Home>>ပညာပေး>>ဗိုင်းရပ်စ် (၂) မျိုး
ပညာပေး

ဗိုင်းရပ်စ် (၂) မျိုး

သူငယ်ချင်းတို့ရေ…

အခုချိန်မှာတွေ့ကြုံနေရတဲ့ ဗိုင်းရပ် (၂) မျိုး အကြောင်းကို နည်းနည်းလေး ပြောပြပါရစေနော်။ ဗိုင်းရပ်စ်လို့ ပြောရင် သူငယ်ချင်းတို့အားလုံး သိရှိပြီးဖြစ်ကြတဲ့အတိုင်း လူတွေကို အတိဒုက္ခရောက်သွားစေနိုင်တာတော့ အမှန်ပါပဲ။ ဒီလိုတွေဖြစ်လာပြီဆိုရင် ကြိုတင်ကာကွယ်ခြင်းတွေ ကုထုံးတွေနဲ့ ပြန်လည်ကုစားနိုင်မှသာ ပျောက်ကင်းသက်သာလာနိုင်မှာပါ။ အခုပြောပြချင်တာတော့ မြေပြင်ကြုံတွေ့နေကြရတဲ့ ကူးစက်ရောဂါ ဗိုင်းရပ်စ်အကြောင်းနဲ့ အွန်လိုင်းပေါ်မှာတွေ့ရှိရတဲ့ ဗိုင်းရပ်စ်အကြောင်းပါပဲ။

ပထမဆုံးပြောပြချင်တဲ့ ဗိုင်းရပ်စ်အကြောင်းကတော့ တရုတ်နိုင်ငံ ဝူဟန်ပြည်နယ်မှာ တွေ့ရှိခဲ့ရတဲ့ ဝူဟန်ဗိုင်းရပ်စ် (ခေါ်) ကိုရိုနာဗိုင်းရပ်စ်လို့ ခေါ်တဲ့ ကူးစက်ရောဂါပဲ ဖြစ်ပါတယ်။ ကူးစက်ရောဂါဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အခု တရုတ်ပြည် ဝူဟန်မြို့တွင်မက တခြားအိမ်နီးချင်းနိုင်ငံတွေကို ကူးစက်ပြန့်ပွားနေတာကို သူငယ်ချင်းတို့လည်း သိရှိပြီးဖြစ်ကြမှာပါ။ ဒီကိုရိုနာကူးစက်ရောဂါနဲ့ ပတ်သက်ပြီး တရုတ်ပြည်က တာဝန်ရှိတဲ့သူတွေ ကြိုးစားဆောင်ရွက်နေပင်မဲ့ ရောဂါပိုးကူးစက်ခံရသူ အရေအတွက်ဟာ တိုးလာလို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပင်မဲ့ ယခုအချိန်ထိ ကိုရိုနာဗိုင်းရပ်စ်ကို ထိထိရောက်ရောက် ကြိုတင်ကာကွယ်နိုင်တဲ့ဆေးရော၊ ကုထုံးပါမရှိသေးပါဘူး။ ဒီကိုရိုနာဗိုင်းရပ်စ်ဟာ အသက်အန္တရာယ်ထိ ဆုံးရှုံးမှုဖြစ်ပေါ်စေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေရပ်တွေဟာ (၁) ချောင်းဆိုခြင်း၊ (၂) နှာရည်ယိုခြင်း၊ (၃) လည်ချောင်းနာခြင်း၊ (၄) ခေါင်းကိုက်ခြင်း၊ (၅) ရက်အတန်ကြာ ကိုယ်ပူပြီးဖျားခြင်း တို့ဖြစ်ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကို ထိရောက်သောကွယ် ဆေးတွေမရှိသေးပင်မဲ့ ဒီလိုကူးစက်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်လို့ရပါတယ်။

ကာကွယ်ခြင်းဟာလည်း ကုသခြင်းထက်ပိုထိရောက်တယ်ဆိုတဲ့ စကားလို ကူးစက်ရောဂါကို ကာကွယ်ဖို့အတွက် (၁) တခြားအရာဝတ္တုတွေကို ထိတွေ့ ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာ (သို့) လက်သန့်စင်ဆေးရည်နဲ့ ဆေးကြောပါ။ (၂) နှာချေ ချောင်းဆိုးလျှင် လက်ကိုင်ပုဝါ (သို့) နှာခေါင်းစည်း (သို့) တစ်ရှုး (သို့) တထောင်ဆစ်ကိုအသုံးပြုပြီး ဖုံးအုပ်ပါ။ (၃) ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှုရခက်ခြင်း စသည့် တုတ်ကွေးရောဂါလက္ခဏာရှိသူများနှင့် နီးကပ်နေထိုင်ခြင်းကို ရှောင်ကြဉ်ပါ။ (၄) တိရစ္ဆာန်မှရရှိသော အသား၊ ငါးများကို ကျက်အောင်စနစ်တကျ ချက်ပြုတ်စားသောက်ပါ။ (၅) တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းကို ရှောင်ကြဉ်ဖို့ တိုက်တွန်းပါရစေ။

နောက်ထပ် တွေ့ရှိရတဲ့ ဗိုင်းရပ်စ်တစ်မျိုးကတော့ အွန်းလိုင်း (ဒါမှမဟုတ်) ဖေ့ဘွတ်စ်ပေါ်မှာ တွေ့ရတဲ့ သတင်းမှားတွေ အကြောင်းပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်လို့ ဘာကြောင့်ပြောရလဲဆိုရင် သတင်းမှားတွေဟာ ကျတော်တို့ လူမှုပတ်ဝန်းကျင် ရိုက်ချိုးဖျက်စီးနိုင်စွမ်းတွေရှိကြပါတယ်။ ဒီလိုပြောရတာလည်း အရှေ့မှာ ဖြစ်ပျက်ခဲ့တဲ့ သာဓက တွေရှိခဲ့ပါတယ်။ နည်းနည်းစပ်ပြောပြရရင် အွန်လိုင်းပေါ်က သတင်းမှားတွေ အမုန်းစကားကြောင့်ပဲ ဗြိတိန်ကလွှတ်တော်အမတ်တစ်ဦး လုပ်ကြံခံခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ် အိန္ဒိယနိုင်ငံမှာ လူမှုကွန်ရက်ပေါ်က သတင်းမှားတွေကြောင့် လူငယ် (၂) ဦးဟာ ကလေးသူခိုးလို့ စွပ်စွဲခံရပြီး လူအုပ်ရဲ့ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရသလို၊ ကျတော်တို့ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလတွေမှာလည်း အွန်းလိုင်း (သို့မဟုတ်) ဖေ့ဘွတ်စ်ပေါ်မှာ အများဆုံးတွေ့ရှိခဲ့ရတာက ကလေးပျောက်သတင်းတွေ၊ ကလေးသူခိုးသတင်းတွေဟာ မမြင်ချင်အဆုံးပါပဲ။ ဒီလိုသတင်းတွေကို တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့ သတင်းဝက်ဆိုက်တွေကနေ အများအဆုံး ကိုးကားဖော်ပြ ခဲ့ကြပင်မဲ့ သက်ဆိုင်ရာနယ်မြေဒေသရဲ့ ရဲစခန်းတွေ လူမှုရေးအဖွဲ့အစည်းတွေမှာ ပျောက်ဆုံးစာရင်းဖော်ပြရာထက် အလွန်များပြားနေတယ်ဆိုတာလည်း တွေ့ရှိရပါတယ်။ လူမှုကွန်ရက်အသုံးပြုသူတွေဟာလည်း ဖေ့ဘွတ်စ်ပေါ်မှာ ထိပ်လန့်စိုးရိမ်စိတ်မှုတွေနဲ့ သဘောထားအမျိုးမျိုး မှတ်ချက်အမျိုးမျိုး ဖော်ပြခဲ့ကြပါတယ်။ ကလေးသူခိုးသတင်းတွေ ကလေးပျောက်သတင်းတွေ အများဆုံးဖော်ပြခဲ့ကြတဲ့ သတင်းဝက်ဆိုဒ်တွေဟာ ပုံမှန်အားဖြင့် တစ်ရာဖိုးသုံးပုဒ်လို့ ပြောလို့ရတဲ့ သတင်းတွေကနေ လူမှုကွန်ရက်အသုံးပြုသူတွေဆီက Like များများရအောင် ပြုလုပ်နေကြတာဖြစ်ပါတယ်။

ဖေ့ဘွတ်စ်ပေါ်မှာ ဖော်ပြခဲ့ကြတဲ့ သတင်းဝက်ဆိုဒ်တွေဟာ လူအများဆုံးစိတ်ဝင်စားနေတဲ့သတင်းတွေ၊ သဘာဝဘေးအန္တရာယ်နဲ့ သက်ဆိုင်တဲ့သတင်းတွေ၊ အွန်လိုင်းအသုံးပြုတွေရဲ့ စိတ်ကိုလွှမ်းမိုးနိုင်တဲ့ သတင်းတွေကို အချိန်အခါပေါ် မူတည်ပြီး စိုးရိမ်ကြောင့်ကြမှုများလာအောင် ပြုလုပ်ကြပါတယ်။ ဒီလိုသတင်းတွေကြောင့်ပဲ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာပဲ ပဲခူးမြို့မှာ ကလေးသူခိုးဆိုတဲ့ မှားယွင်းစွပ်စွဲမှုကြောင့် လူငယ်တစ်ဦးဟာ မျက်လုံးတစ်လုံးဆုံးရှုံးခဲ့ရပါတယ်။ ဒါတွေဟာ သာဓက တစ်ခုချင်းတွေအရ သတင်းမှားတွေရဲ့ ဗိုင်းရပ်စ်ကြောင့် ကျတော်တို့ လူမှုပတ်ဝန်းကျင်မှာ ကြီးမားတဲ့ဆုံးရှုံးမှုတွေဖြစ်ခဲ့ပါတယ်။

ယခုဆိုရင်လည်း လူမှုကွန်ရက်မှာ ဝူဟန်ဗိုင်းစ်(ခ)ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းတွေဟာ ကျတော်တို့ နေ့စဉ်အသုံးပြုနေတဲ့ ဖေ့ဘွတ်စ်ပေါ်မှာ သတင်းမှားတွေအများကြီးထွက်ပေါ်နေတာ တွေ့ရပါတယ်။ ဥပမာ – ကြက်သွန်နီစားသုံးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို တားဆီးနိုင်တယ်ဆိုတဲ့ သတင်းမှားတွေ၊ အရက်သောက်သုံးရင် ဝူဟန်ဗိုင်းရပ်စ်ကို ကာကွယ်တားဆီးနိုင်တယ်ဆိုတဲ့ သတင်းမှားတွေ၊ ဘယ်နေရာမှာတွေ့ရှိရတယ် လူဘယ်နှစ်ဦးတွေ့ရှိရပါတယ်ဆိုတဲ့ သတင်းတွေကို တရားဝင်သတင်းပြန်ကြားရေးစာမျက်နှာတွေ၊ ထုတ်ပြန်ချက်တွေမှာ ရေးသားဖော်ပြခြင်းမရှိတဲ့ သတင်းမှားတွေကို လွယ်လင့်တကူ ရေးသားဖြန့်ဝေနေတဲ့ သတင်းဝက်ဆိုဒ်တော်တော်များများကို တွေ့ရှိရပါတယ်။

သူငယ်ချင်းတို့ကို နောက်ဆုံးမှတ်ချက်တစ်ခုအနေနဲ့ သတင်းတွေကို အွန်လိုင်းပေါ်မှာ သတင်းမှားတွေကို ဖော်ပြလေ့ရှိတဲ့ သတင်းဝက်ဆိုဒ်တွေ သတင်းစာမျက်နှာတွေကို အခုချိန်ထိ တားဆီးကာကွယ်ဖို့မရှိသလို အရေးယူဆောင်ရွက်မှုတွေကို လုပ်ဆောင်ဖို့ ခဲယဉ်းပါတယ်။ ဒီလိုသတင်းမှားတွေကနေ ကြိုတင်ကာကွယ်ဖို့ဆိုရင် တရားဝင်သတင်းမီဒီယာတွေ၊ တရားဝင်သတင်းပြန်ကြားရေးပေ့ချ်လေ့လာစောင့်ကြည့်ပြီး ပြန်လည်ကိုးကားဖော်ပြကြဖို့နဲ့ သတင်းမှား သတင်းတုတွေကို ပြန်လည်တုန့်ပြန်နေကြတဲ့ သတင်းအဖွဲ့တွေနဲ့ အပြန်အလှန် စစ်ဆေးအတည်ပြုပြီးမှ ဖြန့်ဝေရေးသားကြဖို့ တိုက်တွန်းရေးသားဖော်ပြလိုက်ပါတယ်။

%d bloggers like this: