သူငယ်ချင်းတို့ရေ…
ဟုတ်တယ် vs မဟုတ်ဘူး ပေ့ချ်ကနေ ဘာသာပြန်ပြီး ဖော်ပြထားတဲ့ “Tik Tok (သို့မဟုတ်) အမုန်းတွေ မီးညှိပေးနေတဲ့ လူမှုကွန်ရက် အပိုင်း (၂)” ဆောင်းပါးလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။
အသုံးပြုသူတွေအပျော်သဘောနဲ့ ဆော့ကစားလေ့ရှိတဲ့ Tik Tok ဟာ အိန္ဒိယနိုင်ငံမှာတော့ အမုန်းတရားတွေ၊အမုန်းစကားတွေ ဖြန့်ဖြူးရာ လူမှုကွန်ရက်တစ်ခုဖြစ်လာပါတယ်။ မျိုးရိုးဇာတ်အနိမ့်အမြင့်ခွဲခြား ဆက်ဆံမှုတွေရှိတဲ့ အိန္ဒိယနိုင်ငံမှာ ဒီ app ဟာ ဘယ်လောက်အထိ အမုန်းတရားတွေကို ပိုမိုပွားများစေလဲ။မှုခင်းဖြစ်ရပ်တွေကို တိုးပွားစေသလဲဆိုတာကို ဗြိတိန်နာမည်ကြီး မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ WIRED က ဆောင်းပါးရေးသားဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာလည်း Tik Tok အသုံးပြုသူတွေအများအပြားရှိ တာမို့ ဒီ လူမှုကွန်ရက်အကြောင်း ရေးသားထားတဲ့ ဆောင်းပါးကို Real or Not က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဆောင်းပါးက ရှည်တာမို့ ၃ပိုင်းခွဲပြီး တစ်ပတ်တစ်ကြိမ်တင်ပေးခဲ့ရာမှာမှာ ဒါက ဒုတိယပိုင်းဖြစ်ပါတယ်။
Tik Tok ကို လျင်လျင်မြန်မြန် လူသုံးများလာပြီးတော့ ပြဿနာတွေလည်းပိုပိုများလာပါတယ်။ဒီapp က တရုတ်နိုင်ငံမှာ စတင်ပေါက်ကွဲလာတာဖြစ်ပြီးတော့ အိန္ဒိယနိုင်ငံကို စက်တင်ဘာ ၂၀၁၈ခုနှစ်မှာ ချဲ့ထွင်ဝင်ရောက်လာပါတယ်။ သုံးစွဲသူတွေဟာ သီချင်းထဲက စာသားတွေ၊ ရုပ်ရှင်ဗီဒီယိုတွေထဲက ဒိုင်ယာလော့ခ်တွေ၊ အသံတွေကိုယူပြီး ၁၅စက္ကန့်စာ ဗီဒီယိုလေးတွေတင်လို့ရပါတယ်။ မူလကတော့ Tik Tok ကို ByteDance ဆိုတဲ့ နာမည်နဲ့ စတင်ထုတ်လုပ်ခဲ့တာာဖြစ်ပြီး ဒေါ်လာ ၁ဘီလျံ (ပေါင်သန်း၈၂၀)နဲ့ နိုဝင်ဘာ ၂၀၁၇ခုနှစ်မှာ ရောင်းချလိုက်ပြီးတဲ့နောက်၊ တချိန်တည်းမှာပဲ Tik Tok ဆိုတဲ့ နာမည်ကိုပြောင်းလိုက်တာဖြစ်ပါတယ်။
အိန္ဒိယမှာက ရုပ်ရှင်အသိုင်းအဝိုင်းနဲ့ဆက်စပ်နေတဲ့ Tik Tok ဗီဒီယိုတွေဟာ ကျော်ကြားပါတယ်။ ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့ အိမ်မှာပဲ အကဗီဒီယိုတွေ၊ ရယ်စရာစကားတွေကို ပြောပြီး Tik Tok မှာတင်လေ့ရှိကြပါတယ်။ နောက်ပြီး #bottlecapchallenge လိုဟာမျိုးတွေလည်း လုပ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အပြိုင်အဆိုင်တင်တာမျိုးတွေနဲ့ ပျော်နေကြပါတယ်။ follower သိန်းချီရှိတဲ့ Influencer အကောင့်တွေကိုအားပေးရင်းနဲ့ Follower တွေ တဖြည်းဖြည်းပိုများလာသလို သုံးစွဲသူအရေအတွက်လည်း သန်း၂၀၀ ဝန်းကျင်လောက်အထိရှိလာပါတယ်။ တဖြည်းဖြည်းနဲ့ Tik Tok ဟာ အိန္ဒိယရဲ့ မဟာဈေးကွက်ကြီးတစ်ခုလည်းဖြစ်လာပါတော့တယ်။
ဒီလို Tik Tok အသုံးပြုသူအရေအတွက် ဖောင်းပွလာတဲ့နောက်မှာတော့ Tik Tok ဟာအိန္ဒိယနိုင်ငံရဲ့ ပြဿနာအများဆုံး လူမှုကွန်ယက်တစ်ခုဖြစ်သလို မဟာဈေးကွက်တစ်ခုလည်းဖြစ်လာပါတော့တယ်။ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးဖြစ်စေ နောက်ဆုံးခြောက်လအတွင်း ဒီ app ကိုအသုံးပြုမှုကြောင့် လူပေါင်း ဆယ်ဦးသေဆုံးပြီး ရှစ်ဦးအထိ ဖမ်းဆီးခံခဲ့ရတဲ့ အမှု ၁၈မှုဖြစ်ခဲ့ပါတယ်။
ဒီအမှုတွေတော်တော်များများကတော့ မတော်တဆမှုတွေဖြစ်ကြပါတယ်။ (၂၂) နှစ်သား လူငယ်တစ်ဦးဟာ နောက်ဂျွမ်းထိုးတဲ့ ဗီဒီယိုတင်ဖို့ကြိုးစားနေရင်းအကျမတော်လို့ သူရဲ့ နောက်ကျောဘက် နာ့ဗ်ကြောတွေ ထိခိုက်ဒဏ်ရာရရခဲ့ပါတယ်။ သေနတ်နဲ့ ဗီဒီယိုဖိုင်တင်ဖို့လုပ်နေရင်း ကျည်ထွက်သွားတဲ့အတွက် လူနှစ်ဦးသေဆုံးသွားရတဲ့ အမှုလည်းရှိပါသေးတယ်။ ဒါ့အပြင် ရေကူးတဲ့ ဗီဒီယိုရိုက်ဖို့လုပ်နေရင်း အသက် ၂၀ အရွယ်လူငယ်တစ်ဦးလည်း ရေနစ်ပြီးသေဆုံးသွားပါသေးတယ်။ ဒီလိုအမှုတွေအပြင် အခြားအမှုတွေကိုကြားရတာလည်း စိတ်ရှုပ်ထွေးစရာကောင်းပါတယ်။ ကလေးနှစ်ယောက်ရဲ့ အမေတစ်ယောက်ဟာ သူ့ယောကျာ်းက “နင် ဒီ app ကို အရမ်းစွဲလန်းနေတယ်’’ပြောလို့ဆိုပြီး အဆိပ်သောက်သေပစ်လိုက်ပါတယ်။ ဒီလိုအဆိပ်သောက်တာကိုလည်း သူ့ဘာသူ ဗီဒီယိုရိုက်လိုက်ပါသေးတယ်။ နောက်တစ်မှုကတော့၊ မိန်းမနဲ့ကွဲနေတဲ့ ယောကျာ်းတစ်ယောက်ဟာ သူ့မိန်းမဟောင်းရဲ့ လုပ်ငန်းခွင်မှာတင်ပဲ ဓားနဲ့ထိုးသတ်လိုက်ပြီး Tik Tok မှာ ဗီဒီယိုတင်ခဲ့တာဖြစ်ပါတယ်။
Photo Credit
ဒီ အနိဌာရုံ ဖြစ်ရပ်တွေဟာ Tik Tok ရဲ့ အပေါ်ယံ အလွှာပဲရှိပါသေးတယ်။ နေ့စဉ်နေ့တိုင်း လူသန်းပေါင်းများစွာသုံးနေကြတဲ့အထဲမှာ ဒီလိုမှုခင်းဖြစ်ရပ်တွေဖြစ်တယ်ဆိုတာကတော့ ရှားပါတယ်။ ဒါပေမယ့် ကုမ္ပဏီ တကယ်ကြုံတွေ့နေရတဲ့ အခက်အခဲကတော့ ဒေသခံလူအဖွဲ့အစည်းတွေကြား အရင်ထဲကတည်ရှိနေတဲ့ ဒေါသအစိုင်အခဲတွေကို လှုံ့ဆော်ပေးနေတဲ့ ဗီဒီယိုတွေပဲဖြစ်ပါတယ်။
ဇာတ်နိမ့်-ဇာတ်မြင့်ခွဲတဲ့ ကိစ္စဟာ အိန္ဒိယမှာရာစုနှစ်ပေါင်းများစွာထဲက သန္ဓေတည်နေခဲ့တာဖြစ်ပါ တယ်။ ဒီလိုဗီဒီယိုနည်းပညာတွေ၊ စာပို့လို့ရတဲ့ app တွေ၊ ဈေးပေါတဲ့ မိုဘိုင်းဒေတာ တွေကိုအသုံးပြုပြီး အမုန်းတရားတွေဖြန့်လို့ရတဲ့ အချိန်မှာတော့ ဇာတ်နိမ့်-ဇာတ်မြင့်ခွဲရတာ အရမ်းလွယ်ကူသွားပြီဖြစ်ပါတယ်။ ဆူပူအုံကြွအောင်သွေးထိုးလှုံ့ဆော်တဲ့ ဇာတ်နိမ့်-ဇာတ်မြင့်ခွဲတဲ့ ဗီဒီယိုတစ်ခုကိုတင်လိုက်တဲ့အတွက်အသက် ၂၁နှစ်အရွယ် လူငယ်တစ်ဦးကို ရဲတပ်ဖွဲ့က ဧပြီလတုန်းက ဖမ်းဆီးလိုက်ပါတယ်။ ဒီဖြစ်ရပ်လိုပဲ ဆူပူအုံကြွအောင်၊ အကြမ်းဖက်မှုတွေဖြစ်အောင် လှုံ့ဆော်တဲ့ ဗီဒီယိုတွေတင်တဲ့ လူကိုးယောက်ကိုလည်း ဖမ်းဆီးလိုက်ပါတယ်။
Tik Tok ကနေ ဖန်တီးခဲ့တဲ့ ဒီပြဿနာတွေကို ဥပဒေအသိုင်းအဝိုင်းကလည်း သတိမပြုမိဘဲမနေပါဘူး။ ဗီဂျေးသေဆုံးခဲ့တဲ့ တမီလ်နာဒူဒေသက တရားရုံးတစ်ခုမှာဆို ဒီapp ဟာ ညစ်ညမ်းတဲ့အကြောင်းအရာတွေနဲ့ မသင့်လျော်တဲ့ အကြောင်းအရာတွေကို ပျံ့နှံ့စေပါတယ်လို့ ကြေညာခဲ့ပါတယ်။ ရလာဒ်အနေနဲ့ကတော့ အိန္ဒိယတရားရုံးရေးစနစ်ရဲ့ တောင်းဆိုမှုအရ Google နဲ့ Apple ကသူတို့တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်ဖြစ်တဲ့ ဒီ Tik Tok ဆိုတဲ့ app ကို သူတို့ရဲ့ App Storeတွေကနေ ဖြုတ်ချဖို့ စတင်ဆောင်ရွက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ Tik Tok က သူတို့ရဲ့ App ထဲမှာရှိတဲ့ လူမှုကွန်ယက်စံနှုန်းနဲ့ မကိုက်ညီတဲ့ ဗီဒီယိုခြောက်သန်းကျော်ကို ဖြုတ်ချလိုက်တဲ့အခါမှပဲ App Store တွေမှာ ပြန်တင်ခွင့်ပေးခဲ့ပါတယ်။
“Tik Tok က တမီလ်နာဒူဒေသမှာရှိတဲ့ လူ့အဖွဲ့အစည်းနဲ့ ရွာတွေကို ဖောက်ခွဲဖျက်ဆီးနေတာပါ။ Tik Tok ဟာ အရမ်းကိုအန္တရာယ်ကြီးမားပြီးတော့ ကျွန်တော်တို့ရဲ့ ဘဝတွေ၊ အသက်တွေနဲ့ဆိုင်တဲ့ ငြိမ်းချမ်းရေးကို ဖြိုခွဲဖျက်ဆီးနေသလိုပါပဲ”လို့ ရှေ့နေနီလာမီဂျမ်းက ပြောပါတယ်။ သူက ဧပြီလတုန်းက Tik Tok ကို ဖယ်ရှားပစ်တာကိုလည်း လက်ခံတဲ့သူဖြစ်ပါတယ်။ သတင်းအချက်အလက်နည်းပညာဝန်ကြီးတစ်ဦးကလည်း Tik Tok ဟာ ယဉ်ကျေးမှု အဆင့်အတန်းကိုနိမ့်ကျစေပြီးတော့ အမိန့်တွေ၊ ဥပဒေတွေနဲ့လည်း ဖီလာဆန့်ကျင်တယ်လို့ပြောပါတယ်။ အိန္ဒိယ နိုင်ငံရဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာနကလည်း အိန္ဒိယဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ သတင်းအချက်အလက်များ လွှဲပြောင်းပေးဖို့ကိစ္စတွေနဲ့ပတ်သက်ပြီး Tik Tok ကို ဆက်လက်ဖယ်ရှားပစ်ဖို့ သတိပေးခြိမ်းခြောက်ထားပါသေးတယ်။ Tik Tok ဘယ်လိုအလုပ်လုပ်လဲ ဆိုတာနဲ့ပတ်သက်ပြီး အန္ဒိယအစိုးရက မေးခွန်း ၂၄ ခုကိုမေးမြန်းထားပါတယ်။
Photo Credit
Tik Tok က အိန္ဒိယမှာ လောလောဆယ်တော့ ထိပ်သီး app တစ်ခုဖြစ်ပါတယ်။ အသုံးပြုသူတွေပိုများလာ တဲ့အတွက် ဒီပလက်ဖောင်းမှာတင်တဲ့ ပြဿနာဖြစ်စေနိုင်တဲ့ ဗီဒီယိုတွေကို တုံ့ပြန်သူတွေကလည်းပိုများ လာပါတယ် ။လူ့အဖွဲ့အစည်းရဲ့ ခံစားချက်ကတော့ သူတို့အွန်လိုင်းမှာမြင်ရတဲ့အရာကို ပြန်တုံ့ပြန်ချင်ကြပါတယ်။
“ကျွန်တော်တို့က သီချင်းတွေနဲ့နိုင်ငံရေးသမားတွေရဲ့စကားတွေကို ဟာသဖြစ်အောင်လုပ်လိုက်တယ် လေ”လို့ဗီဂျေးအသတ်ခံရတဲ့ သလာဗီဒူရွာမှာနေထိုင်တဲ့ အသက် ၁၉နှစ်အရွယ် အာရွန်ကူးမားကပြော ပါတယ်။ သူက ဗန်ကာတင်လိုက်တဲ့ ဗီဒီယိုကြောင့် ဖြစ်သွားတဲ့ ဆန္ဒပြလူစုလူဝေးထဲမှာလည်း ပါခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ “ကျွန်တော်တို့အမျိုးကိုလာနှိမ်တဲ့ ဗီဒီယိုကိုတွေ့ရပြီဆိုရင် ကျွန်တော်တို့ကလည်း Dual Video တွေလုပ်ပြီး ပြန်ပြီး ရန်စလိုက်တယ်။ ကျွန်တော်တို့တစ်ချိန်လုံး ကြည့်နေလို့မရဘူးလေ။ ဗီဒီယိုတွေနဲ့ ပြန်တုံ့ပြန်ရတယ်”လို့သူက ပြောပါတယ်။
လူတွေအတင်များတဲ့ duet video အမျိုးအစားတစ်ခုကတော့ အိမ်သာထဲကို အပေါ့စွန့်နေတဲ့ ဗီဒီယိုနဲ့ လူသိများတဲ့ နိုင်ငံရေးသမားတစ်ဦးကို တွဲပြီး တင်တာပဲဖြစ်ပါတယ်။ နောက်ထပ်စော်ကားတဲ့ ဗီဒီယိုတစ်ခုက အိန္ဒိယလူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဘမ်ရော်ရမ်ဂျီအမ်ဘက်ကာရဲ့ ဖိနပ်စင်ကို လက်ညှိုးညွှန် ပြနေတဲ့ ဗီဒီယိုနဲ့ တင်တဲ့သူက ဖိနပ်ကို ကိုင်ပြီး အမ်ဘက်ကာကိုပဲ ရိုက်တော့မလို တရမ်းရမ်းနဲ့လုပ်နေတဲ့ ပုံကိုတွဲပြီးတင်တာဖြစ်ပါတယ်။ ဒီဖိနပ်ကိုပြတဲ့ ဗီဒီယိုဟာ ဂုဏ်သိက္ခာကျဆင်းစေတဲ့အရာဖြစ်ပေမယ့် ဒါလစ်မျိုးနွယ်အနေကတော့ နိုင်ငံပုံရိပ်တစ်ခုလိုထင်နေကြပါတယ်။
“ကိုယ်ဘယ်မျိုးနွယ်ပါလို့ ထုတ်ပြောတာနဲ့ ဇာတ်မြင့်တယ်ဆိုပြီး ပြောရတာဟာ သူတို့ကို သူတို့ယုံကြည်မှုရှိစေပြီး လူကြိုက်များတယ်လို့ခံစားရစေပါတယ်။ Tik Tok အသုံးပြုတဲ့သူအများစုက နယ်မြို့လေးတွေမှာနေထိုင်ပြိး အခြေခံအလုပ်တွေလုပ်ကြတာဖြစ်ပါတယ်။ ပျင်းရိငြီးငွေ့ဖွယ်ရာဘဝကို ဖြတ်သန်းနေရတဲ့အတွက်ကြောင့် သူတို့တင်တဲ့ ဗီဒီယိုတွေကို ကမ္ဘာကသိသွားမယ် (တခြားမျိုးနွယ်တွေကသိသွားမယ်)၊ သူတို့သူရဲကောင်းဖြစ်သွားမယ်ဆိုပြီး တင်နေကြတာပါ”လို့ ဇာတ်နိမ့်-ဇာတ်မြင့်ခွဲခြားမှုကိုဆန့်ကျင်နေတဲ့ လူမှုတရားမျှတမှုကို မြှင့်တင်ပေးနေတဲ့အဖွဲ့တစ်ခုက ကေသီကပြောပါတယ်။
“Tik Tok ပေါ်မှာ အမျိုးဇာတ်ခွဲခြားပြီး လှုံ့ဆော်နေတဲ့ ဗီဒီယိုတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့တိုင်ချက်တွေ အများကြီးရရှိထားပါတယ်”လို့ ဆိုက်ဘာမှုခင်းဌာနက ရဲအုပ်ဆန်ဟီးအီလန်သီရာယမ်က ပြောပါတယ်။ သူက တမီနာဒူဒေသက မာဒူရိုင်မြို့မှာ တာဝန်ကျတဲ့ ရဲအရာရှိ ဖြစ်ပါတယ်။ ဒါပေမယ့် စုံစမ်းစစ်ဆေးနေဆဲအမှုတွေဖြစ်တာကြောင့် အမှုအရေအတွက်၊ ဘယ်မျိုးရိုးဇာတ်က ဘယ်မျိုးရိုးဇာတ်ကို ခွဲခြားတယ်ဆိုတာတွေ၊ အမှုဖွင့်တဲ့နေရာတွေကို တော့ ပြောကြားဖို့ငြင်းဆန်ပါတယ်။
Photo Credit
Tik Tok ဘက်ကတော့သူတို့အနေနဲ့ အမုန်းစကားတွေကို အရေးယူဖယ်ရှားနေပြီး၊ အသုံးပြုသူတွေကို ပညာပေးဖို့လုံခြုံရေးစင်တာတွေကိုလည်း စတင်မိတ်ဆက်ပေးဖို့လုပ်နေပါပြီလို့ပြောပါတယ်။ အဲဒီစင်တာတွေဆိုတာကတော့ app ရဲ့မူဝါဒတွေ၊ ပြဿနာအခက်အခဲတွေကိုဖြေရှင်းဖို့ ပြင်ပကအရင်းအမြစ် ထောက်ပံ့ပေးမှုတွေ၊ အကောင့်လုံခြုံရေးအတွက် လမ်းညွှန်မှုတွေကို အိန္ဒိယဘာသာစကား ၁၀မျိုးနဲ့ ရေးသားထားတဲ့ဝက်ဘ်ဆိုဒ်တွေဖြစ်ပါတယ်။ ဒါပေမယ့်ဝေဖန်သူတွေကတော့ဒီစင်တာတွေလောက်နဲ့ သူတို့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ပါ့မလားဆိုပြီးမေးခွန်းထုတ်နေကြပါတယ်။
“Tik Tok ရဲ့ ပြဿနာက သူတို့ဟာအသိပညာပေးလုပ်ဖို့ လမ်းကြောင်းတွေဖွင့်ပေးမထားတာရ ယ်၊အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းမဆောင်ရွက်တာရယ်ပါ။ကျွန်မအထင်ပြောရရင် သူတို့က မဖြစ်မနေလူတွေကိုအသိပညာပေးရမယ်။ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ဆက်ဆံရမယ်၊ မဆက်ဆံရင် အသိပညာမပေးရင်ဒဏ်ကြေးဆောင်ရမယ်လို့ မကြေညာသရွေ့ ဂရုစိုက်မှာမဟုတ်ပါဘူး”လို့ တောင်အာရှလူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့၊ “Equality Labs” ရဲ့အမှုဆောင်ဒါရိုက်တာ သမ်မိုဇီဆောင်ဒရာဂျန်ကသုံးသပ်ပါတယ်။
ကိစ္စရပ်တော်တော်များများကိုကြည့်မယ်ဆိုရင် သူတို့ (Tik Tok)က စောင့်ကြည့်ထိန်းချုပ်သူ တွေဟာ ဒီဗီဒီယိုတွေက ဒေသအတွက် ဘယ်လောက်အထိ အကဲဆတ်နိုင်သလဲဆိုတာကို နားမလည်ကြပါဘူး။ အိန္ဒိယနိုင်ငံရဲ့ လူတွေအကြောင်း၊ အိန္ဒိယနိုင်ငံရဲ့ သဘောသဘာဝကိုမသိကြပါဘူး လို့ သူမက ပြောပါတယ်။Tik Tok အနေနဲ့ကတော့လောလောဆယ်အချိန်အထိ အိန္ဒိယအတွက် စောင့်ကြည့်ထိန်းချုပ်သူ ဘယ်နှစ်ဦးထားရှိတယ်၊ ဝန်ထမ်းဘယ်နှစ်ယောက်ခန့်ထားတယ်ဆိုတာကို တောင် ထုတ်ဖော်ပြောကြားဖို့ငြင်းဆန်ထားပါတယ်။ ဒါပေမယ့် ဝန်ထမ်းတွေက ဘာသာစကား၁၅မျိုးနဲ့ ဒီ ဗီဒီယိုတွေကို စောင့်ကြည့်နေပါတယ်လို့တော့ပြောပါတယ်။ ဒီ Tik Tok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Byte Dance ရဲ့ထုတ်ပြန်ချက်တွေကတော့ အိန္ဒိယနိုင်ငံအတွက် ဝန်ထမ်း၂၅၀ကျော်ကို ခန့်ထားတယ်လို့ဆိုပါတယ်။
Photo Credit
ဆက်လက်ဖော်ပြပါမည်။
#credit Real or Not