Home>>ဆောင်းပါး>>လူမှုကွန်ရက်လောကမှာ ဘာတွေဖြစ်နေလဲ?
ဆောင်းပါး

လူမှုကွန်ရက်လောကမှာ ဘာတွေဖြစ်နေလဲ?

သန်းဝင်းထွဋ်

လူမှုကွန်ရက်လောကမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းဆောင်းပါးကို ချွန်းသတင်းစာကနေ သူငယ်ချင်းတို့အတွက် အပိုင်း(၁)အနေနဲ့ ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

ညပွဲဈေးနဲ့ နံရံကပ်ပြပွဲ

လူတွေကပွဲကြိုက်တယ်။ လူစည်ကားရာကို လူများများလာတယ်။ တစ်ယောက်ကိုတစ်ယောက် တိုးဝှေ့ကြတယ်။ ငေးမောကြတယ်။ လူစည်ကားရင် ပွဲဦးထွက်ရန် ခုနစ်သံချီချင်ချင် ပွဲကြိုက်ခင်တွေရှိတယ်။ ကြည့်ချင်တဲ့ပွဲတွေရှိတယ်။ လူစည်ကားရာမှာ ဈေးရောင်းစားရတဲ့ ဆယ့်နှစ်ပွဲဈေးသည်တွေရှိတယ်။ ဈေးရောင်းကြတယ်။ ဆိုင်းဘုတ်တွေထောင်ကြတယ်။ တစ်ခါတစ်လေမှ ရှိလာတတ်တဲ့ ဘုရားပွဲဈေး၊ ညပွဲဈေး၊ မီးထွန်းပွဲဈေး၊ ဘာညာအထိမ်းအမှတ်ပွဲဈေး ဆိုတာတွေထက် ခုခေတ်မှာတော့ အပတ်စဉ် ညပွဲဈေးတွေ၊ နေ့စဉ်ညပွဲဈေးတွေဖြစ်လာတယ်။ ဆိုင်းဘုတ်တွေထောင်ကြတယ်။ လူစည်ကားလာပြီဆို ကိုယ့်ခြံရှေ့ကနံရံမှာ ကိုယ်ရေးချင်ရာရေးပြီး လူတွေသိအောင်ချပြလာကြတယ်။ ဟိုတုန်းကဆို ကြွက်ရောင်းရန်ရှိသည်။ သင်ကောင်းလျှင်ကျွနု်ပ်မဆိုးပါ။ အလိုက်သိပါ၊ အားနာပါဆိုမျိုးတွေ မြေဖြူခဲနဲ့ရေးကြ၊ မီးသွေးခဲနဲ့ရေးကြ ရှိကြတယ်မဟုတ်လား။ ခုခေတ်တော့ Facebook မှာ Personal Wall မှာ ကိုယ်ဘာစားတယ်။ ဘယ်သွားတယ်။ ဘယ်သူနဲ့တွေ့တယ်။ ဘယ်ခရီးမှာ၊ ဘယ်မှာတော့၊ ဘယ်လိုလေးဆိုတာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ ကိုယ်ရေးကိုယ်တာခံစားချက်တွေ၊ အတွေးအမြင်တွေ ရေးကြတယ်၊ တင်ပြတယ်။ တချို့လည်းကြေကွဲ၊ တချို့လည်းပေါက်ကွဲ။ တချို့လည်းကြော်ငြာထိုးကြ၊ ဇာတ်ထိုးကြ။ အီစီကလီကြ၊ မြှူဆွယ်ကြ၊ ဖြားယောင်းကြ၊ အဆဲတောင်းကြ။

လွန်ခဲ့တဲ့ဆယ်စုနှစ်အတွင်း လူမှုကွန်ရက်ချိတ်ဆက်မှုတွေက တောင်ပြီကမ်းပြိုပျံ့နှံ့လာခဲ့ပါတယ်။ ကမ္ဘာတစ်ခွင် နယ်စည်းမခြား မိတ်ဆွေသစ်တွေပွားကြတယ်။ ကွဲကွာနေတဲ့သူငယ်ချင်းအဟောင်းတွေ အဆက်အသွယ်ပြတ်ကြတယ်။ တစ်အိပ်ရာထဲမှာ၊ တစ်မိုးတည်းအောက်မှာတောင် ဝေးကွာနေလေ့ရှိတဲ့ ခေတ်သစ်ကမ္ဘာရဲ့ လူအုပ်ထဲမှာ အထီးကျန်ဆန်ခြင်း ဝေဒနာကို ကုစားနိုင်ခဲ့ကြတယ်။ မြန်မာပြည်မှာလည်း ဖေ့စ်ဘုတ်ခ်မှ ဖေ့စ်ဘုတ်ခ်ဖြစ်လာကြတယ်။ အကောင့်မလုပ်တတ်ရင်လည်း ကိစ္စမရှိ။ လမ်းပေါ်မှာဆိုင်တွေမှာ Facebook အကောင့်လုပ်ပေးသည် ၅ ထောင်ကျပ်ဆိုတဲ့ ဆိုင်းဘုတ်တွေ တွေ့ရနိုင်တယ်။ လူတစ်ယောက် Facebook အကောင့် ၂ ခု၊ ၃ ခု ရှိနေကြတာ မဆန်းသလိုဖြစ်လာတယ်။ နာမည်အတု၊ အကောင့်အတုလည်း ပလူပျံလာတယ်။ ကလေးငယ်ငယ် အသက် ၁၃ နှစ်မပြည့်လည်း အကောင့်အတုတွေ၊ နာမည်အတုတွေ သုံးနေကြတယ်။ အိပ်ရာထရင်လည်း facebook၊ အိပ်ယာဝင်မျက်လုံးမမှိတ်ခင် နောက်ဆုံး ကြည့်ဖြစ်တာလည်း facebook နီကိုတင်းကို စွဲလမ်းသလို မသုံးရ မနေနိုင်အောင်လည်း စွဲလမ်းတတ်တယ်။ Facebookhitis ဖေ့စ်ဘုတ်ရောဂါ ရလာကြတယ်။

Facebook လောကကြီး ဘာဖြစ်နေလဲ

ကမ္ဘာ့လူဦးရေ သန်းပေါင်းခုနစ်ထောင့်ငါးရာလောက်ရဲ့ ၃ ပုံ ၁ ပုံ၊ လူ ၃ ယောက်မှာတစ်ယောက်ဆိုပါစို့။ မြန်မာပြည်အတွက် ပြောရရင်တော့ လူဦးရေသန်းပေါင်း ၅၀ ရဲ့ ၃ ပုံ ၁ ပုံ နီးပါးဖြစ်တဲ့ ၁၄ သန်းလောက် လူမှုကွန်ရက်သုံးနေကြတယ်လို့ Facebook က မှတ်တမ်းတင်ထားတယ်။ လူမှုကွန်ရက်သုံးနေသူ၊ အင်တာနက်အသုံးပြုနေသူ အများစု(အားလုံးနီးပါးလို့တောင်ဆိုနိုင်) လက်ကိုင်ဖုန်း၊ တက်ဘလက်တွေနဲ့ သုံးလာကြတယ်။ DVB Multimedia Group ဝက်ဘ်ဆိုက် Burmese dvb.no မှာ ၉၀ ရာခိုင်နှုန်းမကတဲ့သူတွေဟာ မိုဘိုင်လ်းဖုန်းသမားတွေ ဖြစ်နေကြတယ်။ လူမှုကွန်ရက်အသုံးပြုနေသူတွေထဲမှာ တောင် လူမှုကွန်ရက်မှာ အချိန်နဲ့တပြေးညီဆက်သွယ်နေတဲ့ instant message၊ social messaging အသုံးပြုမှုက ပိုသာလွှမ်းမိုးလာတယ်။ ရှေ့၊ နောက်၊ တောင်၊ မြောက် မိုင်ပေါင်းများစွာ ကမ္ဘာခြားနေရင်တောင် တစ်ယောက်နဲ့ တစ်ယောက် ဝေါကီတောကီနဲ့ပြောနေသလို ဗွီဒီယိုကောလ်တွေသုံးပြီး စကားပြောကြ၊ တိုင်ပင်ကြ၊ ဆွေးနွေးကြတယ်။ Social Messaging တွေကအသေးစား၊ အလတ်စားလုပ်ငန်းတွေရော စီးပွားကူးသန်းရောင်းဝယ်လောကကို အကြီးအကျယ်ကူညီထောက်ပံ့နိုင်ခဲ့တယ်။
အလိုအလျောက်တုံ့ပြန်စကားပြော ဖြေကြားပေးနိုင်တဲ့ Answering Machine ဆန်ဆန် Chatbots စက်ရုပ်စကားတွေ သိသိသာသာတိုးလာတယ်။ မြန်မာပြည်တွင်း အွန်လိုင်းဈေးရောင်း၊ ဈေးဝယ် စာမျက်နှာတွေမှာပင်လျှင် တစ်ခုခုမေးမြန်းလိုက်ရင် “ကျေးဇူးတင်ပါတယ်ရှင့်၊ မိနစ်ပိုင်းအတွင်း ဒီမေးခွန်းကိုဖြေကြားပေးပါမယ်၊ စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်” ဘလားဘလားတွေကို ချက်ချင်းဖြေကြားလာတာ တွေ့တွေ့နေရပါမယ်။ အသေးစား၊ အလတ်စား startup လေးတွေသာမက နိုင်ငံတကာကော်ပိုရေးရှင်းကြီးတွေအစ လူမှုကွန်ရက်ရှိရာ ပြေးလာနေကြရတယ်။ မျက်နှာလွှဲထားလို့မရတော့။ တောင်းကြီးစွပ်ပရားဆီမလာဘူး။ စွပ်ပရားသာတောင်ကြီးရှိရာ အူယားဖားပြေးလာရတာပဲ။ Organic လို့ခေါ်တဲ့ ပိုက်ဆံမပေးရတဲ့ ဆေးမထိုးရဘဲ လူသိများစေတဲ့တင်ပြပုံတွေ Website တွေဆီတွန်းပို့ပေးနိုင်တဲ့ အွန်လိုင်းပရိသတ် referral traffic ဆိုတာလည်း အလကားမတ်တင်းမရတော့ဘူး။ Facebook က တစ်ဆင့် ကိုယ့်ဝက်ဘ်ဆိုက်စာမျက်နှာကိုရောက်လာတဲ့ ဧည့်သည်လည်ပတ်နှုန်းက တစ်ရှိန်ထိုးကျဆင်းလာနေတာ ဟိုမှာ၊ ဒီမှာ၊ မြင်ရ၊ ကြားရမယ်။

ချွန်း
အတွဲ-၁၊ အမှတ်-၃၉၊ မတ်-၁၊ ၂၀၁၈ ခုနှစ်

%d bloggers like this: