သူငယ်ချင်းတို့ရေ….
ရွှေတိဂုံစေတီတော်က ရွှေပြားတွေပြန်ကပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကိုကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းကိုက်ရတယ်ဆိုတဲ့ ဂျင်းသတင်းတစ်ပုဒ်ကို တွေးပြီးမှယုံက တွေ့ရှိပါတယ်။ ဂျင်းသတင်းမှာပါဝင်တဲ့အကြောင်းအရာအတိုချုံးကတော့ အရင်အစိုးရလက်ထက်က ရွှေတိဂုံဘုရားမှာကပ်ထားတဲ့ ရွှေပြားတွေရဲ့ ရွှေအရည်အသွေးနဲ့ပတ်သက်ပြီး ရွှေအရည်အသွေးမီတာကို မမီဘူးလို့ ဦးအောင်ကိုက ပြောလို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ဦးအောင်ကိုကို ခေါ်ဆူတယ်ဆိုတဲ့ သဘောပါပဲ။ ဒီသတင်းကို Like လုပ်တဲ့သူ ၂၀၀၀ ကျော်နဲ့ Share လုပ်တဲ့သူ ၅၀၀၀ ကျော်အထိရှိနေပြီဖြစ်လို့ သူငယ်ချင်းတို့မယုံသင့်တဲ့အကြောင်း တွေးပြီးမှယုံက ဖော်ထုတ်လိုက်ရပါတယ်။
(၁) စကားလုံးအထားအသို၊ အဖြတ်အတောက်၊ ဝေါဟာရသုံးစွဲမှု၊ စကားပြော၊ စကားပြေတောင်မှန်အောင်မရေးနိုင်
မသုံးစွဲနိုင်တဲ့ ဒီသတင်းတုမှာ လူတွေအယုံလွယ်ရအောင်တော့ NLD ပါတီထဲက အတွင်းလူတစ်ယောက်ကပြောထား
သလိုလို “စကားပြော”တစ်ခုကို ထည့်ထားပါတယ်။
(၂)သတင်းထောက်တစ်ယောက်က သတင်းရေးထားတဲ့ပုံစံမျိုးဖြစ်အောင် သတင်းထောက်ရဲ့နာမည်ကိုထည့်ထားပေမယ့်
သတင်းတုဖြန့်ဝေတဲ့ Myanmar News ဆိုတဲ့ အဲဒီ Page ဟာ သတင်းဌာနပေ့ချ်မဟုတ်ပါဘူး။
(၃) ၂၀၁၈ခုနှစ် ဧပြီလမှ စဖွင့်ထားတဲ့ Page ဖြစ်ပြီးတော့ စဖွင့်စဉ်က ဖုန်းအော်ပရေတာတစ်ခုဖြစ်တဲ့
MyTel နာမည်ကိုယူပြီး ဖွင့်ထားတာကိုတွေ့ရပါတယ်။
သူငယ်ချင်းတို့ရေ သတင်းအတု၊ အစစ်ခွဲခြားနည်းမှာ တစ်ခါတစ်လေကျရင် သတင်းတုကပေးထားတဲ့ အကြောင်းအရာကိုကြည့်ပြီး အတုလား၊ အစစ်လား အရမ်းစဉ်းစားစရာမလိုပါဘူး။ Page ဖွင့်လှစ်ထားတဲ့ အချိန် Page ရဲ့ သတင်းအချက်အလက်ကို Page ရဲ့ About တို့ Info and Ads တို့မှာဝင်ကြည့်ပြီး ဒီ Page က ယုံရလောက်လား၊ မယုံရလောက်ဘူးလားဆိုတာ စဉ်းစားလို့ရပါတယ်။ ဘာလာလာ Share မယ် မလုပ်လိုက်ပဲ သတင်းအတုလား၊ အစစ်လားခွဲခြား၊ ဆုံးဖြတ်ပြီးမှ Shareကြဖို့နဲ့ အတု၊ အစစ်လွယ်လွယ်ကူကူ မခွဲနိုင်ရင်တော့ တွေးပြီးမှယုံကိုပေးပို့ပြီး စစ်ဆေးပါလို့ အကြံပြုလိုက်ပါရစေ။