Home>>ဆောင်းပါး>>သင်ခန်းစာ (၅) အကုန်လုံးကိုရှင်းပစ်
ဆောင်းပါး

သင်ခန်းစာ (၅) အကုန်လုံးကိုရှင်းပစ်

သူငယ်ချင်းတို့ရေ……
BBC က သတင်းမှားတွေနဲ့ ပတ်သက်ပြီး ဆောင်းပါးလေး တစ်ပုဒ်ကို သူငယ်ချင်းတို့ လေ့လာလို့ရအောင် ဖော်ပြပေးလိုက်ပါတယ်နော်။

နိုင်ဂျီးရီးယားမှာတော့ သတင်းမှားတွေ၊ အမုန်းစကားတွေဟာ အမြဲရောထွေးနေကြပါတယ်။ သတင်းမှားဆိုတာဘာလဲ။အမုန်းစကားဆိုတာဘာလဲ ခွဲခြားတတ်တဲ့သူလည်းသိပ်မရှိကြပါဘူး။

ဖေ့ဘွတ်ခ်က အမုန်းစကားတွေကိုအမြစ်မဖြတ်ပဲ၊ သတင်းမှားတွေကို ကာကွယ်ဖို့မကြိုးစားပဲနဲ့တော့ လူတွေရဲ့အာရုံမှာ ရှင်းလင်းနေမှာမဟုတ်သလို၊ ဒီအင်တာနက်ပေါ်မှာ မီးမွှေးနေတဲ့ ပို့စ်တွေဟာ ရာချီပြီး ဆက်ပြန့်နေဦးမှာပါပဲ။

တချို့ပို့စ်တွေဆိုရင် လူမျိုးရေး မုန်းတီးမှုအပေါ်အခြေခံတဲ့စကားတွေသုံးပြီး ရက်ရက်စက်စက် ယုတ်ယုတ်မာမာရေးသားထားကြတာပါ။ တချို့ပို့စ်တွေကတော့ လူသတ်ပွဲတွေအကြောင်း မဟုတ်မမှန်လျှောက်ဖွကြပါတယ်။ တော်တော်များများကတော့ သတင်းမှန်တဝက်၊ ကောလဟာလတဝက်နဲ့ ဖြန့်ကြတယ်။ နိုင်ဂျီးရီးယားအလယ်ပိုင်းက ကျေးရွာတွေဆီ ဖုန်းတလုံးကနေ တလုံးပြန့်သွားပြီး လွန်ခဲ့နှစ်ပေါင်းများစွာထဲက ပဋိပက္ခတွေကြောင့် ကြောက်လန့်နေကြသူတွေကို ဒီပို့စ်တွေက သွေးထိုးပေးကြပါတော့တယ်။

ဒီလို ဒွိဟဖြစ်စေတဲ့ အခြေအနေတွေကို တွန်းပို့တဲ့ ပုဂ္ဂိုလ်တစ်ဦးကတော့ ဒေါက်တာ အိုင်ဒရစ် အာမက်ပါပဲ။ သူ့ကို အွန်လိုင်းဖောက်ခွဲရေးသမားလို့ နိုင်ဂျီးရီးယားစစ်တပ်က နာမည်ပေးထားပါတယ်။

အာမက်ဟာ ဖေ့ဘွတ်ခ်ရင်ဆိုင်နေရတဲ့ ပြဿနာပေါင်းသောင်းခြောက်ထောင်ထဲက သက်ရှိထင်ရှားဥပမာတစ်ခုပဲဖြစ်ပါတယ်။သူက ယူကေမှာအခြေချတယ်။ ငြိမ်းချမ်းရေးနဲ့တည်မြဲရေးအတွက်ညီညွတ်သော နိုင်ငံသားများဆိုတဲ့ အဖွဲ့ကို ဦးဆောင်နေတဲ့သူ၊ နိုင်ဂျီးရီးယားမှာမွေး၊ ဗြိတိန်နိုင်ငံသား၊ ဖူလာနီလူမျိုးလို့ သူ့ကိုယ်သူပြောပါတယ်။ ဒါပေမယ့်သူဟာ ကိုဗင်ထရီမြို့ ဆင်ခြေဖုံးရပ်ကွက်ကနေ ပလာတူးပြည်နယ်ကို အကြောက်တရားတွေ ပို့ဆောင်ပေးနေသူပါ။

“ဆိုးရွားရက်စက်တဲ့ဘိုကိုဟာရမ်တွေကို ကျတော်တို့မြင်တွေ့ရတာပဲ။ အပြစ်မဲ့လူကြီး လူငယ်တွေကို သတ်ပြီး သူတို့ရဲ့အသားကို စားနေကြတာကိုတွေ့မြင်ခဲ့ရပါတယ်။ ဒီဘီယွန်အကြမ်းဖက်သမားတွေဟာ အဆိုးဆုံးအဆင့်ကိုရောက်နေပါပြီ။ အာဖရိကတိုက်တစ်ခုလုံးမှာ အဆိုးရွားဆုံးလူရိုင်းတွေဖြစ်နေပါပြီ။ ဒီဘီယွန် အကြမ်းဖက်သမားတွေကို ကျတော်တို့သုတ်သင်ပစ်ရပါတော့မယ်။ သုတ်သင်ပစ်ဖို့မဖြစ်မနေလိုအပ်နေပါပြီ”လို့သူက ၂၀၁၈ခုနစ် အောက်တိုဘာလကရေးခဲ့ပါတယ်။ ဒီပို့စ်ဟာ Share အရေအတွက် ၈၉၀ ကျော်တောင်ရှိနေပါပြီ။

Untitled design

“လူရိုင်းတို့၊ လူသားစားမျိုးနွယ်တို့ဆိုတဲ့ စကားလုံးအသုံးအနှုန်းတွေဟာ ထိတ်လန့်စရာပါ။ ဒါပေမယ့် အကြမ်းဖက်သမားဆိုတာက ပိုပြီး အဓိကကျပါတယ်။ အာမက်က ဘီယွန်တွေကို ရည်ညွန်းဖို့ ဒီစကားလုံးကို ခဏခဏသုံးပါတယ်။ သူတို့ကိုသုတ်သင်ပစ်ဖို့လည်း နှစ်ကြိမ်တိုင်တိုင်သုံးစွဲရေးသားပါတယ်။

အမျိုးသားရေးအရရော နိုင်ငံတကာကပါ ဘီယွန် အကြမ်းဖက်အုပ်စုလို့ သတ်မှတ်ထားတာမရှိပါဘူး။ ဘီယွန်လူမျိုးတွေပလာတူးပြည်နယ်က အဓိကရုဏ်းမှာ ကျူးလွန်ခဲ့စဉ်တုန်းကတောင် ဘီယွန်မျိုးနွယ်စုတခုလုံးအနေနဲ့ အကြမ်းဖက်မှုမှာပါဝင်ပတ်သက်တာမဟုတ်ပါဘူး။

ဒါပေမယ့် အာမက်ရဲ့ follower တွေကတော့ အာမက်သုံးခဲ့တဲ့စကားလုံးတွေလိုပဲ ဘီယွန်လူမျိုးစုတွေကို လူအဖြစ်ကယုတ်လျော့အောင် ပြောဆိုလာကြပါပြီ။ သူ့ပို့စ်အောက်ကကွန်မန့်တွေဟာလည်း ဘီယွန်တွေအကုန်သတ်ပစ်၊ လူသားစားလူရိုင်းတွေစတဲ့ စကားလုံးတွေဖြစ်ကုန်ပါပြီ။ ဖတ်တဲ့သူတွေဟာ ဒီလူသတ်သမားတွေကို ဖော်ထုတ်ရတာ ဂုဏ်ရှိတယ်။ စစ်တပ်က ဒီကောင်တွေကို အစိတ်စိတ်အမွှာမွှာဖြစ်အောင် အမြစ်ပြတ်ချေမှုန်းလိမ့်မယ်လို့ ယုံကြည်နေကြပါပြီ။

ဖေ့ဘွတ်ခ်ပေါ်မှာ ဘီယွန်မျိုးနွယ်စုတွေကို အကြမ်းဖက်ဖို့ ဝါဒဖြန့်နေတာ အာမက်တစ်ယောက်ထဲမဟုတ်ပါဘူး။ ဟော်ဆာ ဘာသာစကားနဲ့ ရေးထားတဲ့ ဘီယွန်တွေကိုရှင်းပစ်ဆိုတဲ့ ပို့စ်တွေဆိုရင် ပိုပြီးတော့တောင် ထင်ထင်ရှားရှားရှိပါတယ်။ “လုံခြုံရေးတပ်ဖွဲ့တွေဟာ Amnesty International (လူ့အခွင့်အရေးလှုပ်ရှားသည့်နိုင်ငံတကာအဖွဲ့အစည်း)ကို လျှစ်လျှူရှုပြီး ဘီယွန်တွေအကုန်လုံးကိုသတ်ပစ်ရမယ်” Follower ၅၀၀၀ ကျော်ရှိတဲ့ လူတစ်ယောက်က သူ့ဖေ့ဘွတ်ခ်မှာ ဇွန်လ ၂၅ ရက်နေ့ကရေးသားပါတယ်။

“ခေတ်မှီလက်နက်ကြီးတွေသုံးပြီး အဲဒီက (ဘီယွန်တွေနေတဲ့နေရာ) လူတွေရော၊ တိရစ္ဆာန်တွေရော၊ ငှက်တွေပါသတ်ကွာ”တဲ့။

ဒီနှစ် စက်တင်ဘာမှာတုန်းကလည်း အာမက်က ဗိုလ်ချုပ်တစ်ယောက်သေဆုံးပြီဆိုတဲ့ မသေချာမရေတဲ့သတင်းတစ်ပုဒ်ကို ဖေ့ဘွတ်ခ်မှာတင်ခဲ့ပါသေးတယ်။ သူ့ပို့စ်က စစ်တပ်ကိုပါ ဒီလူသတ်ပွဲတွေထဲမှာ ဝင်ပါချင်အောင်ဝါဒဖြန့်ထားတာပါ။ ဒီလိုတင်းမာမှုဖြစ်တဲ့အခြေအနေမျိုးမှာ စစ်တပ်ကိုပါ ဆွပေးတဲ့သဘောပေါ့။ နိုင်ဂျီးရီးယားစစ်တပ်ကတော့ ဒီပို့စ်ကို ဒေါသူပုန်ထပါတယ်။

ဒေါက်တာ အိုင်းဒရစ် အာမက်ရဲ့ ဒီကလေးကလားပို့စ်အတွက် ကျတော်တို့ဘက်က သက်သေပြလို့ရပါတယ်။ အာမက်ဒီလိုရေးတာတွေကို ရူးနေလို့ရေးတာ၊ အမှန်တရားနဲ့လုံးဝလွဲနေတာတွေလို့ နိုင်ဂျီးရီးယားစစ်တပ်ရဲ့ လူထုဆက်ဆံရေး ဒါရိုက်တာ တက်ဆက်စ်ချူကူးက ပြောပါတယ်။

ဂျို့စ်မြို့က ဘီယွန်မျိုးနွယ်စုတွေက အာမက်ရဲ့ဖေ့ဘွတ်ခ်ပေါ်ကလုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုကို ကောင်းကောင်းနားလည်ကြပါတယ်။

“အိုင်းဒရစ်ဆိုတာ ဖျက်ဆီးရေးသမားပါ။ သူဟာ အမုန်းတရားဆိုတဲ့ တပ်မတော်တစ်ခုကို လူတွေကြားမှာ တည်ဆောက်ခဲ့တဲ့သူတစ်ဦးဖြစ်ပါတယ်”လို့ ဂျို့စ်မြို့မှာနေတဲ့ ဘီယွန်လူငယ်ခေါင်းဆောင် ဂျိုရွှာပွာဂျော့က ပြောပါတယ်။

ဂျို့စ်တက္ကသိုလ်က နိုင်ငံရေးသိပ္ပံပါမောက္ခ ဆမ်ဂိုဒေါင်ကတော့ အမုန်းစကားတွေနဲ့သတင်းမှားတွေ ပုံရိပ်ထင်နေတာကို ဖေ့ဘွတ်ခ်က အရေးကြီးတဲ့အခြေအနေတစ်ခုအနေနဲ့ နားမလည်မှာကိုပဲ ကြောက်တယ်လို့ ပြောပါတယ်။ “လူမျိုးတုံးသတ်ဖြတ်မှုအတွက် ဒါကို ကျတော်တို့စုပေါင်းတုံ့ပြန်ရပါမယ်။ ကျတော်တို့ရင်ဆိုင်နေရတဲ့ဖိအားကို ဖေ့ဘွတ်ခ်ကို သိစေချင်မိပါတယ်။ သူတို့သာသိမယ်ဆိုရင် ဒီလိုမတုံ့မလှုပ်ဘဲ၊ ဘာမှမခံစားရပဲ နေနေနိုင်ဦးမလား ဆိုတာ ကျတော်အံ့သြမိပါတယ်။ ကျတော်တို့ လူတွေရဲ့ဘဝတွေအကြောင်း ပြောနေတာပါဗျာ”လို့ဆိုပါတယ်။

အထူးသဖြင့် အသက်သေဆုံးမှုတွေ ဆက်တိုက်ဖြစ်နေတဲ့နိုင်ငံတွေမှာ၊ ပြင်ပကမ္ဘာကိုပါ အန္တရာယ်ဖြစ်လာစေတဲ့ သတင်းမှားတွေကို ကာကွယ်ဖို့ နေ့ရောညပါ လုပ်ဆောင်နေတဲ့ အဖွဲ့ရှိကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံးက ဒီလိုအရေးကိစ္စတွေကို ကိုင်တွယ်ဖို့ ဝန်ထမ်းတွေလည်း ထပ်ငှားနေကြောင်း၊ ဒါပေမယ့် နိုင်ဂျီးရီးယားမှာတော့ အချက်အလက်အားဖြင့် တိတိကျကျလုပ်ရကိုင်ရမလွယ်ကြောင်း ဖေ့ဘွတ်ခ်က ဘီဘီစီကိုပြောပါတယ်။

ဖေ့ဘွတ်ခ်က အိုင်းဒရစ်အာမက် ရှိနေတာကိုလည်း မသိပါဘူး။

သူ့အကောင့်က ၂၀၁၆ ခုနှစ်ကတကြိမ် ၂၀၁၇ ခုနှစ်ကတကြိမ် ပျက်သွားဖူးပါတယ်။ ဒါပေမယ့် နောက်ရက်နည်းနည်းလည်းကြာတော့ ပြန်ဖွင့်ပါတယ်။ ဘီဘီစီ အာဖရိက မျက်လုံး အစီအစဉ်ကနေ ဘီယွန်အကြမ်းဖက်သမားတွေ၊ အကုန်သတ်ပစ်ဆိုတဲ့ ပို့စ်ကို နိုဝင်ဘာ ၈ ရက်တုန်းက ဖေ့ဘွတ်ဆီ အကြောင်းကြားကြည့်ခဲ့ပါတယ်။ ကုမ္ပဏီက အဲဒီနေ့မှာပဲ ပို့စ်ကိုချက်ချင်းဖြုတ်ပေးပြီး အာမက်ရဲ့ အကောင့်ကို တတိယအကြိမ်ဖျက်လိုက်ပါတယ်။ ဒါပေမယ့် follower သုံးသောင်းကျော်ရှိတဲ့ သူ့ရဲ့ဖေ့ဘွတ်ခ်အကောင့်နောက်တစ်ခုမှာတော့ ဘီယွန်အကြမ်းဖက်ဆိုတဲ့ စကားလုံးဟာ သက်ဝင်လှုပ်ရှားနေတုန်းပါပဲ။

အာမက်ကို ဘီဘီစီက ထင်မြင်ချက်ပေးဖို့ ဆက်သွယ်တော့ သူက ဘာမှမတုံ့ပြန်ပါဘူး။ ဖုန်းထဲမှာတော့ ဘီဘီစီရဲ့သူ့ဖေ့ဘွတ်ခ်အကောင့်အပေါ် ဖော်ပြချက်တွေဟာ ပေါတောတော နိုင်ပြီး သူ့ရဲ့ စရိုက်လက္ခဏာကိုဖော်ပြတာဟာ တရားမျှတမှုမရှိဘူးလို့ပြောပါတယ်။

“ဖေ့ဘွတ်ခ်က လူတွေ သိအောင်လုပ်ပြီး ကျတော့်အကောင့်ကို ပြန်ရဖို့လုပ်ဦးမှာပါ။ ကျတော်တို့ရဲ့အောင်မြင်မှုတွေကို ဆုတောင်းပေးကြပါဦး”လို့ သူ့ follower တွေဆီကို ပြောကြားခဲ့ပါတယ်။

%d bloggers like this: