Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒေါက်တာဦးသန်းဌေးက ရိုဟင်ဂျာတွေကို ရန်ကုန်မှာပဲနေရာချထားပေးသင့်တယ်ဆိုတဲ့ သတင်းတု
နိုင်ငံရေးလူမျိုးရေး

ဒေါက်တာဦးသန်းဌေးက ရိုဟင်ဂျာတွေကို ရန်ကုန်မှာပဲနေရာချထားပေးသင့်တယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ….

သတင်းတုတွေက သတင်းအစစ်တွေပေါ်လာတိုင်း နောက်ဆက်တွဲသတင်းတွေအနေနဲ့ ပေါ်လာတတ်တယ်ဆိုတာ တွေးပြီးမှယုံက အရင်ကပြောခဲ့ပြီးပါပြီနော်။ ဒါပေမယ့်အခုနောက် တစ်ခုထပ်ပြောရပါမယ်။ အဖွဲ့အစည်းတွေနိုင်ငံရေးပါတီတွေကို အပုပ်ချတိုက်ခိုက်တဲ့ သတင်းတွေပေါ်လာပြီးနောက်ပိုင်း အပုပ်ချခံရတဲ့ဘက်ကို ထောက်ခံသူတွေကပဲဖြစ်ဖြစ်၊ အပုပ်ချဝေဖန်ခံရတဲ့သူတွေကပဲဖြစ်ဖြစ်၊ ကြားလူ ကြားအဖွဲ့အစည်းတွေကပဲဖြစ်ဖြစ် ပြန်လည်တိုက်ခိုက်ပြီး သတင်းတုတွေ ပြန်လည်ဖန်တီးနိုင်ခြေရှိနေတယ်ဆိုတဲ့အကြောင်းပါ။ ဒီလိုပြောလိုက်လို့ တွေးပြီးမှယုံက ဘယ်အဖွဲ့အစည်းတွေက သတင်းတုတွေဖန်တီးနေပါတယ်လို့ စွပ်စွဲနေတာမဟုတ်ပါဘူးနော်။တွေးပြီးမှယုံက အွန်လိုင်းပေါ်မှာတွေ့တဲ့ သတင်းတုတွေ၊ တွေ့ရှိချက်တွေ ပေါ်မှာအချက်အလက်အခြေခံပြီး သူငယ်ချင်းတို့ကို သတင်းအသိပညာဝေမျှပေးနေတာပဲဖြစ်ပါတယ်။

21.11 FN P

မလေးရှားကို ထွက်ပြေးဖို့ လုပ်နေတဲ့ ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေ သတင်းအစစ်ပေါ်လာပြီးနောက်ပိုင်း လှေစီးဒုက္ခသည် ရိုဟင်ဂျာတွေကို ရန်ကုန်မှာပဲနေရာချထားပေးသင့်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ပြောရေးဆိုခွင့်ရ ဒေါက်တာဦးသန်းဌေးက ပြောတယ်ဆိုပြီး သတင်းတုတစ်ခုထပ်ပေါ်လာလို့ပါ။ မနေ့ကလည်း NLD ပါတီက ဒေါက်တာမျိုးညွန့်က ဒီလိုပြောတယ်ဆိုပြီး သတင်းတုတစ်ပုဒ် ပြန့်နှံ့နေလို့ ဘာကြောင့်မယုံသင့်တဲ့အကြောင်းတွေးပြီးမှယုံက ဖော်ပြပေးပြီးပါပြီ။ အခုလည်းဒီသတင်းတုကို Like လုပ်တဲ့သူ ၅၀၀ကျော် Share လုပ်တဲ့သူ ၉၃၀ နီးပါးအထိရှိနေပါပြီ။ ဒါ့ကြောင့် ဒီသတင်းတုကို ဘာကြောင့်မယုံသင့်ကြောင်း တွေးပြီးမှယုံက ဖော်ထုတ်ပေးလိုက်ပါတယ်။

  • (၁) ပထမဆုံးအချက်က ဒီသတင်းတုကို တင်တဲ့ မြန်မာ့နိုင်ငံရေး ဆိုတဲ့ Page ဟာ တရားဝင်သတင်းဌာနမဟုတ်ပါဘူး။
  • (၂) ဒီသတင်းကို တရားဝင်သတင်းဌာန တစ်ခုမှာမှလည်းတင်ထားတာမတွေ့ရပါဘူး။
  • (၃)သတင်းတုတစ်ခုလုံးဟာ NLD ပါတီကို တိုက်ခိုက်တဲ့သတင်းနဲ့ တူနေတာဖြစ်ပြီး၊ ပြည်ခိုင်ဖြိုးပါတီက ဦးသန်းဌေးလို့ပဲ နာမည်နေရာမှာ ပြင်ဆင်လိုက်တာဖြစ်ပါတယ်။
  • (၄)ရိုဟင်ဂျာ လှေစီးဒုက္ခသည်တွေကို စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို ပြန်ပို့လိုက်ပြီပဲဖြစ်ပါတယ်။

Untitled design (22)

သူငယ်ချင်းတို့ရေ…
သတင်းတုတွေဆိုတာ ပျော်ဖို့ကောင်းလို့၊ စိတ်ကူးပေါက်လို့ပျင်းလို့ဆိုပြီး ရေးနေ၊ ဖြန့်နေတာတွေမဟုတ်ပါဘူး နော်။ နိုင်ငံရေး ရည်ရွယ်ချက်၊ လူမျိုးရေး၊ ဘာသာရေး ရည်ရွယ်ချက် တွေအပေါ် အခြေခံပြီး သူတို့လိုချင်တဲ့ အတွေးအခေါ်၊ ဖြစ်ရပ်တွေ ဖြစ်လာအောင် လုပ်နေကြတာတွေဖြစ်ပါတယ်။ အခုလိုဖြစ်ရပ်မျိုးဆိုရင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်တိုက်ခိုက်တာပဲဖြစ်ဖြစ်၊ ပါတီနှစ်ခုကြား စိတ်ဝမ်းကွဲအောင် ကြားလူ၊ ကြားအဖွဲ့အစည်းတွေကပဲ လုပ်နေတာပဲဖြစ်ဖြစ် သူငယ်ချင်းတို့အနေနဲ့ Share ခလုတ်ကို စဉ်းစားပြီးမှ နှိပ်ဖို့နဲ့ မသင်္ကာစရာသတင်းတွေတွေ့ရင် တွေးပြီးမှယုံကို ပေးပို့စစ်ဆေးဖို့ အကြံပြုလိုက်ပါတယ်နော်။

%d bloggers like this: