Home>>ဆောင်းပါး>>Like တွေ Share တွေဟာ လူသတ်မှုပါပဲ။
ဆောင်းပါးနိုင်ငံတကာ

Like တွေ Share တွေဟာ လူသတ်မှုပါပဲ။

Like တွေ Share တွေဟာ လူသတ်မှုပါပဲ။ Facebook ပေါ်က သတင်းအချက်အလက်အမှားတွေဟာ လူတွေကိုသတ်နေတာပါပဲလို့ နိုင်ဂျီးရီးယားရဲတွေက ဆိုပါတယ်။

BBC Africa Eye အတွက် Yemisi Adegoke မှ ရေးသားထားသည်ကို တွေးပြီးမှယုံမှ ဆီလျော်အောင် ဘာသာပြန်သည်။

Facebook ပေါ်ကသတင်းအချက်အလက်အမှားတွေ၊လူတွေရဲ့ဒေါသကိုမီးညှိပေးတဲ့ဓာတ်ပုံတွေဟာ နိုင်ဂျီးရီးယားနိုင်ငံ ပလာတူးပြည်နယ်က လူဒါဇင်နဲ့ချီပြီးအသတ်ခံရတဲ့ လူမျိုးစုအကြမ်းဖက်မှုအတွက် အားပေးကူညီခဲ့တာဖြစ်တယ်လို့ နိုင်ဂျီးရီးယားရဲတွေကပြောပါတယ်။

ဘီဘီစီ အာဖရိကမျက်လုံးအစီအစဉ်ကနေ Facebook ကိုဆက်သွယ်ကြည့်တဲ့အခါမှာ နိုင်ဂျီးရီးယားနိုင်ငံကိုသတင်းမှားထောင်ချီဖြန့်နေတဲ့ ဗြိတန်က လူတစ်ယောက်ရဲ့  အကောင့်တစ်ခုကို Facebook ကပိတ်လိုက်ပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ အင်တာနက်အသုံးပြုသူ ၂၄သန်းရှိနေပြီး သတင်းအချက်အလက်အမှားတွေကို အချိန်ပြည့်စောင့်ကြည့်တဲ့ အချက်အလက်စစ်ဆေးသူတွေကတော့ လေးယောက်ပဲရှိပါတယ်လို့ Facebook က သူတို့ရဲ့တတိယအဖွဲ့ အစည်းအဖြစ် ချိတ်ဆက်ဆောင်ရွက်တဲ့ အချက်အလက်စစ်ဆေးသူ အရေအတွက်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

သင်ခန်းစာ (၁)
လမ်းမပေါ်က မီးတောက်များ

၂၀၁၈ခုနှစ် ဇွန်လ ၂၃ရက်နေ့မှသွေးထွက်သံယိုဓာတ်ပုံတွေဟာ Facebook ပေါ်ကို ပျံ့နှံ့လာပါတယ်။

ဓာတ်ပုံတစ်ပုံကတော့ တောခုတ်ဓားနဲ့ ခေါင်းကနေ မေးရိုးအထိ ဓားလွတ်ခုတ်အခံထားရတဲ့ကလေးတစ်ယောက်ရဲ့ဓာတ်ပုံဖြစ်ပါတယ်။ ဓားနဲ့အခုတ်ခံထားရလို့ ဦးခေါင်းခွံ ပွင့်ထွက်နေတဲ့ယောကျာ်းတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ဟာလည်း ကြည့်ရှုသူအရေအတွက် တစ်သောင်းတစ်ထောင်ေကျော်ရှိနေပါပြီ ။နောက်ပြီး မြေပြင်ပေါ်က အိမ်တွေမီးရှို့ဖျက်ဆီးခံထားရတဲ့ပုံတွေ၊အစုလိုက်အပြုံလိုက် အသတ်ခံထားရတဲ့ မြေကျင်းထဲက အလောင်းကောင်ပုံတွေ၊အိပ်ယာထဲမှာအသတ်ခံထားရတဲ့ ကလေးတွေရဲ့ ပုံတွေ…….။
ဒီဓာတ်ပုံတွေကို Facebook ပေါ်တင်တဲ့သူတွေ၊Share တဲ့သူတွေက ဒီဓာတ်ပုံတွေဟာ နိုင်ဂျီးရီးယားနိုင်ငံ ပလာတူးပြည်နယ်၊ဂက်ရှစ်ခရိုင်မှာဖြစ်တဲ့ အစုလိုက်အပြုံလိုက်လူသတ်မှုဆိုပြီး အခိုင်အမာပြောဆိုရေးသားပြီးတင်ကြပါတယ်။ ခရစ်ယာန်ဘာသာကိုးကွယ်တဲ့ လူနည်းစုဘီယွန်မျိုးနွယ်တွေကိုဖူလာနီမွတ်စ်လင်တွေကသတ်ပစ်ကြတာလို့သူတို့က ဆိုကြပါတယ်။
အဲဒီနောက်တော့သတင်းပတ်အကုန်မှာ ဂက်ရှစ်မှာ အစုလိုက်အပြုံလိုက်လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ရဲအရာရှိတွေနဲ့ ဒေသဆိုင်ရာ ခေါင်းဆောင်တွေရဲ့ပြောကြားချက်အရ ဇွန်လ ၂၂ရက်နဲ့ ၂၄ရက်နေ့အတွင်း ဘီယွန် ၈၆ယောက်ကနေ ၂၃၈ယောက် အထိ အသတ်ခံခဲ့ရတယ်လို့သိရပါတယ်။
ဒီလိုဒေါသတွေကိုမီးမြှိုက်ပေးတဲ့ ဓာတ်ပုံတွေ Facebook ပေါ်ပျံ့နှံ့နေတုန်းမှာ အပြင်မှာတော့ ဂက်ရှစ်ဒေသက အစုလိုက်အပြုံလိုက်လူသတ်ပွဲအတွက် ဘာမှ ကာကွယ်ချိန်မရလိုက်ပါဘူး။”ဒီအပြစ်မဲ့ကလေးကိုသတ်တဲ့မျိုးဆက်တစ်ခုလုံးကို အကုန်မျိုးဖြုတ်ပစ်”လို့ရေးထားတဲ့ ကလေးရဲ့ဓာတ်ပုံဟာ Facebook ပေါ်မှာ လွန်ခဲ့တဲ့လအနည်းငယ်လောက်ထဲကပျံ့နှံ့နေခဲ့ပြီးသားဓာတ်ပုံဖြစ်ပါတယ်။ဦးခေါင်းခွံဟက်တက်ကြီးကွဲနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ဗီဒီယိုဟာလည်း နိုင်ဂျီးရီးယားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ကိစ္စမဟုတ်ပါဘူး။ နိုင်ဂျီးရီးယားနဲ့ မိုင်တစ်ထောင်ကျော်လောက်ဝေးတဲ့ ကွန်ဂိုနိုင်ငံမှာ၂၀၁၂ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့မှတ်တမ်းတစ်ခုပဲဖြစ်ပါတယ်။

baby.2_1_of_1_6q1ataf-mr_jps4wr7
ဒါပေမယ့် အမှန်တရားဟာ အရေးမကြီးပါဘူး။ မြို့နဲ့နာရီအနည်းငယ်ဝေးတဲ့ ခရိုင်ရဲ့မြောက်ပိုင်းက ကျေးလက်ဒေသမှာ သူတို့လူမျိုးတွေအစုလိုက်အပြုံလိုက်အသတ်ခံရတယ်ဆိုတဲ့ဓာတ်ပုံတွေကိုကြည့်ပြီး Jos မြို့က ဘီယွန်လူငယ်တွေဟာ ဒေါသမီးဟုန်းဟုန်းတောက်လောင်နေကြပါတယ်။ မြို့သူ၊မြို့သားတွေလည်း အသတ်ခံရတော့မယ်လို့လူ အများစုက Facebook ပေါ်မှာ ပို့စ်တွေတင်ခဲ့ကြပါတယ်။လူအနည်းငယ်လောက်ကပဲ မေးခွန်းထုတ်ကြပါတယ်။ဖုန်းတွေဆီကိုပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေရဲ့  မူလဖြစ်ပွားတဲ့နေရာကိုအချက်အလက်စစ်ဆေးဖို့ပြောကြပါတယ်။
“ဒီဓာတ်ပုံတွေမြင်မြင်ချင်း ကျတော့်ဘေးမှာရှိနေတဲ့ ဖူလာနီအမျိုးသားကို လည်ပင်းညှစ်သတ်ချင်ပါတယ် လို့ ဘီယွန်လူငယ်ခေါင်းဆောင်တစ်ယောက်က ဘီဘီစီကိုပြောပါတယ်။ ကိုယ့်ညီအကိုတွေအသတ်ခံနေရတာမြင်တော့ လည်း ပြန်တုံ့ပြန်ချင်လာတာပေါ့”
ဒီဓာတ်ပုံတွေဟာ အကြောက်တရားအတွက်၊အမျက်ဒေါသအတွက်၊ဖူလာနီမွတ်စ်လင်တွေကို လက်စားချေတုံ့ပြန်ဖို့အတွက် ယမ်းပုံမီးကျပေါက်ကွဲမှုဖြစ်ပါတယ်။အဲဒီပေါက်ကွဲမှုရဲ့ ဝါးမျိုးမှုကို ခံခဲ့ရတဲ့သူကတော့
ဖခင်တစ်ယောက်လည်းဖြစ်၊လင်ယောကျာ်းတစ်ယောက်လည်းဖြစ်တဲ့ အလီအယ်ဟာဂျီ မိုဟာမက်ပါ။

fn_jos_8_of_43_fxkwkcf-mr_rx17d1i
လူဦးရေတစ်သန်းလောက်နေထိုင်တဲ့ Jos မြို့ပေါ်မှာ အလီဟာ အာလူးရောင်းသူတစ်ယောက်ပါ။

ဇွန်လ ၂၄ရက်နေ့မှာ အလီဟာ သူ့ဖောက်သည်တွေနဲ့တွေ့ဖို့ မန်ဂူလို့ခေါ်တဲ့မြို့ကိုသွားခဲ့ပါတယ်။အရောင်းအဝယ်ကိစ္စကြောင့် ဒီမြို့ကို အခေါက်ပေါင်းရာချီသူသွားခဲ့ဖူးပါတယ်။မနက်ပိုင်းဝတ်ပြုပြီးတဲ့နောက် သူ့မိန်းမနှစ်ယောက် အမ်မာနဲ့အမီနာ၊ကလေးဆယ့်ငါးယောက်တို့နဲ့အတူ ညစာစားချိန်မှီအောင်လို့ သူခပ်စောစောပဲ မြို့ကနေထွက်လာခဲ့ပါတယ်။

အိမ်အပြန်ခရီးမှာ အလီက လူစုပြီးစီးတဲ့အငှားကားနဲ့ပြန်လာခဲ့ပါတယ်။လမ်းခုလတ်မှာ တာယာတွေကိုမီးရှို့ထားပြီးလမ်းကိုပိတ်ထားတာကိုတွေ့ရပါတယ်။ဓားတိုတွေ၊ဓားရှည်တွေကိုင်ထားတဲ့ ဘီယွန်လူအုပ်ကြီးက ကားမောင်းတဲ့လူကို ဖူလာနီမွတ်စ်လင်ပါလားဆိုပြီး စစ်ဆေးပါတယ်။
အဲဒီနောက်မှာ နောက်ထပ်ခရီးသွားယောကျာ်းတစ်ယောက်နဲ့အတူ အလီဟာ ကားပေါ်ကနေဆွဲချခံရပါတယ်။သူ့ရဲ့မီးလောင်နေတဲ့ခန္ဓာကိုယ်ကို နောက်သုံးရက်အကြာမှာ ဂျို့စ်-အဘူဂျာ လမ်းမတစ်နေရာမှာ ရှာတွေ့ခဲ့ပါတယ်။သူ့ခန္ဓာကိုယ်ဟာ ဆိုးဆိုးရွားရွားပုံပျက်နေပြီဖြစ်တာကြောင့် သူ့ဇနီးတွေကတော့ မကြည့်ရဲခဲ့ကြပါဘူး။
အလီဟာ ဇွန်လ ၂၄ရက်နေ့က ကားပေါ်ကနေဆွဲချအသတ်ခံရတဲ့ လူ၁၁ယောက်ရှိတဲ့အထဲကမှ တစ်ယောက်ပဲဖြစ်ပါတယ်။

တချို့က ကားပေါ်ကနေဆွဲချခံရတယ်။တချို့က ဓားရှည်နဲ့အခုတ်ခံရတယ်။ရက်အနည်းငယ်ကြာတဲ့အထိသူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ မြောင်းထဲမှာ၊အိမ်နောက်ဖေးမှာ၊လမ်းမပေါ်မှာ၊မြို့ထဲမှာ …။တော်တော်များများကိုတော့ ဘယ်သူ ဘယ်ဝါဖြစ်တယ်ရယ်လို့ ခွဲခြားမရတော့ပါဘူး။

fn_jos_2_of_12-mr_t99yct5
ဖူလာနီနဲ့ဘီယွန်တွေရဲ့ကြားက ရန်လိုစိတ်ဟာ Facebook ကြောင့်ဖြစ်ပေါ်ခဲ့ရပါတယ်။ဇွန်လ ၂၃နဲ့၂၄မှာ ပျံ့နှံ့ခဲ့တဲ့ ဂရပ်ဖစ် ဓာတ်ပုံတွေနဲ့ သတင်းအချက်အလက်အမှားတွေဟာ လူတွေရဲ့ကလဲ့စားချေလိုစိတ်ကို မီးညှိပေးတာပဲဖြစ်တယ် လို့ ပလာတူးပြည်နယ်က ရဲတွေနဲ့ စစ်တပ်တွေက ယုံကြည်နေပါတယ်။
“ဒီဓာတ်ပုံတွေက တိုက်ခိုက်မှုတွေဖြစ်စေခဲ့တာလို့ထင်ပါတယ်”လို့ ပလာတူး ပြည်နယ်ရဲတပ်ဖွဲ့ လူမှုဆက်ဆံရေးအရာရှိ ယိုပက်တာနာမက်သီးယက်စ်ကပြောပါတယ်။  “Jos မြို့တောင်ပိုင်းက အတိုက်ခိုက်မခံရပါဘူး။ဒါပေမယ့် ဒီဓာတ်ပုံတွေကို မြင်မြင်ချင်းပဲ နောက်တစ်နေ့မှာ လမ်းတွေကို ပိတ်လိုက်ကြတယ်။လူတွေသေကြတယ်။ကားတွေမီးရှို့ခံရတယ်။လူတွေအများကြီးသေကြရတယ်။”

ဒါက လူမှုကွန်ရက်ပေါ်က မီးမွှေးတဲ့ပို့စ်တွေကြောင့် ပလာတူးပြည်နယ်က မြို့တွေ၊ရွာတွေမှာဖြစ်တဲ့
ပထမဆုံး အကြမ်းဖက်မှုမဟုတ်ဘူး။Facebook ပေါ်က သတင်းတုတွေဟာ လူသတ်နေတာပဲလို့ ရဲအရာရှိကပြောပါတယ်။
အမေရိကန်၊အာရှနဲ့ဥရောပမှာ Facebook က သတင်းတု စီးဆင်းမှုတွေကို ကြီးကြီးမားမားစောင့်ကြည့်စစ်ဆေးနေပါတယ်။ဒါပေမယ့် နဂိုထဲက လူမျိုးရေးအကြမ်းဖက်မှုတွေရှိနေတဲ့ အာဖရိကလို ဒေသတွေမှာကျတော့ ဘာလို့ ဒီသတင်းမှား ဗိုင်းရပ်စ်ကို ခွင့်ပြုပေးနေရတာလဲ။နိုင်ဂျီးရီးယားနိုင်ငံရဲ့ ပြဿနာဒေသမှာ အမုန်းတရားတွေမလှုံ့ဆော်ဖို့၊အကြောက်တရားတွေမပျံ့နှံ့စေဖို့ အလိမ်အညာတွေဝါဒမပြန့်နိုင်အောင်လို့ Facebook က သူတို့ရဲ့ မူဘောင်တွေကို ဘာတွေအသေအချာလုပ် ဆောင်ပြီးနေပြီလဲ…….။

Credit to: Like,Share,Kill

%d bloggers like this: