သူငယ်ချင်းတို့ရေ………..
ဒီမနက် လူမှုကွန်ယက်မှာ သတင်းတခုကို လူအများshare နေကြတာကိုတွေ့ရပါတယ်။ အဲ့ဒီသတင်းက “ဆွမ်းခံကြွလာတဲ့ ကိုရင်လေးများကို ရည်ရွယ်ချက်ရှိရှိ တိုက်ပြေးထွက်ပြေးသည့် မွတ်ကုလားကိုဖမ်းမိပြီ” ဆိုတဲ့ သတင်းခေါင်းစဉ်နဲ့သတင်းတပုဒ်ပဲဖြစ်ပါတယ်။

တကယ်တော့ ဒီသတင်းဟာ ၂၀၁၆ ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တယ့် အဖြစ်အပျက်ကို လိုသလိုရေးထားတဲ့သတင်းတုတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဒီသတင်းကို တွေးပြီးမှယုံ မှစစ်ဆေးကြည့်တဲ့အခါ ….၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့မှာ ရှမ်းပြည်နယ်၊ ကလောမြို့နယ် မှ ယာဉ်မောင်းသည် အမြန်လမ်းမကြီးတွင် ကိုရင်လေးနှစ်ပါးကို မော်တော်ယာဉ်နဲ့တိုက်မိတဲ့အကြောင်း ဖော်ပြထားတဲ့ DVB သတင်းကိုလိုသလိုရေးထားတဲ့သတင်းတု တစ်ခုပဲဖြစ်ပါတယ်။
ဒီသတင်းမှာသုံးထားတဲ့ ယာဉ်မောင်းဓာတ်ပုံကလည်း အစ္စရေးထောင်ထဲမှာ ပါလက်စတိုင်းလူငယ်တွေအကျဉ်းချခံရတဲ့အကြောင်းကို ရေးသားထားတဲ့ သတင်းက ဓာတ်ပုံတွေကိုယူသုံးထားတာပါ။

အခုသတင်းတုဟာ သတင်းဖြစ်စဉ်အမှန်ကိုယူပြီး အချက်အလက်တွေကို လိုသလိုပြင်ဆင်ထားတဲ့သတင်းတု တစ်ခုလဲဖြစ်ပါတယ်။
ဒါကြောင့် သတင်းဖတ်တဲ့သူတွေအနေနဲ့ သတင်းတခုကိုတွေ့ပြီဆိုရင် အချိန်၊ဖြစ်စဉ်၊ နေရာ၊ သတင်းဓာတ်ပုံတို့ကို သေချာစစ်ဆေးဖို့ တွေးပြီးမှယုံက အမြဲသတိပေးလျက်ရှိပါတယ်။ သူငယ်ချင်းတို့အနေနဲ့ သတင်းစစ်ဆေးတဲ့အခါ သံသယရှိနေတယ်ဆိုရင် တွေးပြီမှယုံ ကိုလဲပေးပို့စစ်ခိုင်းလို့ရပါတယ်နော်။