Home>>ပညာပေး>>မြန်မာလူမှုကွန်ရက်စာမျက်နှာ ၂၀၀ ကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား
ပညာပေး

မြန်မာလူမှုကွန်ရက်စာမျက်နှာ ၂၀၀ ကျော်ကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှား

By DVB
ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အငြင်းပွားဖွယ် လှုံ့ဆော်မှုတွေနဲ့ မခိုင်လုံ၊ ယုံကြည်လို့မရတဲ့ မြန်မာလူမှုကွန်ရက်စာမျက်နှာ ၂၁၆ ခုကို ဖယ်ရှားခဲ့တယ်လို့ သြဂုတ် ၂၂ ရက်မှာ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက ထုတ်ပြန်လိုက်ပါတယ်။

ခုဖယ်ရှားခဲ့တာတွေထဲမှာ ပရိသတ်(Followers) ထောင်သောင်းချီရှိနေတဲ့ အစစ်အမှန် မဟုတ်တဲ့ ဖေ့စ်ဘွတ်ခ်အကောင့် ၈၉ ခု၊ စာမျက်နှာ ၁၀၇ ခု၊ ဖေ့စ်ဘွတ်ခ်အုပ်စု ၁၅ ခု၊ အင်စတာ ဂရမ်အကောင့် ၅ ခုပါဝင်တယ်လို့ ဖေ့စ်ဘွတ်ခ်ရဲ့ ဘလော့ဂ်ပို့စ်မှာ ဖော်ပြလိုက်တာပါ။

ဖေ့စ်ဘွတ်ခ်အနေနဲ့ အရင်ကလည်း မြန်မာပြည်က ရာနဲ့ချီတဲ့ ဖေ့စ်ဘွတ်ခ်အကောင့်တွေကို ဖယ် ရှားခဲ့ဖူးပြီး အဲဒီအကောင့်တွေထဲမှာ နိုင်ငံတွင်း ဘာသာရေး အကြမ်းဖက်မှု လှုံ့ဆော်တဲ့ အမုန်းစကားတွေ ရေးသားဖော်ပြတဲ့ အကောင့်တွေ၊ မြန်မာ့တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အကောင့်တွေလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။

ခုနောက်ဆုံး ဖယ်ရှားပစ်ခဲ့တဲ့ မြန်မာလူမှုကွန်ရက်စာမျက်နှာနဲ့ အကောင့်တွေကတော့ ဖျော်ဖြေရေးနဲ့ သတင်းစာမျက်နှာတွေပေါ်ကတဆင့် တင်တဲ့ပို့စ်ရဲ့ အကြောင်းအရာကြောင့် မဟုတ်ဘဲ သူတို့ရဲ့ ဖေ့ဘွတ်ခ်ပေါ် လှုပ်ရှားဆောင်ရွက်မှုတွေကို အခြေခံပြီး ဖယ်ရှားတာဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အကောင့်တွေက တဆင့် ရည်ရွယ်ချက်ရှိရှိ တဆင့်ပြန်လည် ကူးယူဖော်ပြတာတွေထဲမှာတော့ ရာဇဝတ်ပြစ်မှုဆိုင်ရာ၊ လူနည်းစုတိုင်းရင်းသားရေးရာ၊ ကျော်ကြားသူတွေနဲ့ စစ်တပ်နဲ့ဆိုင်တဲ့ အကြောင်းအရာတွေ ပါဝင်ပြီး ပုံမှန်မဟုတ်တဲ့ လှုံ့ဆော်မှုတွေ ပါဝင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
credit #dvb

%d bloggers like this: