Home>>ဆောင်းပါး>>၂၀၁၈ က အထူးခြားဆုံး ဂျင်းသတင်းများ
ဆောင်းပါး

၂၀၁၈ က အထူးခြားဆုံး ဂျင်းသတင်းများ

သူငယ်ချင်းတွေရေ ကျနော်တို့ တွေးပြီးမှယုံက ၂၀၁၈ တစ်နှစ်လုံးကို ပြန်ကြည့်လိုက်တဲ့အခါ ကျနော်တို့ ဖော်ထုတ်ခဲ့တဲ့ ဂျင်းသတင်းတွေက မနည်းဘူးနော်။ အခုဆိုရင်တော့ တွေးပြီးမှယုံ ပရိသတ်တို့ အပါအဝင် သူငယ်ချင်းတွေအားလုံးဟာ ဂျင်းသတင်းတွေကို ခံနိုင်ရည်တွေရှိလာပြီး ဘယ်သူလာဂျင်းဂျင်း ဘယ်လိုစစ်ဆေးရမလဲဆိုတာလည်း သိနေကြပြီပေါ့နော်။ အဲ့ဒါကြောင့် အခု ၂၀၁၉ ခုနှစ်လည်း စပြီဆိုတော့ ၂၀၁၈ က အထူးခြားဆုံး ဂျင်းသတင်းတွေကို ပြန်လေ့လာကြည့်ပြီး ၂၀၁၉ မှာ ဂျင်းသတင်းမမိအောင် နေလိုက်ကြတာပေါ့နော်။

၁ – ဇန်နဝါရီ ၉ ရက်နေ့ – နိုင်ငံတော့် သမ္မတရုံးကိုယ်တိုင် ကနေပြောနေရတဲ့ ကြေညာချက်အတုတွေ အကြောင်း

၂၀၁၈ ခုနှစ်ကို ပြန်ကြည့်လိုက်မယ်ဆိုရင် နှစ်စပိုင်းကတည်း နိုင်ငံတော် သမ္မတရုံး ကိုယ်တိုင်ကတောင် ဂျင်းကြေညာစာနဲ့ ပက်သက်ပြီး သတိပေးရတဲ့ အဖြစ်မျိုးနဲ့ စတင်ခဲ့ရတာနာ။ ဒါတောင်မှ နှစ်စပဲရှိသေးတယ် ဂျင်းတွေက သောင်းကျန်းနေပြီ။

နိုင်ငံတော်သမ္မတရုံးကတော့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကိုယ်တိုင်က နိုင်ငံတော်ကြေညာချက်အတုတွေ လုပ်နေကြတဲ့ account တွေနဲ့ပက်သက်ပြီး သတိထားဖို့နဲ့ အစိုးရက တကယ်အစစ် ထုတ်ပြန်ခဲ့သည်ရှိသော် အစိုးရရဲ့ Blue Tick တွေပါတဲ့ တရားဝင်သတင်း page တွေနဲ့ နိုင်ငံပိုင်မီဒီယာတွေကမှ​သာ တကယ်ဖြစ်ကြောင်း မေတ္တာရပ်ခံထားတာပါ။

၂ – ဇန်နဝါရီ ၂၅ ရက်နေ့ – Tomorrow သတင်းစာကနေ ဖေ့စ်ဘုတ်က ပြန့်နေတဲ့ သတင်းတုကို သတင်းစာထဲမှာ ပြန်လည်ဖော်ပြမိတဲ့ အဖြစ်

ဇန်နဝါရီလထဲမှာပဲ နောက်ထူးခြားတဲ့ သတင်းတုကတော့ ပေချ့်အတုတခုကနေတင်တဲ့ သတင်းတုကို Tomorrow ဂျာနယ်က အမှား အမှန် စိစစ်ခြင်း မရှိဘဲ ကူးယူဖေါ်ပြခဲ့ပါတာပါ။ ဒီဂျင်းသတင်းဟာဆိုရင်လဲ လူမှုကွန်ယက်မှာ တော်တော်လေးပြန့်နှံ့ ခဲ့ပါတယ်။

Tomorrow ဂျာနယ်က ပြန်လည်ဖော်ပြတဲ့သတင်းတု အနှစ်ချုပ်ကတော့ မြန်မာနိုင်ငံ ရိုဟင်ဂျာလူငယ်များ အဖွဲ့ချုပ်ဆိုတဲ့ ပေချ့်အတုတခုကတင်တဲ့ သတင်းကို အမှန်၊အမှား စိစစ်ခြင်းမရှိဘဲ မျက်နှာဖုံးသတင်း အဖြစ်ဖော်ပြခဲ့တာပါပဲ။ ဒီသတင်းဟာ ဇန်နဝါရီလရဲ့ Tomorrow သတင်းဂျာနယ်မှာ သတင်းအမှန်အနေနဲ့ နေရာယူခဲ့တယ့်သတင်းတု တစ်ပုဒ်ဖြစ်ခဲ့ပါတယ်။

၃ – ဖေဖော်ဝါရီ ၁၉ ရက်နေ့ – ဦးကိုနီ​ ရုပ်ထုကို ပြည်သူ့ရင်ပြင်မှာ စိုက်ထူမယ်ဆိုပြီး သတင်းဌာအတုအယောင်က သတင်းလုပ်ခြင်း

ဖေဖော်ဝါရီကျပြန်တော့ အစိုးရက ပြည်သူ့ရင်ပြင်မှာ ဦးကိုနီ ရုပ်ထုထုပြီး ဂုဏ်ပြုမယ်ဆိုတယ့် သတင်းတု တစ်ခု ထပ်မံထွက်ပေါ်လာပါတယ်။ ဒီသတင်းတုတုန်းကလဲ လူအများစုဟာ သတင်းအမှား၊မှန် မစိစစ်ပဲ သတင်းအစစ်လို့ပဲ ထင်ခဲ့ကြပါတယ်။

သတင်းတုလုပ်တဲ့နေရာမှာ ဘိုးအေကြီးဖြစ်တဲ့ Excellence News Agency ရဲ့ သတင်းတုကတော့ လုပ်ကြံခံခဲ့ရတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ရဲ့ ရုပ်ပုံကို ပြည်သူ့ရင်ပြင်မှာ ရုပ်ထု ပြုလုပ်မယ်လို့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောတယ်ဆိုပြီး သတင်းတုလွှင့်ခဲ့တာပဲ ဖြစ်ပါတယ်။

၄ – မတ်လ ၁၄ ရက်နေ့ – သီရိလင်္ကာစစ်တပ်က အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ပြီးပြောတဲ့ စကားတွေကို လှည့်စား ဘာသာပြန်ထားတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ ဒီတစ်ခါ သတင်းတု လုပ်ပုံကတော့ အဖြစ်အပျက်က မှန်ပေမယ့် ပြောတဲ့စကားတွေကို ဘာသာပြန်ထားတာက လူတွေ အထင်လွဲမှားအောင် လိုရာဆွဲပြီး လျှောက်ရေးထားတာ သတင်းကျင့်ဝတ်နဲ့ မညီပါဘူး။

သီရိလင်္ကာ စစ်တပ်ဝက်ဆိုက်က သတင်းတစ်ခုရဲ့ပုံကို ယူသုံးထားပြီးတော့ သတင်းတုအဖြစ် ပြန်ဖန်တီးရာမှာ လိုရာဆွဲပြီး တကယ်မပြောခဲ့တဲ့ စကားတွေကို ပြောခဲ့သယောင် ဘာသာပြန်ပြီး အမုန်းစကားတွေပါ ထည့်ရေးထားပြီးတော့ စာဖတ်သူတွေကို အမြင်လွဲအောင်လုပ်တာပါ။

၅ – မတ်လ ၂၃ ရက်နေ့ – မြန်မာပြည်ကိုလည်း ရောက်ခဲ့တဲ့ ကမ္ဘာပတ်ကျားသတင်း

သူငယ်ချင်းတို့ရေ ၂၀၁၈ ရဲ့ မှတ်မှတ်ရရ ဟာသလည်းဖြစ်သွားတဲ့ သတင်းတုကတော့ ကမ္ဘာပတ်တဲ့ ကျားသတင်းပါပဲ။

သတင်းတွေထဲက ပြောစမှတ်ဖြစ်စေခဲ့တဲ့ ကျားတိုးရစ် ခေါ် တိုးရစ်ကျား ရဲ့သတင်းတော့ နေရာတစ်နေရာထဲ ပုံတစ်ပုံထဲကနေ မြန်မာနိုင်ငံရဲ့  – ချင်းပြည်၊ လှော်ကား၊ မိတ္ထိလာအပြင် အိန္ဒိယ၊ တရုတ်နိုင်ငံတွေအထိ ခြေရာတွေ ထပ်စေခဲ့သူ ကိုကိုကျား သတင်းပါ။

၆ –  ဧပြီ ၂၀ ရက်နေ့ –  ၂၀၁၂ က ပျက်ခဲ့တဲ့ Air Bagan လေးကြောင်းလိုင်ကိုလည်း ၂၀၁၈ ကျမှ​ ပြန်ပျက်သလိုလို

ဧပြီလထဲက သတင်းတုတစ်ခုကတော့ ပျက်ကျပြီးသား လေယာဉ်က ဒုတိယံမိ ထပ်ပြုတ်ကျ ပေးလိုက်ရတာပါပဲ။ ပုံအဟောင်းကို ပြန်ယူသုံးထားပြီး လက်ရှိမှာဖြစ်သယောင် ပြန်ဖန်တီးထားတဲ့ သတင်းတုပါ။

၂၀၁၂ ခုနှစ် ဒီဇင်ဘာမှာ Air Bagan လေယာဉ် ပျက်ကျခဲ့တဲ့ ပုံတွေကို တသွေမတိမ်း ယူသုံးထားပြီး ၂၀၁၈ မှာ နောက်တစ်ကြိမ် ပြန်ပျက်ကျသလိုလို လုပ်ထားလိုက်တဲ့ ဂျင်းပါပဲ။

၇ – မေလ ၂ ရက် – ထိန်ပင်မီးလောင်တာကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး သွားကြည့်တဲ့သတင်းကိုလည်း photoshop နဲ့ ကော်ဇော်နီ ခင်းလိုခင်း

မေလထဲမှာတော့ သတင်းဓါတ်ပုံကို Photoshot နဲ့ပြုပြင်ထားပြီးတော့ သတင်းသရော်စာရေးထားတာပါ။

လှိုင်သာယာ ထိန်ပင်အမှိုက်ပုံမီးလောင်တဲ့ ကိစ္စနဲ့ပက်သက်ပြီးတော့ မီးသတ်သမားတွေနဲ့ ပြည်သူတွေ တော်တော်ပင်ပန်းခဲ့တဲ့ လပါပဲ။ မီးလောင်တဲ့အမှိုက်ပုံကို ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး သွားရောက်တဲ့ တကယ့်သတင်းပုံကို ကောဇောအနီလေး photoshop နဲ့ ခင်းပေးလိုက်တော့ ရန်ကုန်မြို့တော်ဝန်လည်း နေစရာမရှိတော့ဘူးပေါ့။

၈ – ဇွန်လ ၇ ရက်နေ့ – ပြန်ကြားရေးဝန်းကြီးနဲ့ ဖေ့ဘုတ်တွေ့ဆုံကြရာမှာလည်း သူတို့မဆွေးနွေးတဲ့ အကြောင်းအရာတွေကို မဟုတ်တရုတ်လုပ်ကြပြန်

ဇွန်လထဲမှာ ပြန်ကြားရေးဝန်ကြီးဌာန နဲ့ ဖေ့ဘုတ်တွေ့ဆုံတာကို အကြောင်းပြုပြီးတော့ သတင်းအကြောင်းအရာ၊ သတင်းရင်းမြစ်တွေကို ပြောင်းလဲဖော်ပြထားပြီး သတင်းတု ပြုလုပ်ထားတာပါ။

MOI ကတင်ထားတဲ့ သတင်းကို လက်ရှိအစိုးရကို တိုက်ခိုက်တဲ့ပိုစ့်တင်နေတဲ့ အကောင့်တွေကို ပိတ်သိမ်းရေးအတွက် မြန်မာအစိုးရက ဖေ့ဘုတ်အဖွဲ့ကို ကမ်းလှမ်းထားတယ်ဆိုတဲ့ သတင်းစာသားအမှားတွေပြန်ဖြည့်ပြီး Exercellence News Agency က အတုလုပ်တင်ထားတဲ့သတင်းပါ။

၉ – ဇူလိုင် ၄ ရက်နေ့  – လူမျိုးရေး ၊ ဘာသာရေး ပြဿနာဖြစ်အောင် လှုံ့ဆော်တဲ့နေရာမှာ သတင်းတုတွေသုံးတာမျိုး

ဇူလိုင်လထဲမှာ အပြင်မှာ ဖြစ်တဲ့ ကိစ္စရပ်က တစ်မျိုး လိုင်းပေါ်ရောက်လာတော့ တစ်မျိုး ဖြစ်အောင် သတင်းစကားတွေ လွဲမှားပြီး ပြန့်နှံ့ခဲ့ပါတယ်။

သင်္ဃန်းကျွန်းမြို့နယ် ရန်အောင်ရပ်ကွက် အ.မ.က. (၃၂) ကျောင်းက ကျောင်းသူကျောင်းသားတွေအတွက် ကျောင်းပြုပြင်နေစဉ်မှာ ယာယီ စာသင်ကြားရ အဆင်ပြေအောင် ဓမ္မာရုံအပါအဝင် နေရာသုံးနေရာခွဲပြီး သင်ကြားစေတဲ့ သတင်းကို ဂျင်းသတင်းထိပ်ခေါင် “ ဘက်မလိုက်သတင်းဂျာနယ်”က  ရင်နှင့်စရာဖြစ်ရပ်ဆိုပြီး သတင်းခေါင်းစဉ်တပ် သတင်းတုလုပ်မှပဲ အေးရော။

၁၀ – ဇူလိုင် ၉ ရက်နေ့ – မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ ထိုင်းလူငယ်တွေကို ကယ်ဆယ်တဲ့ ဗီဒီယိုအတု

ဇူလိုင်လထဲမှာ မယ်ဆိုင်ဂူမှာ လူငယ်တွေပိတ်မိနေတဲ့ ကိစ္စနဲ့အတူ ဗီဒီယိုအတုနဲ့ သတင်းတု ဖြန့်ဝေခဲ့တာပါ။

ဒီသတင်းမှာ ၂၀၁၀ ဇွန်လကYoutube မှာတင်ခဲ့တဲ့ ဗီဒီယိုကို ပြန်အသုံးပြုပြီးတော့ အချိန်အခါနဲ့ အံ့ကိုက်လဲဖြစ်တဲ့ မယ်ဆိုင်ဂူထဲက လူငယ်တွေကို အကြောင်းပြပြီး သတင်းတု လုပ်ထားတာပါ။

၁၁ – ဩဂုတ် ၈ ရက်နေ့ – သာသနာရေး ဝန်ကြီး သူရဦးအောင်ကို ဘာသာပေါင်းစုံအဖွဲ့နဲ့ ဆွေးနွေးချက်တွေကို တလွဲတွေသတင်းတုလုပ်

လုပ်ကြံသတင်းလို့ပဲ အလွယ်မှတ်လိုက်ရေတာ့မလိုလို သတင်းတွေနဲ့ သြဂုတ်လပါ။ သတင်းမှန်ကို အခြခံထားပြီး အချက်အလက်တွေ ပြောင်းလဲရေးသားထားတဲ့ သတင်းပါ။

သြဂုတ်လ ၅ ရက်နေ့က ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေး အဖွဲ့နဲ့ တွေ့ဆုံတဲ့ သတင်းကို အချက်အလက်အမှားတွေ ထည့်ရေးထားပြီးတော့ တဖက်နဲ့တဖက်ကို ရန်တိုက်ပေးတဲ့ သတင်းပါ။

၁၂ – စက်တင်ဘာလ ၁၈ ရက်နေ့ – TNLA ကနန်းမိုဟွမ်ကို သတ်လိုက်တယ်ဆိုပြီး ဂျင်းထည့်လိုက်တဲ့ သတင်းတု

စက်တင်ဘာလထဲမှာ တရုတ်ဝက်ဆိုက်တစ်ခုက တင်ထားတဲ့ ပုံကိုယူသုံးထားပြီး သတင်းတုပြုလုပ် ထားတဲ့ သတင်းတစ်ခု ပျံ့နှံခဲ့ပါတယ်။

TNLA က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ နန်းမိုဟွမ်ကို သေနတ်နဲ့ ပစ်သတ်လိုက်ပြီဆိုတဲ့ သတင်းတုကို တိုင်းရင်းသားလက်နက်ကိုင်တွေအချင်းချင်း ပြဿနာဖြစ်အောင် တမင်ဖန်တီးပြီး ရေးသားထားတဲ့သတင်းပါ။

၁၃ – အောက်တိုဘာလ ၁ ရက်နေ့ – ကာကွယ်ရေးဦးစီးချုပ်ကို တရုတ်မှာ ဘုတ်ထောင်ပြီး ဂုဏ်ပြုတယ်ဆိုတဲ့ ဂျင်း

တရုတ်နိုင်ငံ ဘေကျင်းမြို့မှာ ကာကွယ်ရေးဦးစီးချုပ်ကို ထောက်ခံတဲ့အနေနဲ့ CCTV 9 မှာ ၂၄ နာရီ ဂုဏ်ပြုပြီး ဒေါ်လာ သန်း ၅၀၀ အနှစ် ၂၀ ကျော် အတိုးမဲ့ချေးမယ်လို့ ဖော်ပြခဲ့တဲ့ သတင်းပဲ ဖြစ်ပါတယ်။

ဒီသတင်းဟာ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ Amnesty International က ပြုလုပ်တဲ့ Wanted Campaign အပြီး ၂၀၁၈ စက်တင်ဘာ ၂၆ ရက်နေ့မှာ ထွက်ရှိလာတဲ့ သတင်းတုတစ်ခုသာ ဖြစ်ပါတယ်။

၁၄ – နိုဝင်ဘာလ ၇ ရက်နေ့ – နိုဝင်ဘာမှာ ဦးမျိုးရန်နောင်သိမ်းက နိုင်ငံတော် အရေးပေါ်ရန်ပုံငွေ သိန်း ၆၀၀၀ ကိုသုံးနေတယ်ဆိုတဲ့ ဂျင်း

NLD ပါတီ ဗဟိုသုတေသန အတွင်းရေးမှူး မျိုးရန်နောင်သိမ်းက နိုင်ငံတော်အရေးပေါ်ရန်ပုံငွေ သန်း ၆၀၀၀ ကျော်ကို အသုံးပြုနေတယ်ဆိုပြီး ထွက်ရှိလာပြီး Account တွေ၊ Page တွေ၊ Group တွေ တော်တော်များများမှာ ပြန်လည်ကူးယူဖော်ပြမှုတွေ ပြောဆိုမှုတွေနဲ့ ပြန်နှံ့ခဲ့ပါတယ်။

ဒီသတင်းနဲ့ ဆက်စပ်ပြီး မျိုးရန်နောင်သိမ်းကို ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဖမ်းဆီးလိုက်ပြီဆိုတဲ့ သတင်းဟာ ထွက်ပေါ်ခဲ့ပါတယ်။ ဒီလိုသတင်းတွေ ထွက်ပေါ်လာတာနဲ့ ပတ်သက်ပြီး မျိုးရန်နောင်သိမ်းရဲ့ ကိုယ်ပိုင်ဖေ့ဘွတ်စာမျက်နှာမှာ မဟုတ်မမှန်ကြောင်း ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

၁၅ – နိုဝင်ဘာလ ၂၀ နဲ့ ၂၁ ရက်နေ့ – ဒေါက်တာမျိုးညွှန်ရော ဒေါက်တာသန်းဌေးရော ရိုဟင်ဂျာတွေကို ရန်ကုန်မှာပဲ နေရာချထားပေးသင့်တယ်ဆိုပြီး ပေါက်တတ်ကရလုပ်တဲ့ ဂျင်း

သတင်းအစစ်တွေပေါ်လာတိုင်း သတင်းတုတွေက  နောက်ဆက်တွဲ တသီကြီး လိုက်လာတတ်ကြသလေ။ မလေးရှားကို ထွက်ပြေးဖို့လုပ်နေတဲ့ လှေစီးဒုက္ခသည်တွေ ရန်ကုန်ရောက်လာတာနဲ့ ပတ်သက်ပြီး ရန်ကုန်မှာပဲ နေရာချထားပေးသင့်တယ်လို့ NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွှန့်ပြောတယ်ဆိုပြီး ၂၀၁၈ နိုဝင်ဘာ ၁၇/၁၈ ရက်နေ့မှာ ထွက်ရှိခဲ့ပြီး နောက်ဆက်တွဲအနေနဲ့ နိုဝင်ဘာ ၁၉ ရက်နေ့မှာ USDP ပါတီ ဥက္ကဌ ဦးသန်းဌေးက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ရန်ကုန်မှာ နေရာချထားပေးသင့်တယ်ဆိုပြီး သတင်းတု ထွက်ပေါ်လာလိုက်သေးတယ်။

 

၁၆ – ဒီဇင်ဘာလ ၁၂ ရက်နေ့ –  နှစ်ဆုံးရောက်တော့ ဘင်္ဂလီတွေကို ပလီထဲမှာ တွေ့တယ်ဆိုတဲ့ ၂၀၁၈ ရဲ့ နောက်ဆုံး ဂျင်းလေး

အွန်းလိုင်းပေါ်မှာ တရားဝင်သတင်းမီဒီယာတွေက မဖော်ပြပဲ Page/Group/Account တွေက တင်လေ့ရှိတဲ့ သတင်းထူးတို့၊ အထူးသတင်းတို့ဆိုရင် သတိထားဖတ်ရမယ့် သတင်းတွေပါပဲ။

ရန်ကုန်အထူးသတင်းဆိုတဲ့ ခေါင်းစဉ်နဲ့ ဘင်္ဂလီတွေကို ဗလီထဲမှာ တွေ့တယ်ဆိုတဲ့ သတင်းတုတစ်ခု ပေါ်ထွက်လာလိုက်လို့ ဗိုလ်တစ်ထောင် လွှတ်တော်အမတ် ဒေါ်မေစိုးခမျှာ နှစ်ကုန်ခါနီးကျမှ  အဲ့သတင်းက မဟုတ်မမှန်သတင်းဖြစ်ကြောင်းကို  သူ့ဖေ့ဘွတ်ကိုယ်ပိုင်စာမျက်နှာကနေ ပြန်လည်တုန့်ပြန်ပြောဆိုခဲ့ရသေးတယ်။

%d bloggers like this: