သူငယ်ချင်းတို့ရေ….
သတင်းတုတွေက သတင်းအစစ်တွေပေါ်လာတိုင်း နောက်ဆက်တွဲသတင်းတွေအနေနဲ့ ပေါ်လာတတ်တယ်ဆိုတာ တွေးပြီးမှယုံက အရင်ကပြောခဲ့ပြီးပါပြီနော်။ ဒါပေမယ့် အခုလည်းထပ်ပြောရပါတော့မယ်။
မလေးရှားကို ထွက်ပြေးဖို့ လုပ်နေတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေသတင်းအစစ်ပေါ်လာပြီး နောက်ပိုင်း လှေစီးဒုက္ခသည် ရိုဟင်ဂျာ တွေကို ရန်ကုန်မှာပဲနေရာချထားပေးသင့်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရ ဒေါက်တာမျိုးညွန့်က ပြောတယ်ဆိုပြီး သတင်းတုတစ်ခုထပ်ပေါ်လာလို့ပါ။ ဒီသတင်းတုကို Like လုပ်တဲ့သူ ၃၀၀ နီးပါး Share လုပ်တဲ့သူ ၅၀၀ နီးပါးအထိရှိနေပါပြီ။ ဒါ့ကြောင့် ဒီသတင်းတုကို ဘာကြောင့်မယုံသင့်ကြောင်း တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။
(၁)ပထမဆုံးအချက်က ဒီသတင်းတုကို တင်တဲ့ Democractic Voice ဆိုတဲ့ Page ဟာ တရားဝင်သတင်းဌာနမဟုတ်ပါဘူး။
(၂)ဒီသတင်းကို တရားဝင်သတင်းဌာန တစ်ခုမှာမှလည်းတင်ထားတာမတွေ့ရပါဘူး။
(၃)ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို ပြန်ပို့လိုက်ပြီပဲဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ
သတင်းတုတွေဆိုတာ ပျော်ဖို့ကောင်းလို့၊ စိတ်ကူးပေါက်လို့၊ ပျင်းလို့ဆိုပြီး ရေးနေ၊ ဖြန့်နေတာတွေမဟုတ်ပါဘူးနော်။နိုင်ငံရေး ရည်ရွယ်ချက်၊ လူမျိုးရေး၊ ဘာသာရေး ရည်ရွယ်ချက် တွေအပေါ် အခြေခံပြီး သူတို့လိုချင်တဲ့ အတွေးအခေါ်၊ ဖြစ်ရပ်တွေ ဖြစ်လာအောင် လုပ်နေကြတာတွေဖြစ်ပါတယ်။ ဒါ့ကြောင့် သူငယ်ချင်းတို့အနေနဲ့ Share ခလုတ်ကို စဉ်းစားပြီးမှ နှိပ်ဖို့နဲ့ မသင်္ကာစရာသတင်းတွေတွေ့ရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးဖို့ အကြံပြုလိုက်ပါတယ်နော်။