ်ကျော်သက်လူငယ်တွေက ဘယ်လိုတုံ့ပြန်သလဲ
ဆောင်းပါး

သတင်းတုတွေကို ဆယ်ကျော်သက်လူငယ်တွေက ဘယ်လိုတုံ့ပြန်သလဲ

သူငယ်ချင်းတို့ရေ…

ဒီတစ်ခါမှာတော့ သတင်းတုတွေကို ဆယ်ကျော်သက်လူငယ်တွေက ဘယ်လိုတုံ့ပြန်သလဲ၊ သူတို့ သတင်းတုတွေနဲ့ပတ်သက်ပြီး ဘယ်လောက်အထိသိထားလဲ။ သတင်းတုတွေ၊ အချက်အလက်စစ်ဆေးတာတွေကိုဘယ်လိုသင်ပေးသလဲဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကို ဖော်ပြပေးသွားပါမယ်။ ဆယ်ကျော်သက်လူငယ်တွေလို့ရေးမိလို့ မြန်မာနိုင်ငံက ဆယ်ကျော်သက်လူငယ်တွေလို့မထင်လိုက်နဲ့ဦးနော်။ ဗြိတိန်နိုင်ငံကဆယ်ကျော်သက်လူငယ်လေးတွေပါ။

ဒီဆယ်ကျော်သက်လူငယ်တွေရဲ့ အချက်အလက်စစ်ဆေးတဲ့စွမ်းရည်တွေ၊ သတင်းအမှား၊ အမှန်ခွဲခြားနိုင်မှုစွမ်းရည်တွေတိုးတက်လာအောင်လို့ သူတို့ဆီမှာတော့ အစိုးရက ကျောင်းသင်ခန်းစာတွေထဲကို Social Media နဲ့ပတ်သက်တဲ့ အသိပညာပေးမှုတွေ၊ ဒစ်ဂျစ်တယ် လုံခြုံရေးနဲ့ပတ်သက်တဲ့အသိပညာပေးမှုတွေကို ထည့်သွင်းသင်ကြားပေးနေပါပြီ။ ဆယ်ကျော်သက်လူငယ်တွေဟာ ဒီDigital ခေတ်ရေစီးကို အမှီလိုက်နေတာလည်းဖြစ်သလို နောင်တစ်ချိန် တိုင်းပြည်ဦးဆောင်သူတွေရဲ့ အခန်းကဏ္ဍမှာလည်းပါဝင်ကြရမှာဖြစ်လို့ ဗြိတိန်မှာကျင့်သုံးနေတဲ့ သတင်းမှားတွေနဲ့ပတ်သက်ပြီး ပို့ချတဲ့သင်ခန်းစာအကြောင်းရေးထားတဲ့ ဒီဆောင်းပါးလေးကိုဖတ်ကြည့်စေချင်ပါတယ်။

download (8)

ဆယ်ကျော်သက်တွေ ဖမ်းတတ်ပါ့မလား ?

သတင်းတု၊ အချက်အလက်အမှား၊ သတင်းအမှား၊ ဂျင်းသတင်း…. စသည်ဖြင့် ကျွန်တော်တို့ဘယ်လိုပဲခေါ်ခေါ် သေချာတာကတော့ အဲဒီအရာတွေက ကျွန်တော်တို့ရဲ့အချိန်တွေကို ဖြုန်းတီးနှိပ်စက်နေပါတယ်။ ဒါတွေက ဒီမိုကရေစီကိုလည်းခြိမ်းခြောက်နေပါတယ်။ ဒီမိုကရေစီကို ခြိမ်းခြောက်ခံရမှုနည်းနိုင်သမျှနည်းအောင်လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့လုပ်နိုင်တဲ့အကောင်းဆုံးအချက်က ကျောင်းသင်ခန်းစာတွေထဲမှာ စတင်သင်ကြားပေးဖို့ပါပဲ။

သတင်းအတု၊ အစစ် အချက်အလက်အတု၊ အစစ် စစ်ဆေးတဲ့နေရာမှာ သူတို့ရဲ့မိဘတွေထက်တောင် ထူးချွန်တယ်ဆိုတဲ့ ဝေးလ်စ် မြောက်ပိုင်း၊ ကျောင်းတစ်ကျောင်းက ကျောင်းသားတွေအကြောင်း ကျွန်တော်သတင်းကောင်းတစ်ခုကြားခဲ့ရပါတယ်။

ဒါနဲ့ကျွန်တော်လည်း Newport နားက အဲဒီကျောင်းကိုအရောက်သွားရပါတော့တယ်။ အဲဒီကျောင်းက ၁၄နှစ် ၁၅နှစ်အရွယ်ရှိတဲ့ကျောင်းသားတွေကို အဖွဲ့ခွဲ၊ နောက်ဆုံးရ သတင်းတွေရဲ့ ဆိုလိုရင်းကို ဘယ်လောက်အထိ နားလည်လည်းဆိုတဲ့လေ့ကျင့်ခန်းတစ်ခုပေးကြည့်ပါတယ်။

ဇာတ်လမ်းကတော့ ဒီလိုပါ။ အရေးကြီးတဲ့ လူမှုကွန်ရက် မီဒီယာတွေ ဆိုက်ဘာတိုက်ခိုက်ခံလိုက်ရတာဖြစ်ပြီး အဲဒီက အချက်အလက်တွေဟာ သတင်းခန်းထဲကိုရောက်ရှိလာပါတယ်။ ဒါကြောင့် လူငယ်သတင်းထောက်တွေဟာ ဘယ်သတင်းကအမှန်လဲ၊ ဘယ်သတင်းကတော့ အကျိုးသက်ရောက်မှုရှိလို့ လူထုကို ဖော်ပြသင့်သလဲ၊ ဘယ်သတင်းကတော့ မြန်မြန်ဆန်ဆန်ဖော်ပြရမယ့်သတင်းလဲဆိုတာ ဆုံးဖြတ်ချက်ချမှတ်ရပါတော့မယ်။ ဒီဂိမ်းမှာ ကျောင်းသားတွေဟာ အရေးကြီးနောက်ဆုံးရသတင်းတစ်ပုဒ်နဲ့ ရင်ဆိုင်နေရတဲ့ လူမှုကွန်ရက်မီဒီယာပေါ်က ဂျာနယ်လစ်တွေအနေနဲ့ စဉ်းစားသုံးသပ်ရပါမယ်။

ဂြိုလ်တုတစ်ခုဟာ ယော့ခ်ရှိုင်းယားနယ်မြေအနီးက ကမ္ဘာမြေနဲ့ တိုက်မိလို့ ပျက်ကျသွားတယ်။ ဒါကို လူတစ်ယောက်ကလည်း ဓာတ်ပုံသက်သေပြချက်နဲ့ သတင်းဌာနကိုအီးမေးလ်ပို့လိုက်တယ်။ ဒီဆိုက်ဘာတိုက်ခိုက်မှုဟာ မိုဘိုင်းဖုန်းတွေဆီကိုအရောက်သွားရမှာလား။ လူတွေဟာ ဒေါင်းနမ်းလမ်းမပေါ်မှာစုရုံးနေကြပြီ။ ငွေထုတ်စက်တွေ ပိတ်လိုက်ကြပြီ။ လေယာဉ်တွေက မြေပြင်ပေါ်ကို ပြန်ဆင်းသက်လာခဲ့ပါပြီလို့ ဆိုက်ဘာတိုက်ခိုက်ခံရမှုသတင်းနဲ့ပတ်သက်ပြီး ဒီဂိမ်းက ဖော်ပြထားပါတယ်။

ကျောင်းသားတွေကတော့ သတင်းတွေဟာ လူမှုကွန်ရက်မီဒီယာတစ်ခုထဲကပဲ လာတယ်လို့မမြင်ကြပါဘူး။ မေးမြန်းကြည့်တဲ့အခါမှာ အသက် ၁၂နှစ်ကနေ ၁၅နှစ်ကြားကျောင်းသားတွေဟာ သတင်းတွေကို BBC၊ ITV၊ အင်စတာဂရမ်နဲ့ ဖေ့ဘွတ်ခ်ကနေတိုက်ဆိုင်ကြည့်ရှု စစ်ဆေးကြတာဖြစ်ပြီး BBC ကပထမ၊ ITV ကတတိယအနေနဲ့ သတင်းအချက်အလက်ရရှိဖို့ ကြည့်ရှုတာကိုတွေ့ရပါတယ်။(ဆိုလိုတဲ့သဘောကတော့ သူတို့ကိုပေးထားတဲ့သင်ခန်းစာ သတင်းတွေကို အချက်အလက်တိုက်ဆိုင်စစ်ဆေးရာမှာ တရားဝင်သတင်းဌာနတွေကို အားကိုးစစ်ဆေးတတ်တယ်ဆိုတာကိုတွေ့ရပါတယ်) TV ကလာတဲ့သတင်းတွေဟာ လူမှုကွန်ရက်မီဒီယာမှာပါလာတဲ့သတင်းတွေထက် ပိုယုံကြည်လို့ရတယ်၊ ပိုတိကျတယ်ဆိုတာကို ကျောင်းသားတွေကသိနေကြပါတယ်။ ဒီဂိမ်းကိုစောင့်ကြည့်ပေးနေတဲ့သူတွေရဲ့ အပြောအရတော့ ကျောင်းသား၇၈ ရာခိုင်နှုန်းဟာသသတင်းတု၊ သတင်းမှားတွေရဲ့ အကြောင်းကိုနားလည်ကြပြီး၊ ၄၃ရာခိုင် နှုန်းကတော့ ဘာကြောင့်သတင်းတုဖြစ်ရတယ်ဆိုတာကိုပါ အခိုင်အမာပြောနိုင်တယ်လို့ဆိုပါတယ်။

သင်ခန်းစာအကြောင်းပြန်ဆက်ရရင် ကျောင်းသားတွေဟာ ဂိမ်းထဲမှာပါတဲ့ ဆိုက်ဘာတိုက်ခိုက်မှုအတွက် Social Media တာဝန်ရှိသူရဲ့အပြောတွေဟာ သံသယဖြစ်စရာကောင်းတယ်။ ဖုံးကွယ်ထားရာရောက်နေတယ်။ ဒါက ယုံကြည်လို့မရနိုင်တဲ့ ပြောစကားတွေပဲဆိုတာ သက်သေပြဖို့ကြိုးစားကြပါတယ်။ သူတို့ဟာ ဓာတ်ပုံနဲ့ဗီဒီယိုတွေမှာပါတဲ့ တည်နေရာတွေကို နောက်ယောင်ခံစစ်ဆေးတယ်။ အင်တာနက်ပေါ်မှာ ဒီပုံတွေ၊ ဗီဒီယိုတွေဟာ တရားဝင်လွှင့်တင်ပြီးသားလားဆိုတာ တိုက်ဆိုင်စစ်ဆေးပါတော့တယ်။ အဲဒီနောက် ကျောင်းသားတစ်ယောက်က “ဆိုက်ဘာတိုက်ခိုက်ခံရတယ်ဆိုတာ လုံးလုံးယုံလို့မရတဲ့ အချက်အလက်တွေပဲ။ ဂျင်းထည့်ထားတဲ့သတင်းဖြစ်ပြီးတော့ သံသယဖြစ်စရာကောင်းတဲ့အချက် အလက်တွေအများကြီးပါနေပါတယ်”လို့ပြောပါတယ်။

ကျောင်းက ဒုကျောင်းအုပ်ဆရာမ Kate Madden ကတော့ “ဒီနေ့ ကျောင်းသားစုံညီအစည်းအဝေးမှာလည်း သတင်းတု၊ သတင်းမှားတွေအကြောင်းကို ကျွန်မတို့ပြောပြခဲ့ကြပြီးပါပြီ။ ကျောင်သားတစ်ချို့ကတော့ ယုံလွယ်တတ်ကြပေမယ့်အများစုကတော့ သူတို့ရဲ့ ရှေ့မျိုးဆက်တွေထက်ကို အမြော်အမြင်ရှိနေကြပါပြီ။ အဖေ၊ အမေတွေကိုတောင် ဆရာပြန်လုပ်နေကြပြီ။ ဖေ့ဘွတ်ခ်လို လူမှုကွန်ရက်မီဒီယာမျိုးတွေမှာ ပေါက်နေတဲ့သတင်းတွေတွေ့ရင် မိဘတွေက သားသမီးတွေကိုပြန်မေးပြီးအားကိုးနေရပြီ။ ဒါကယုံရတဲ့သတင်းရင်းမြစ်ကနေလာတာလား။ ယုံရမလား၊ မယုံရဘူးလား ဆိုတာကိုတောင်ပြန်မေးနေရပါပြီ”လို့ ပြောပါတယ်။ ဒီဂိမ်းသင်ခန်းစာရဲ့အဆုံးမှာတော့ ကျောင်းသားတွေဟာ အမှတ်မြင့်မြင့်မားမားရရှိကြပြီးတော့ လေ့ကျင့်ခန်းကို အောင်နိုင်ခဲ့ပါတယ်။ မှန်ကန်မှု၊ မြန်ဆန်မှုနဲ့အကျိုးသက်ရောက်မှုဆိုတဲ့ သတင်းအင်္ဂါရပ်တွေနဲ့ ပတ်သက်ပြီး သူတို့ ခွဲခြမ်းစိတ်ဖြာနိုင်တာကိုတွေ့ရပါတယ်။ ဒါ့ကြောင့်သူတို့ရဲ့လုပ်နိုင်စွမ်းအတွက် ဂုဏ်ပြုပေးလိုက်ပါတယ်။ သူတို့ဘာတွေသင်ကြားခဲ့ရပါသလဲ။ ဘာတွေရရှိခဲ့ပါသလဲ။

“အရေးကြီးဆုံးကတော့ တိကျမှန်ကန်ဖို့ပါပဲ။” (အီလီနော)

“ကိုယ့်ကိုအရူးလုပ်ဖို့အရမ်းလွယ်တဲ့အတွက်ကြောင့် ကိုယ်ဖတ်တဲ့အကြောင်းအရာဟာ အမှန်လားဆိုတာကိုသုံးခေါက်(သို့)လေးခေါက်လောက် ထပ်ထပ်စစ်ဆေးဖို့လိုတယ်”(ဘရွတ်ကီ)

“ဖတ်မိတဲ့သတင်းတိုင်းကိုယုံလို့မဖြစ်ဘူး။ အမြဲဂရုတစိုက်စစ်ဆေးနေဖို့လိုတယ်။ ဖြစ်ပြီးမှတောင်းပန်တာထက် မဖြစ်ခင်ကြိုတင်ကာကွယ်တာက ပိုလုံခြုံပါတယ်”(ဂျေဒန်)

အဲဒီနောက်မှာတော့ သူတို့ရဲ့အင်စတာဂရမ်တွေ၊ snap chat တွေကိုစစ်ဆေးစရာမလိုတော့ပဲ နေ့လည်စာသုံးဆောင်ဖို့ ထွက်သွားပါတော့တယ်။ ကျွန်တော်တို့ အများကြီးမျှော်လင့်နေမိတာဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီကလေးတွေအကုန်လုံးဟာလူ့အဖွဲ့အစည်းအတွက် စံပြုစရာ အင်တာနက်နိုင်ငံသားတွေဖြစ်သွားကြပါပြီ။ အနည်းဆုံးတော့ သတင်းမှား သမုဒ္ဒရာကြီးထဲမှာ သူတို့ သံလိုက်အိမ်မြှောင်တစ်လုံးစီတော့ရသွားကြပြီဖြစ်ပါတယ်။

BBC Fake News ကဏ္ဍမှ Rory Cellan Jones ၏ သတင်းဆောင်းပါးအောင် ဆီလျော်အောင်ဘာသာပြန်ပြီး Think Before You Trust ဖတ်ရှုသူသူငယ်ချင်းများအတွက် တင်ဆက်ပေးပါသည်။

%d bloggers like this: