Home>>ဆောင်းပါး>>လူမှုကွန်ရက်လောကမှာ ဘာတွေဖြစ်နေလဲ?
ဆောင်းပါး

လူမှုကွန်ရက်လောကမှာ ဘာတွေဖြစ်နေလဲ?

သန်းဝင်းထွဋ်

သူငယ်ချင်းတို့ရေ…..
လူမှုကွန်ရက်လောကမှာ ဘာတွေဖြစ်နေလဲဆိုတဲ့ သတင်းဆောင်းပါးကို ချွန်းသတင်းစာကနေ သူငယ်ချင်းတို့အတွက် အပိုင်း(၂)အနေနဲ့ ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

Video Matter?
စာသားတွေ ရှည်လျားထွေပြား၊ လေများနေတာတွေ လူတွေက သိပ်မဖတ်ချင်ကြတော့ဘူး။ ပုံရိပ်တွေကစကားပြောလာတယ်။ ဗွီဒီယိုတွေက ဆွဲဆောင်မှု ပိုရှိလာကြတယ်။ UGC လို့ခေါ်တဲ့ လူအုပ်ကြီးက ဝိုင်းဝန်းတင်ပြပို့စ်တွေဟာ လူပြော၊ သူပြော စကားသံတွေ၊ လူအုပ်ကြီးရဲ့ ဆွေးနွေးခန်း၊ ငြင်းခုံခန်းတွေပိုများလာစေတယ်။ စီးပွားရေးကုမ္ပဏီတွေဟာလည်း သန်းနဲ့ချီတဲ့ ရုပ်သံကြော်ငြာဖို့ ဈေးသက်သာတဲ့ လူမှုကွန်ယက်တွေဘက် ဦးစားပေးငွေသုံးစွဲလာကြတယ်။ စီးပွားရေးလောကသာမက Activists တွေ တက်ကြွလှုပ်ရှားသူတွေသာမက နိုင်ငံရေးအလွှာမှာ လူထုဆက်ဆံရေးသမားတွေဟာလည်း ပုံမှန်မီဒီယာပလက်ဖောင်းတွေကို အားမကိုးတော့ဘဲ လူထုအများသိစေ၊ ပါဝင်စေချင်တဲ့ သတင်းစကားတွေ ဖြန့်ချိရာမှာ လူမှုကွန်ရက်တွေကို အဓိကထားသုံးစွဲလာကြတယ်။

ဘာဆက်လုပ်ကြမလဲ
Facebook ရဲ့ မူဝါဒအပြောင်းအလဲမှာ ကိုယ်တင်ပြသမျှ ပေါပေါလောလောမဖြစ်ဖို့ လိုအပ်လာတယ်။ အရေအတွက်မှ အရည်အသွေးဆိုဖြစ်လာမယ်။ ထိမိတဲ့စိတ်ဝင်စားစရာ အကောင်းဆုံးတွေပဲတင်ပြဖို့။ မကြာခဏတင်ပြနေတာထက် တစ်ခါတစ်လေမှ ထိမိလှပတင်ပြဖို့စဉ်းစား။ ကိုယ့်ပရိသတ်တွေကြား အပြန်အလှန်အကျိုးဖြစ်စေမယ့် ဆွေးနွေးဖလှယ်စရာ တိုးပွားစေမယ့်အကြောင်းအရာတွေ ဦးစားပေးရဖို့ ဖြစ်လာတော့မယ်။ ကိုယ့်လူတွေရှိနေတုန်း တင်ပြဖို့လည်း တချို့ကအကြံပြုကြတယ်။ ဖေ့ဘုတ်ခ်မှ ကြည့်လို့ရတဲ့ ကိန်းဂဏန်း Insight Data တွေအရ ကိုယ့်ပရိသတ်တွေ၊ ကိုယ့်လူတွေ၊ ဘယ်အချိန်၊ ဘယ်နှနာရီမှာပိုပြီး အွန်းလိုင်းရှိနေကြလဲ။ ကိုယ့်တင်ပြချက်တစ်ခုခုဟာ လူတွေဘယ်လောက်များများ ဝင်ရောက်ဆွေးနွေးကြသလဲ။ စုစုပေါင်းအရေအတွက် သာမကဘူး၊ ဘယ်လောက်အချိန်တိုတွင်း လူတွေဘယ်လောက် ဝင်ရောက်ဆွေးနွေးကြတယ်ဆိုတာလည်း အရေးကြီးလာပါလိမ့်မယ်။ ကိုယ့်တင်ပြချက် post နဲ့ ပတ်သက်လို့ အပြန်အလှန်ဆွေးနွေးဖို့ဖြေကြား တုံ့ပြန်ပေးဖို့ အဆင်သင့်ရှိနေဖို့လိုမယ်။ Trending Top ကြည့်ဖို့လိုတယ်။

ခုလတ်တလောဘာဖြစ်နေလဲ ဘာခေတ်စားနေလဲ
ခုတလောဘာဖြစ်နေလဲ၊ ခုတလော လူပြောသူပြောများနေတာ ဘာလဲဆိုလည်း အရေးကြီးလာမယ်။ လူတွေပြောလက်စခေါင်းစဉ် အကြောင်းအရာတစ်ခုခု ဝင်ရောက်ဆွေးနွေးတာက လူတွေလာဆွေးနွေးကြဖို့ ခေါင်းစဉ်အသစ်တစ်ခုတင်ပြတာထက်ပိုလွယ်ပါတယ်။ ဘယ်ချိန်မဆို လူစိတ်ဝင်စားလောက်တာတွေ Evergreen အကြောင်းတွေ တင်ပြလည်းရတယ်။ ဒါပေမယ့် လူတွေစိတ်ဝင်စားနေတဲ့ နောက်ဆုံးပေါ် Trending ဘာလဲဆိုကြည့်နေဖို့။ Video content အရေးကြီးနေဦးမယ်။ လူတွေက ဗွီဒီယိုတွေ၊ တင်ပြချက်တွေကို ပိုပြီးတုံ့ပြန်စကားပြောကြတယ်။ Live Streaming တိုက်ရိုက်လွှင့်တာ ပိုကြိုက်ကြတယ်။ တိုက်ရိုက်လွှင့်တဲ့ ဗွီဒီယိုဖိုင်လ်တစ်ခုက ပုံမှန်ဗွီဒီယိုဖိုင်လ် တစ်ခုထက် ၆ ဆပိုပြီး တုံ့ပြန် ဆွေးနွေးကြတယ်လို့ အဆိုရှိတယ်။ ပထမဆုံး ၃ စက္ကန့်ကိုသတိထား။ မိုဘိုင်းလ်ဖုန်းအတွက် ရည်ရွယ်တယ်ဆိုရင် လေးထောင့်ဗွီဒီယိုတွေ Vertical Video တွေလည်း စဉ်းစားသင့်၊ စဉ်းစားဖို့လိုအပ်လာမယ်။ ကိုယ့်ပရိသတ်အများစုက မိုဘိုင်းလ်ဖုန်းဖြစ်နေရင် မိုဘိုင်းလ်ဖုန်းရဲ့ မူရင်းမြင်ကွင်း Portrait View ထောင်ကြည့်တဲ့မြင်ကွင်းမှာ ကိုယ်တင်ပြတဲ့ ဗွီဒီယိုပိုပြီး ကြီးကြီးကျယ်ကျယ်မြင်ရတာပေါ့။ Caption စာတန်းလေးတွေလည်း ပါမယ်ဆိုရင် ပရိသတ်ဟာ အသံဖွင့်ကြည့်ချင်စိတ်ဖြစ်လာနိုင်တာပေါ့။ Facebook ဆိုတာကြီးကိုက ရပ်ကွက်ထဲက အခမဲ့နံရံစာစောင်မဟုတ်ဘူး။ သူကလည်းစီးပွားလုပ်နေတာပဲဆို တာကို လက်ခံရမှာပါပဲ။ ကုန်ပစ္စည်းအမှတ်တံဆိပ်တွေဟာ အလကားနေရင်း လူထုပရိသတ်များစွာဆီကို အခမဲ့ ဖြန့်ချိပေးနေလိမ့်မယ်လို့ မျှော်လင့်လို့မရဘူး။ Facebook ကို ပိုက်ဆံမပေးဘဲနဲ့ အောင်မြင်ကျော်ကြား၊ လူကြိုက်များတဲ့ တံဆိပ်တစ်ခုခု ဖြစ်လာမှာမဟုတ်ဘူး။ ပိုက်ဆံနည်းနည်း အကုန်အကျခံပြီး Boost ကြော်ငြာရမယ်။ ကုန်ရကျိုးနပ်အောင်လည်း ကိုယ်ရည်ရွယ်တဲ့ ပရိသတ်က ဘယ်သူလဲ သေချာစဉ်းစားရ တော့မယ်။ ဘယ်လိုဗျူဟာရွေးချယ်မလဲ တွေးရတော့မယ်။ ကိုယ့်ပရိသတ်တွေက ဘာမြင်ချင်၊ ဘာဖတ်ချင်၊ ဘာစိတ်ဝင်စားမယ်ဆိုတာ နားလည်ဖို့ လိုအပ်လာတယ်။ လူမှုကွန်ရက်ဈေးကွက်ကျွမ်းကျင်သူ လောရင်ထရပ်ခ်ဆက်က ပြောပြပါတယ်။ အွန်လိုင်းဈေးကွက်ရေးကျွမ်းကျင်သူ မာခ့်ရှက်ဖာ အကြံပေးတာက သိပ်အစိုးရိမ်မလွန်နဲ့၊ ဖြေရှင်းလို့ ရနိုင်သေးတယ်။ ကျတော်တို့ သတိမထားမိလို့ဖြစ်မယ်။ ဖေ့စ်ဘုတ်ခ်မှာ Organic Reach လို့ခေါ်တဲ့ ပိုက်ဆံမပေးရဘဲ လူထုပရိသတ်ဆီကို ရောက်ရှိမှုနှုန်းက ဆက်တိုက်ကျဆင်းလာခဲ့တာ ပြီးခဲ့တဲ့နှစ်ပိုင်းတွေကတည်းကပါ။ ကိုယ်တင်ပြတဲ့ Post တစ်ခုချင်းရဲ့ လူထုဆီရောက်ရှိမှု Reach နည်းလာနေတယ်ဆိုတာ စောင့်ကြည့်နေတဲ့သူတွေ သိပြီးသားဆိုတော့ အခုလာမယ့် Newsfeed အပြောင်းအလဲဟာလည်း အလွန်အမင်းထူးခြား ဆိုးရွားသွားမှာတော့ မဟုတ်ဘူး။ ပရိသတ်တောင့်နေပြီသား မီဒီယာတွေ၊ ကုမ္ပဏီတွေ အတွက်ကတော့ အခြေအနေကောင်းနေနိုင်သေးတယ်။ အရင်ကလို ပရိသတ်နဲ့ အပြန်အလှန် တုံ့ပြန်ဆွေးနွေးဖြေကြားလေ့ရှိတဲ့သူတွေ အတွက်ကတော့ သိပ်မထောင်းတာဘူး။ သိပ်စိတ်ပူစရာမရှိသေးဘူးလို့ ယူဆတယ်။ ကိုယ်ကတင်ပြနေပေမယ့် ဘယ်သူ့ဆီမှမရောက်၊ ဘယ်သူမှမမြင်ရင် ပလုံတာပဲ။ ပရိသတ်ဝင်ရောက် ဆွေးနွေးတုံ့ပြန်မှုမရှိတဲ့ ပို့စ်တွေက Facebook မှာ လူမသိသူမသိပျောက်သွားတော့ Reach ဘာမှမရှိတာ နကိုကတည်းကပဲ။ ဒါကြောင့် ခုမှဖြစ်တဲ့ ပြဿနာမဟုတ်ဘူး။ Content ပဓာနဆိုတာကတော့ အမြဲတမ်းအမှန်တရားပါပဲ။ ကိုယ်တင်ပြတဲ့ အကြောင်းအရာသာ အဓိကဆိုမမေ့ဖို့ ဖေ့စ်ဘုတ်ခ်က သတိပေးနေတယ်ပဲ ဆိုပါတော့။

ချွန်း
အတွဲ-၁၊ အမှတ်-၃၉၊ မတ်-၁၊ ၂၀၁၈ ခုနှစ်

%d bloggers like this: