သူငယ်ချင်းတို့ရေ…..
သတင်းတုပြုလုပ်တဲ့သူတွေဟာ အရင်က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက် သတင်းတွေနဲ့ ဓါတ်ပုံတွေကို ယူသုံးပြီး လက်တလော စိတ်ဝင်စားစရာ ဖြစ်နေတဲ့ သတင်းတွေအဖြစ် သတင်းတုပြုလုပ်တတ်ကြပါတယ်။ ဒီလိုသတင်းတွေကလည်း အမှန် အမှားကို အလွယ်တကူ နားလည်ဖို့ဆိုတာ သိပ်မလွယ်ကူလှပါဘူး။
အခုလည်း “ဆက်ကြေးကောက်နေသည့် AA အဖွဲ့ဝင်များကို တပ်မတော်မှ အသေရော အရှင်ရော ဖမ်းမိတယ်” ဆိုပြီး သတင်းတု ပြန်နှံ့နေတာ တွေရပါတယ်။ ဒီသတင်းတုဟာ အခုဆိုရင် Like ၅၀၀ ကျော်၊ ပြန်လည်မျှဝေ သူ ၄၀၀ ကျော်ရှိပါတယ်။ တကယ်တော့ ဒီသတင်းတုဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာက RCSS/SSA အဖွဲ့ဝင် ၆ ဦးကို ဖမ်းဆီးတဲ့ သတင်းဓာတ်ပုံကို ပြန်လည်အသုံးပြုပြီး ဖန်တီးထားခြင်းသာ ဖြစ်ပါတယ်။ ဒီသတင်းမှန်ကိုလည်း သူငယ်ချင်းတို့ကြည့်လို့ရအောင် အောက်မှ ဖော်ပြပေးထားပါတယ်နော်။
(၁) ဒီသတင်းနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သတင်းနှင့်ပြန်ကြားရေး website မှာ တရားဝင်ထုတ်ပြန်ထားတာမရှိသလို
(၂) သတင်းပါ ဓာတ်ပုံတွေဟာ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကမှာ SSA တပ်ဖွဲ့ဝင်ခြောက်ဦးကို တပ်မတော်က ဖမ်းဆီးမိခဲ့တဲ့ ပုံတွေဖြစ်ပါတယ်။
သူငယ်ချင်းတို့အနေနဲ့လည်း သတင်းတစ်ပုဒ်မှာ သတင်းဓါတ်ပုံ ပါပေမယ့်လည်း အလွယ်တကူမယုံကြည်ကြဖို့နဲ့ ဒီလိုသတင်းတု တွေကို အလွယ်တကူ ပြန်လည်မမျှဝေဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
တရားဝင် သတင်းပြန်ကြားရေး website တွေ၊ page တွေနဲ့ တရားဝင်သတင်းဌာနတွေက သတင်းတွေကို အဓိကထားပြီး တွေးပြီးမှယုံ ကတင်ထားတဲ့ သတင်းပညာပေးတွေ အတိုင်း သတင်းတွေကို စီစစ်ပြီးမှသာ ယုံကြည်ပေးဖို့ လည်း ထပ်လောင်းပြီးတိုက်တွန်းလိုက်ပါတယ်နော်။