Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>NLD က ဘင်္ဂါလီ စကားပြောသင်တန်းဖွင့်နေတယ်ဆိုတဲ့ ဂျင်းသတင်း
နိုင်ငံရေးလူမျိုးရေး

NLD က ဘင်္ဂါလီ စကားပြောသင်တန်းဖွင့်နေတယ်ဆိုတဲ့ ဂျင်းသတင်း

သူငယ်ချင်းတို့ရေ…

သတင်းတု၊သတင်းမှားတွေက ဒီရက်ပိုင်းအရမ်းကိုပျံ့နှံ့လာနေပါတယ်။တွေးပြီးမှယုံရဲ့တွေ့ရှိချက်အရ သတင်းတုဖန်တီးသူတွေ၊ဖြန့်ဝေသူတွေဟာ သတင်းအသိပညာနိမ့်ပါးတဲ့ facebook အသုံးပြုသူတွေဆီကို ဦးတည်နေတာဖြစ်ပြီးတော့ လူတွေကို သူတို့ရဲ့သတင်းတုတွေနဲ့ အထင်အမြင်တွေလွဲမှားအောင် အတွေးအခေါ်တွေ မှားယွင်းအောင် ပုံဖော်နေတာဖြစ်ပါတယ်။

ဒီတစ်ခါမှာလည်း လူတွေကို အထင်အမြင်လွဲအောင်လုပ်နေတဲ့ သတင်းတုတစ်ခုကို တွေးပြီးမှယုံက တွေ့ရှိပါတယ်။

NLD က ဘင်္ဂါလီ စကားပြောသင်တန်းတစ်ခုကို နေပြည်တော်မှာဖွင့်နေတယ်ဆိုတဲ့ သတင်းတု(ဂျင်းသတင်း)တစ်ခုပါ။ဒီသတင်းတုဟာ Like ၅၀၀ ကျော်၊ Share ၂၂၀၀ ကျော်အထိရှိနေလို့ ဒီသတင်းတုကို မယုံသင့်တဲ့အကြောင်းအချက်အလက်စစ်ဆေးပြီး ဖော်ထုတ်လိုက်ပါတယ်။

(၁) ဓာတ်ပုံကိုစစ်ဆေးကြည့်တဲ့အခါမှာ ဒီဓာတ်ပုံကို Photoshop ပြုလုပ်ထားတာကိုတွေ့ရပါတယ်။ဓာတ်ပုံအစစ်အမှန်ကတော့ မွန်ပြည်နယ်သံဖြူဇရပ်မြို့နယ်မှာဧပြီလတုန်းက ပြုလုပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊စာရေးတွေအတွက် စွမ်းဆောင်ရည် မြှင့်တင်သင်တန်းဓာတ်ပုံဖြစ်နေတာကိုတွေ့ရပါတယ်။

(၂)သတင်းတုကိုတင်တဲ့ Han Sabal ဆိုတဲ့ Account ဟာ မည်သူမည်ဝါဖော်ပြမထားတဲ့ အကောင့်တုတစ်ခုဖြစ်ပြီး NLD ပါတီအပါအဝင် ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်တဲ့ပို့စ်တွေတင်လေ့ရှိတဲ့သူတစ်ဦးဖြစ်ပါတယ်။

သူငယ်ချင်းတို့ရေ …

သတင်းတုတွေမှာ ပါဝင်တဲ့ ဓာတ်ပုံတွေကို Google Image မှာတိုက်ဆိုင်စစ်ဆေးလို့ရတယ်ဆိုတဲ့အကြောင်း ပြောပြထားပြီပါပြီနော်။သတင်းမှာပါဝင်တဲ့အကြောင်းအရာကိုသံသယရှိတယ်ဆိုရင် ဓာတ်ပုံကိုစစ်ဆေးကြည့်ရင်လည်း သတင်းတုလား၊အစစ်လားဆိုတာ ခန့်မှန်းလို့ရနိုင်ပါတယ်။သူငယ်ချင်းတို့ကိုယ်တိုင် မစစ်ဆေးနိုင်ရင်လည်း တွေးပြီးမှယုံကို ပေးပို့စစ်ဆေးပေးလို့ရပါတယ်။သတင်းတုမှန်း၊အစစ်မှန်းမသိပဲ အလွယ်တကူ Share မလုပ်လိုက်ကြဖို့တော့ အရေးတကြီး သတိပေး လိုက်ပါရစေ။

%d bloggers like this: