Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>မြန်မာနိုင်ငံကို တရားစွဲရန် ဂမ်ဘီယာနိုင်ငံကို OIC ဦးဆောင်နိုင်ငံဆော်ဒီမှ ငွေးကြေးထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းမှား
နိုင်ငံတကာ

မြန်မာနိုင်ငံကို တရားစွဲရန် ဂမ်ဘီယာနိုင်ငံကို OIC ဦးဆောင်နိုင်ငံဆော်ဒီမှ ငွေးကြေးထောက်ပံ့ပေးတယ်ဆိုတဲ့ သတင်းမှား

သူငယ်ချင်းတို့ရေ…

တွေးပြီးမှယုံကနေ သတင်းတုဖန်တီးတဲ့သူတွေဟာ ဘယ်လိုသတင်းတုတွေလုပ်လေ့ရှိလဲဆိုတာကို ပြောပြဖူးပါတယ်။ ဒီတခါဖော်ပြပေးမယ့်သတင်းကတော့ သတင်းခေါင်းစဉ်ကိုပြောင်းလဲထားပြီး သတင်းဖြစ်စဉ်အမှန်ကို ကိုယ်လိုချင်သလိုပြောင်းလဲရေးထားတယ့် သတင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ အဲဒီသတင်းကတော့ မြန်မာနိုင်ငံကို ICJ တွင် တရားစွဲထားသည့် ဂမ်ဘီယာနိုင်ငံကို OIC ဦးဆောင်နိုင်ငံဆော်ဒီမှ ကန်ဒေါ်လာ (၉၂.၅) သန်း ထောက်ပံ့ပေးထား ဆိုတဲ့သတင်းပါ။

Untitled design (18)

တကယ်မှာတော့ ဂမ်ဘီယာနိုင်ငံကို ဆော်ဒီနိုင်ငံမှ ထောက်ပံ့ငွေပေးတဲ့ချိန်ဟာ အခုချိန်မဟုတ်ပါဘူး။ ဇွန်လထဲက လက်မှတ်ရေးထိုးပေးခဲ့တာပဲဖြစ်ပါတယ်။ သတင်းဖန်တီးသူဟာ သူငယ်ချင်းတို့နားလည်မှုလွဲအောင်ရေးသား ထားခြင်းသာဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံမှ မြန်မာနိုင်ငံကို တရားစွဲခြင်းသည် နိုဝင်ဘာလမှသာဖြစ်သည့်အတွက် ကြောင့် အချိန် ၅ လကြာပြီးမှ ပြန်လည်တက်လာတဲ့ သတင်းဟောင်းတခုသာ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံမှ ထောက်ပံ့ကြေးပေးရာတွင်လည်း အလွတ်သဘောထောက်ပံ့ပေးတာမျိုးမဟုတ်ပဲ ထောက်ပံ့ငွေ (၂) ခုနဲ့ ချေးငွေ (၂) ခုဆိုပြီး ပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။ ဂမ်ဘီယာနိုင်ငံသည် ၂၀၂၂ တွင် OIC ညီလာခံကိုလက်ခံကျင်းပမည့် နိုင်ငံလဲဖြစ်သည်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ သမ္မတရုံး ဝဘ်ဆိုက် မှာတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။

Untitled design (17)

အခုလို နိုင်ငံတကာဖိအားတွေကြုံတွေ့နေရတဲ့ အချိန်မှာ သတင်းတုသတင်းမှားတွေဟာ အချိန်မရွေးပေါ်ပေါက်လာနိုင်ပါတယ်။ သတင်းတု သတင်းမှားတွေရဲ့ အကျိုးဆက်ဆိုးကျိုးတွေဟာလည်း ခန့်မှန်းရခက်ပါတယ်။ သတင်းတု သတင်းမှားတွေဖန်တီးတဲ့သူတွေဟာ အမှန်တရားကို ဖုံးကွယ်နိုင်ရန် အခုလို အထင်လွဲနိုင်သည့် သတင်းတွေကို အမြဲဖန်တီးနေကြမှာဖြစ်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း အမှန်တရားမမှေးမှိန်သွားအောင် အခုလို သတင်းမှားတွေကို ပြန်လည်မျှဝေမှုမပြုလုပ်ဖို့အရေးကြီးလှပါတယ်။ ဒါကြောင့် သူငယ်ချင်းတို့အနေနဲ့ သတင်းတခုကို ဖတ်ရှုတဲ့အခါမှာ သတင်းဟောင်းလား သတင်းအသစ်လားဆိုတာကို လေ့လာဖို့လိုအပ် နေပြီဆိုတာကို အသိပေးလိုက်ပါတယ်။ တခြားသူငယ်ချင်းတွေလဲ သိရအောင် ဒီသတင်းလေးကို ပြန်လည်မျှဝေပေးကြဦးနော်။

%d bloggers like this: