သူငယ်ချင်းတို့ရေ…..
တွေ့ကြုံနေကျဖြစ်တဲ့ အွန်လိုင်း ယဉ်ကျေးမှုတွေအလိုက် ဒီတစ်ခါလည်းပဲ ထိပ်တန်းရောက်နေတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါ်လဲ့လဲ့မော်ရဲ့ သတင်းကို အခြေခံပြီး ဖြန့်နေတဲ့ သတင်းတုတစ်ခုကို ထွက်လာပါတယ်။
ဒီသတင်းက “ကျမကိုပါတီမှထုတ်ပယ်မယ်ဆို nld ပါတီဥက္ကဌကိုပါ ထုတ်ပေးပါလို့ ဒေါ်လဲ့လဲ့မော်မှပြောကြားလိုက်ပါတယ်” ဆိုပြီး Mizzima သတင်းဌာနက ပြောကြားခဲ့တဲ့ ပုံစံနဲ့ ရေးသားထားပါတယ်။ ဒီသတင်းတုကို React ပေးတဲ့သူ ၅၄၀ နဲ့ ပြန်လည်ဝေမျှသူ ၃၆၃ ရှိနေပါပြီ ။
ဒီသတင်းတုရဲ့ ဓါတ်ပုံကိုတော့ မတ်လ ၁၁ ရက်နေ့က Mizzima သတင်းဌာနမှာ တင်ခဲ့တဲ့ “အဂတိလိုက်စားမှုအပေါ် သည်းခံ၊ ခွင့်လွှတ်ဖို့မူဝါဒမရှိဘူးလို့ သမ္မတရုံး သတိပေး” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းဓါတ်ပုံကို ယူသုံးထားပါတယ်။ ဒီသတင်းနဲ့ ပက်သက်ပြီး Mizzima မှာလည်း မတင်ခဲ့ပါဘူး။
ဒါကြောင့် သတင်းတစ်ပုဒ်တွေ့တဲ့ခါ သတင်း resource ကို သေချာစစ်ဆေးပြီး အမှန်တကယ် တင်ခဲ့သလား၊ မတင်ခဲ့ဘူးလား ဆိုတာကို သတိထားပြီး စစ်ဆေးသင့်ပါတယ်နော်။ ပုံမှန် နာမည်ကြီးနေတဲ့ သတင်းတွေမှာ လူတိုင်းက ဦးရာလူ သတင်းသစ်တွေ တင်ချင်ကြစမြဲပါပဲ။ ဒီလိုချိန်မှာ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ ယောင်ပြီးတော့တောင် သတင်းတုတွေကို Share မလုပ်မိဖို့ React မပေးမိဖို့ လိုပါတယ်နော်။