Home>>ဆောင်းပါး>>ရုရှားအခြေစိုက် တပ်လော်ဘီဖေ့ဘုတ်ကွန်ယက်တစ်ခုကို ခြေရာခံခြင်း
ဆောင်းပါး

ရုရှားအခြေစိုက် တပ်လော်ဘီဖေ့ဘုတ်ကွန်ယက်တစ်ခုကို ခြေရာခံခြင်း

၂၀၁၉ နှောင်းပိုင်းလောက်မှာပေါ့။ Annie Lab ဟာ မြန်မာစစ်တပ်လိုလားတဲ့အရေးအသားတွေ တင်နေတဲ့ ဖေ့ဘုတ်စာမျက်နှာခြောက်ခုဟာ ကွန်ယက်သဖွယ်ချိတ်ဆက်လှုပ်ရှားနေတာကို အတည်ပြုလိုက်နိုင်ခဲ့ပါတယ်။ ဒီပေ့ချ်တွေအားလုံးရဲ့ အက်ဒမင်တွေဟာလည်း ရုရှားနိုင်ငံကပဲ။ ဒါ့အပြင် ဒီပေ့ချ်တွေဟာ Like စုစုပေါင်း ၄.၄ သန်းကျော် ပိုင်ဆိုင်ထားတာကိုတွေ့ရပြီး မြန်မာနိုင်ငံဖေ့ဘုတ်သုံးစွဲသူတွေအကြား အဲ့ဒီ့ပေ့ချ်တွေကတင်ထားတဲ့ အကြောင်းအရာတွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်ဝေမျှနေတယ်ဆိုတာကိုပါ သတိပြုမိခဲ့ပါတယ်။

ရုရှားနိုင်ငံက ပေ့ချ်အက်ဒမင်များ

အောက်မှာပြထားတဲ့ ဇယားမှာ ပေ့ချ်ခြောက်ခု၊ Like လုပ်ထားသူအရေအတွက်၊ URL လို့ခေါ်တဲ့ ပေ့ချ်လိပ်စာတွေ၊ ပေ့ချ်တစ်ခုချင်းစီမှာ ရှိတဲ့ ရုရှားအခြေစိုက်အက်ဒမင်၊ မြန်မာပြည်အခြေစိုက်အက်ဒမင် အရေအတွက်အသီးသီး စတာတွေကို ဖော်ပြပေးထားပါတယ်။ တကယ်တော့ ဒီအချက်အလက်တွေကို ပေ့ချ်ရဲ့ အများမြင်သာအောင်ပြသထားတဲ့ ကဏ္ဍကနေပဲ နိုဝင်ဘာ ၁ ၊ ၂၀၁၉ အထိ အချက်အလက်တွေကို နောက်ဆုံးထားပြီး ကူးယူဖော်ပြထားတာပါ။ မူရင်းဆောင်းပါးက အင်္ဂလိပ်လိုရေးထားတာဖြစ်တော့ မြန်မာအမည်တွေကို အင်္ဂလိပ်လိုစာလုံးစောင်းနဲ့ ပြန်လည်ဖော်ပြထားတာကိုလည်း တွေ့ရမှာပါ။

မြန်မာ့တပ်မတော်ဟာ ရုရှားနဲ့ နီးနီးကပ်ကပ်ဆက်ဆံရေးရှိတယ်ဆိုတာကတော့ ဘယ်သူမဆိုသိနေပြီးသားအချက်တစ်ခုပါပဲ။ ဥပမာပြောရရင်… ၂၀၁၈ မှာပေါ့ဗျာ။ မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနက ရုရှားစစ်တပ်ဆီက တိုက်ခိုက်ရေးဂျက်လေယာဉ်တွေဝယ်ယူခဲ့တဲ့အပြင် သူ့ရဲ့ အရာရှိတွေကို ရုရှားဆီမှာ စစ်သင်တန်းသွားတက်ခိုင်းပါသေးတယ်။

ဖေ့ဘုတ်ပေ့ချ်တစ်ခုဖြစ်တဲ့ “Sashalin.com — Myanma News” မြန်မာ့သတင်း မှာဆိုရင် သူတို့ရဲ့တည်နေရာမှာ ရုရှားလမ်းတစ်ခုကို လိပ်စာအဖြစ်ထည့်သွင်းထားတဲ့အပြင် ရုရှားနိုင်ငံသုံး ဖုန်းနံပတ်တစ်ခုတောင် ထည့်သွင်းထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာက ဆန်းသစ်လွင် Daily News နဲ့ ဆန်းသစ်လွင် – မြန်မာ့သတင်းပေ့ချ်တွေက အဲ့ဒီဖုန်းနံပါတ်တစ်ခုတည်းကိုပဲ အတူတူသုံးထားတာပါ။ သူတို့ဆီမှာတော့ ရုံးလိပ်စာထည့်မထားပါဘူး။

“Myanmar Breaking News” ရဲ့ အက်ဒမင် အောင်ကိုကြိုင်ရဲ့ ဖေ့ဘုတ်အကောင့်ကို လေ့လာကြည့်တော့ သူဟာ မြန်မာနိုင်ငံက တပ်မတော်နည်းပညာအကယ်ဒမီကျောင်းဆင်းတစ်ယောက်ဖြစ်တယ်ဆိုပေမယ့် လိပ်စာကို ဖတ်ကြည့်လိုက်တော့ လက်ရှိရုရှားမှာနေနေတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေကို ဂျင်းထည့်နေတဲ့ အယောင်ဆောင်ပေ့ချ်များ

အရင်တုန်းက သူတို့ရဲ့ ပေ့ချ်တွေဟာ အခြားတရားဝင်ရပ်တည်လည်ပတ်နေတဲ့ သတင်းဌာနအမည်တွေကို တုပပြီး ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင် ဂျင်းထည့်ခဲ့တဲ့ ပေ့ချ်တွေဆိုတာတွေ့ရပါတယ်။
“News” လို့အမည်ပေးထားတဲ့ Like အများဆုံး (၁.၃သန်း) ရှိတဲ့ပေ့ချ်ကို ၂၀၁၇ ဖေဖော်ဝါရီမှာ စတင်တည်ထောင်ခဲ့ပြီး ပထမဆုံးပေးခဲ့တဲ့ ပေ့ချ်နာမည်ကတော့ “7Days Daily News” ဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အကြီးဆုံးသတင်းစာတွေထဲက တစ်ခုဖြစ်တဲ့ 7Day Daily လို့ ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင် ဆောင်ရွက်ခဲ့တာလို့ ယူဆနိုင်ပါတယ်။ ကိုးလအကြာမှာ 7Day Daily သတင်းစာရဲ့ တရားဝင်မဟုတ်သော ပေ့ချ် လို့ (Unofficial: 7Days Daily News) အမည်ပြောင်းလဲခဲ့ပါတယ်။ ၂၀၁၇ အဆုံးပိုင်းလောက်မှာတော့ လက်ရှိ “News” ဆိုတဲ့ အမည်ကိုပြောင်းလဲအသုံးပြုခဲ့ပါတယ်။

ဒီပေ့ချ်ကိုလေ့လာမှုအရ ပထမဆုံးပေ့ချ်တည်ထောင်တဲ့ ကိုးလအတွင်း အားပေးသူပရိတ်သတ် ၆၅၀ ၀၀၀ ခြောက်သောင်းခွဲကျော် လတိုင်းရရှိနေပြီး တိုးတက်မှု နှုန်း ၁၈% အထိရှိပါတယ်။ ဒါပေမယ့် 7 Day သတင်းစာအဖြစ် အယောင်ဆောင်တဲ့ အသုံးအနှုန်းတွေဖယ်ရှားလိုက်အပြီးမှာတော့ တိုးတက်မှုနှုန်းဟာ ၂% ကို သိသိသာသာကျဆင်းသွားတာကိုလည်းတွေ့ရပါတယ်။
ဒီလို ထင်ယောင်ထင်မှားအမည်နဲ့ အများပြည်သူအားပေးမှုရရှိအောင် ကြိုးပမ်းတဲ့နည်းလမ်းကို အခြားပေ့ချ်နှစ်ခုမှာလည်းပြုလုပ်ခဲ့တာတွေ့ရပါတယ်။ Myanmar Breaking News ဟာ 7 Day News ဆိုတဲ့အမည်နဲ့ ခုနှစ်လ လည်ပတ်ခဲ့ပါတယ်။ သတင်းဌာနအဖြစ်အယောင်ဆောင်နေစဉ်ကာလက ပရိတ်သတ်တိုးတက်နှုန်း ၄၀% ရှိခဲ့ပေမယ့် လက်ရှိအမည်နဲ့တိုးတက်မှုနှုန်းကတော့ ၁ % အထိ ထိုးကျသွားခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆန်းသစ်လွင်- နေ့စဉ်သတင်း ဆိုတဲ့ ပေ့ချ်ကလည်း ၂၀၁၇ ခုနှစ်တုန်းက 7days daily news ဆိုတဲ့ အမည်နဲ့ တစ်လလောက် လည်ပတ်လိုက်သေးတယ်ဗျ။

ပေ့ချ်အချင်းချင်း အပြန်အလှန် ဟန်ချက်ညီဝါဒဖြန့်ချီမှုများ

ဒီပေ့ချ်တွေမှာ များသောအားဖြင့်တော့ လူစိတ်ဝင်စားစေမယ့် ဟာသတွေ၊ ဆယ်လီတွေရဲ့ အတင်းအဖျင်းတွေ၊ အောက်ပိုင်းပြက်လုံးဇာတ်လမ်းတွေကို ခပ်များများတင်လေ့ရှိပါတယ်။ သူများ အွန်လိုင်းမီဒီယာတွေဆီက ပြန်ကူးချတာကလည်း ခပ်များများပေါ့ဗျာ။ ဒါပေမယ့် သူတို့တွေဟာ အပျော်အပျက်နဲ့ အတင်းအဖျင်းတွေပဲ တင်တာမဟုတ်ပါဘူး။ နိုင်ငံရေးအရ မှတ်စုမှတ်ရာလေးတွေနဲ့ အတွေးအမြင်အပိုင်းအစလေးတွေကိုလည်း အချိန်ကိုက်ညှပ်ညှပ်ပြီး တင်လေ့ရှိပါတယ်။
သူတို့တင်သမျှထဲမှာ စစ်တပ်ကောင်းကြောင်းအများစု၊ ပြီးတော့ NLD မကောင်းကြောင်း၊ နောက်တော့ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ မူဆလင်တွေမကောင်းကြောင်းတွေ ပါပါတယ်။ ပေ့ချ်တစ်ခုမှာ ပို့စ်တစ်ခုတင်လိုက်ပြီဆိုတာနဲ့ ကျန်ပေ့ချ်တွေမှာလည်း ဒီအကြောင်းအရာတွေ လိုက်တက်လာတာကို တွေ့ရပါတယ်။

နောက်တော့ ရတနာပုံတက္ကသိုလ်ကျောင်းသားအချို့ ပညာရေးစရိတ်တိုးတောင်းလို့ ကျောင်းထုတ်ခံရတဲ့ အခါ အရေးယူခံရတဲ့ ကျောင်းသားတွေစာရင်းကို ၂၀၁၂ ကဒေါ်အောင်ဆန်းစုကြည့်ရဲ့ နာမည်ကျော် အဆိုအမိန့် တစ်ခုနဲ့ တွဲပြီးတင်တာမျိုးတွေလုပ်ပါတယ်။ ဆိုလိုတာကတော့ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် အပြောနဲ့အလုပ်နဲ့မညီဘူး။ အစကတော့ ယဉ်သကို နောက်တော့ချိုမိုင်မိုင် ဆိုတဲ့ နိုင်ငံရေးအရ “ပို့”ချက်မျိုးပေါ့။

မြန်မာစစ်တပ်က ၂၀၁၈ မှာ စစ်ရေးလေ့ကျင့်မှုတစ်ခုပြုလုပ်တဲ့အခါ အဲ့ဒီပေ့ချ်ခြောက်ခုလုံးက “တပ်မတော်ကြည်း၊ရေ၊လေ စစ်ဆင်ရေးဟာ ဘင်္ဂလားဒေ့ရှ်ကို တုန်လှုပ်စေသလား”ဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ်တစ်ခုတည်းကို ဖော်ပြထားတာတွေ့ရပြန်ပါတယ်။
မြန်မာစစ်တပ်ကတော့ ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာတွေစတင်ဝင်ရောက်လာတဲ့ မူလရင်းမြစ်ဒေသဖြစ်တယ်လို့ ရပ်ခံပြောကြားနေခဲ့ပါတယ်။ ဖေ့ဘုတ်ပို့စ်တစ်ခုကနေ ကူးယူဖော်ပြထားတဲ့ အဲ့ဒီဆောင်းပါးဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ စစ်ဖြစ်ဖိုလက်တစ်ကမ်းအလိုမှာရှိနေပြီ။ စစ်ရေးအရ ဆောင်ရွက်ဖို့လိုနေပြီ စတဲ့သဘောတရားကို သိုင်းဝန်းချဲ့ထွင်ရေးသားထားကြခြင်းဖြစ်ပါတယ်။


မြန်မာနိုင်ငံအပေါ်ကျရောက်နေဆဲ ရိုဟင်ဂျာအန္တရာယ် ဆိုတဲ့ အတွေးအမြင်ဖော်ပြချက်ဟာလည်း စစ်ရေးအရလုပ်ဖို့လိုနေပြီ။ မြန်မာစစ်တပ် ဝင်ပါမှဖြစ်တော့မယ်လို့ ဆိုလိုထားတာပါပဲ။
နာမည်ကျော်ကိုယ်ခံပညာရှင် အောင်လအန်ဆန်းရဲ့ ပုံရိပ်ကိုအသုံးပြုပြီး လူတိုင်းဟာ မွေးရပ်မြေဇာတိတိုင်းပြည်ကို သစ္စာရှိရမယ်လို့ ဆိုလိုထားတဲ့ ဆောင်းပါးတစ်ပုဒ်ကိုလည်း တွေ့ရှိခဲ့ပါတယ်။ အဲ့ဒီဆောင်းပါးမှာ ရိုဟင်ဂျာတွေကို တရားမဝင်ခိုးဝင်သူတွေအဖြစ်ဖော်ပြပြီး အဲ့ဒီ ခိုးဝင်ဘင်္ဂလီတွေကို မြန်မာနိုင်ငံသားပေးလိုက်မယ်ဆိုရင်တောင် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်စစ်ကြီးဖြစ်ချိန် ဘင်္ဂလားဒေ့ရှ်ဘက်က ကူပေးမယ့်သူများသာ ဖြစ်ကြောင်းလည်း ရေးသားထားပါသေးတယ်။

ဒီလိုခပ်ဆင်ဆင်အကြောင်းအရာတွေကိုလည်း အဲ့ဒီပေ့ချ်ခြောက်ခုမှာ အပြန်အလှန်ကူးယူဖော်ပြထားကြလေ့ရှိပါတယ်။ ARSA အဖွဲ့ကို နိုင်ငံတကာက စစ်ရေးအရထောက်ပံ့မှုတွေပြုလုပ်နေတယ်ဆိုတဲ့ အကြောင်းအရာတွေပါတဲ့အပြင် အာဆာအဖွဲ့က မိန်းကလေးငယ်တွေကို မုဒိန်းကျင့်ပြီး အစ္စလာမ်ဘာသာဝင်အဖြစ်အတင်းအကြပ်သွတ်သွင်းတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ အာဆာကို တိုက်ခိုက်ရင်း ကျဆုံးသွားသူတွေကို လေးစားပါတယ်ဆိုတဲ့ အကြောင်းအရာတွေလည်း ပါဝင်ပါတယ်။

သူများသတင်းတွေ လိုက်ကူးပြီး ပြန်တင်လေ့ရှိ

သမီးလေးဖတ်ဖို့ ဘ၀ သင်ခန်းစာဆိုတဲ့ စာမျက်နှာက မှတ်ဖွယ်သုတေလေးတွေကိုလည်း ပေ့ချ်ငါးခုမှာ တစ်ပြိုင်တည်း ကူးယူဖော်ပြထားတာတွေ့ရသလို တောင်ကိုရီးယားမှာ ဖျော်ဖြေမယ့် အဆိုတော ခင်ပိုးပန်းချီသတင်းကိုလည်း သူများပေ့ချ်ကကူးယူပြီး ပေ့ချ်ငါးခုမှာ တစ်ပြိုင်တည်းဖော်ပြထားတာကို တွေ့ရပါတယ်။
ကျန်းမာရေးအတွက် မာလကာရွက်ရဲ့ ကောင်းကျိုးဆယ်မျိုးဆိုတာမျိုးကိုလည်း ဒီလိုပဲ ပေ့ချ်အသီးသီးမှာ ကူူးယူဖော်ပြထားတာကို တွေ့ရပါတယ်။တင်ထားသမျှအများစုဟာ အခြားဖေ့ဘုတ်နဲ့ အွန်လိုင်းစာမျက်နှာအသီးသီးက ပြန်လည်ကူးယူဖော်ပြထားကြတာပါပဲ။

ဥပမာပြောရရင် NLD နာယက သူရဦးတင်ဦး ဆေးရုံကဆင်းပြီဆိုတာမျိုးကို ကုမုဒြာကနေ အစအဆုံးကူယူဖော်ပြတာမျိုး၊ AA အဖွဲ့အကြောင်းပြောကြားထားတဲ့ စစ်တပ်သတင်းစာရှင်းလင်းပွဲသတင်းတစ်ပုဒ်ကို RFA ကနေ တိုက်ရိုက်ကူးချပြီး ပြန်တင်ထားတာမျိုးတွေ တွေ့ရပါတယ်။

အတုအယောင် အပြုအမူများ

မြန်မာနိုင်ငံသားတွေဖတ်တဲ့ ဖေ့ဘုတ်ပေ့ချ်တွေကို ရုရှားနိုင်ငံ အက်ဒမင်တွေကိုင်နေတယ်ဆိုတာမျိုးကတော့ ဘယ်လိုပဲစဉ်းစားစဉ်းစား ပုံမှန်မဟုတ်တဲ့ အချက်အလက်တစ်ခုပါပဲ။ ဒီပေ့ချ်တွေနောက်မှာ ဘယ်သူတွေရှိတယ်၊ ဘာရည်ရွယ်ချက်ရှိတယ်ဆိုတာကတော့ စုံစမ်းလို့ အတော်ခက်မယ့်ကိစ္စဆိုတာ ပြောဖို့တောင်မလိုပါဘူး။ ဒါပေမယ့် မြန်မာစစ်တပ်နဲ့ ရုရှားစစ်တပ်အကြားမှာ ချိတ်ဆက်မှုရှိနေပြီးသားဆိုတဲ့အချက်ရယ်၊ ဒီပေ့ချ်ခြောက်ခုလုံးက အမျိုးသားရေးဝါဒကို ဇောင်းပေးဖော်ပြထားတဲ့အပြင် စစ်ရေးအရဆောင်ရွက်မှုတွေပြုလုပ်ဖို့ အသားပေးဖော်ပြနေတာကတော့ အထင်အရှားတွေ့နိုင်ပါတယ်။
မကြာခဏဆိုသလိုလည်း NLD နဲ့ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ မူဆလင်တွေကို ရန်သူတွေအဖြစ် မြင်လာအောင်လှုံ့ဆော်ရေးသားလေ့ရှိသလို အာဆာလိုအဖွဲ့မျိုးနဲ့ အပါအဝင် တိုက်ခိုက်မှုတွေမှာ ကျဆုံးသွားသူတွေကိုလည်း စွန့်လွှတ်စွန့်စားသူတွေ အဖြစ်ပုံဖော်ရေးသားတာမျိုးရှိပါတယ်။
ဒီတပ်လော်ဘီပေ့ချ်တွေဟာ အသုံးပြုသူ ၄.၄ သန်းကို ပစ်မှတ်ထားဝါဒဖြန့်ချီခဲ့ကြပြီး ဆယ်လီတွေရဲ့ အတင်းအဖျင်းသတင်းတွေ၊ ဆေးမြီးတိုတွေ၊ လိင်ပိုင်းဆိုင်ရာ တွေ၊ ခေါင်းစီးပြူးတူးပြဲတဲ သတင်းတွေနဲ့ ဟိုကူးသည်ကူူးသတင်းတွေကြားထဲ ညှပ်ညှပ်ပြီး ဝါဒဖြန့်ခဲ့ကြတာကိုတွေ့ရပါတယ်။
အချင်းချင်း အချိန်ကိုက်လှုပ်ရှားနေသော ဖေ့ဘုတ်ပေ့ချ်နဲ့ ဂရုရာပေါင်းများစွာကို ဖြုတ်ချလိုက်ပြီဖြစ်တယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမယ့် ဒီပေ့ချ်ခြောက်ခုကတော့ ဖြုတ်ချခံရတဲ့အထဲ ပါမသွားခဲ့ပါဘူး။
လက်ရှိလေ့လာမှုအရတော့ ဒီပေ့ချ်ခြောက်ခုဟာ လူတွေကို အတည်မပြုနိုင်တဲ့ ဖော်ပြချက်တွေ၊ သာသာရေး၊လူမျိုးရေးအရ လူနည်းစုအပေါ် အမုန်းတရားတွေ၊ မျိုးချစ်စိတ်ဓာတ် လိုအပ်သည်ထက် ပြင်းထန်လာပြီး ဖောက်ပြန်အစွန်းရောက်တဲ့ အတွေးအခေါ်တွေဖြစ်ပေါ်လာစေနိုင်တဲ့ ရေးသားဖော်ပြမှုတွေ ပြုလုပ်ဝါဒဖြန့်ချီနေတာကို တွေ့ရမှာပါ။
မြန်မာနိုင်ငံရှိ ဖေ့ဘုတ်နဲ့ အခြားလူမှုကွန်ယက်ပလက်ဖောင်းတွေမှာလည်း ဒီလိုကွန်ယက်တွေ လှုပ်ရှားနေမှာ အသေအချာပါပဲ။

မှတ်ချက်။ ။
ဒီဆောင်းပါးက သတင်းစာပညာသင် ကျောင်းသားတစ်ယောက်ရဲ့ ဆောင်းပါးဖြစ်ပါတယ်။ ဒီမှာ ဖော်ပြထားချက်တွေထဲမယ် အမှားတစ်စက်မှ မပါဘူးလို့တော့ မဆိုလိုပါဘူး။ နည်းနိုင်သမျှနည်းအောင်တော့ ကြိုးပမ်းထားပါတယ်။ တကယ်လို့ အမှားတစ်ခုခုတွေ့ရင်ပဲဖြစ်ဖြစ်၊ မေးမြန်းစရာရှိလာရင်ပဲဖြစ်ဖြစ် contact@annieasia.org ဆိုတဲ့ အီးမေးလ်လိပ်စာကို ဆက်သွယ်မေးမြန်းနိုင်ကြပါတယ်။
ဒီဆောင်းပါးကို ရေးသားတဲ့ အောင်ကောင်းမြတ်ဟာ မြန်မာနိုင်ငံက သတင်းစာပညာအထူးပြုကျောင်းသားတစ်ဦးဖြစ်ပါတယ်။

မူရင်းလင့်

%d bloggers like this: