သူငယ်ချင်းတို့ရေ..
သတင်းတုတွေက ဦးတည်ချက်တစ်ခု၊ ပန်းတိုင်တစ်ခု၊ ရည်ရွယ်ချက်တစ်ခုနဲ့သွားနေတာဖြစ်တယ်လို့ တွေးပြီးမှယုံက ထပ်ခါထပ်ခါပြောခဲ့ပါတယ်နော်။ ဒီတစ်ပတ်ထဲမှာတင် ဘာသာရေး၊ လူမျိုးရေးကိစ္စတွေနဲ့ ပတ်သက်ပြီး မငြိမ်မသက်ဖြစ်အောင် လုပ်နေတဲ့သတင်းတုပို့စ်တွေ တော်တော်များများတွေ့လာရပါတယ်။ အခုလည်း NLD ပါတီက NLD လူငယ်တွေနဲ့ အာရဗီကျောင်းသားတွေ တွေ့ဆုံပွဲပြုလုပ်တယ်ဆိုပြီး သတင်းတုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ ထုတ်လုပ်နေတာကိုတွေ့ရပါတယ်။ ဒီပို့စ်ဟာလည်း Like ၈၀၀ နီးပါး၊ Comment ၇၆၀ ကျော်၊ Share ၄၂၀၀ ကျော်အထိရှိနေတဲ့အထိ ပြန့်နှံ့မှုအားကောင်းနေလို့ သူငယ်ချင်းတို့ မယုံကြည်မိလေအောင် တွေးပြီးမှယုံက အချက်အလက်စစ်ဆေးပြီး ဖော်ထုတ်ပေးလိုက်ပါတယ်။
(၁) ပို့စ်မှာဖော်ပြထားတဲ့ ဓာတ်ပုံက ဖိုတိုရှော့အသုံးပြုပြီးဖော်ပြထားတဲ့ ဓာတ်ပုံဖြစ်ပြီးတော့ တကယ့်ပုံအစစ်အမှန်ကတော့ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁၇ရက်က ရန်ကုန်မြို့၊ အောင်ဆန်းအားကစားကွင်းမှာပြုလုပ်ခဲ့တဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲဓာတ်ပုံဖြစ်ပါတယ်။ ဧရာဝတီသတင်းဌာနမှာ ဖော်ပြထားတဲ့ဓာတ်ပုံပဲဖြစ်ပါတယ်။
(၂) ဧရာမြေက မြန်မာပြည်သားဆိုတဲ့ အကောင့်က ဒီသတင်းတုကို တင်ခဲ့တာဖြစ်ပြီး ဒီအကောင့်ဟာ သတင်းမှားတွေ၊ အချက် အလက်အမှားတွေ၊ ဘာသာရေး လူမျိုးရေး မငြိမ်သက်အောင်လှုံ့ဆော်တဲ့ပို့စ်တွေ အမုန်းစကားတွေကို ရည်ရွယ်ချက်ရှိရှိရေးတင်လေ့ရှိတဲ့အကောင့်ဖြစ်ပါတယ်။ ဒါ့အပြင် မည်သူ၊ မည်ဝါ မဖော်ပြထားတဲ့ အကောင့်တုတစ်ခုဖြစ်ပါတယ်။
သူငယ်ချင်းတို့ရေ…
သတင်းတုတွေက အချက်အလက်အမှားတွေ၊ ဓာတ်ပုံအတုတွေနဲ့ သူငယ်ချင်းတို့ရဲ့စိတ်ကိုအမြဲအနှောင့်အယှက်ပေးနေပါလိမ့်မယ်။ ကိုယ်ဖတ်လိုက်ရတဲ့ သတင်းဟာ မှားသလား၊ မှန်သလားဆိုတာ သတင်းမှာပါတဲ့စာပါအကြောင်းအရာ တင်မကပဲဓာတ်ပုံကိုပါ Google Image Search နဲ့စစ်ဆေးလို့ရပါတယ်။ Facebook အသုံးပြုနေသ၍ ဒီအမှိုက်တွေကသူငယ်ချင်းတို့ရဲ့ News Feed မှာ ပေါ်လာပါလိမ့်ဦးမယ်။ ဖတ်ပါ။ စဉ်းစားပါ။ စစ်ဆေးပါ။ ပြီးမှယုံပါ။ ဖတ်ပြီးမစဉ်းစားချင်၊ မစစ်ဆေးချင်ရင်တော့ တွေးပြီးမှယုံကို ပေးပို့စစ်ဆေးပေးပါ။ Share ခလုတ်တော့မနှိပ်လိုက်ပါနဲ့။