Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ဒေးဗစ်လားကို ဖွင့်ထားသောအမှု ပြန်ရုတ်သိမ်းတယ် ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ဒေးဗစ်လားကို ဖွင့်ထားသောအမှု ပြန်ရုတ်သိမ်းတယ် ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…..

COVID – 19 ကပ်ရောဂါကာလအတွင်း လူစုလူဝေးမပြုလုပ်ရ ဆိုတဲ့ အစိုးရထုတ်ပြန်ချက်ကို ဖောက်ဖျက်ခဲ့တဲ့ တရားဟောဆရာဒေးဗစ်လား နှင့် သင်းအုပ်ဆရာအပါအဝင် လေးဦးကို သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဥပဒေအရ မရမ်းကုန်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်ထား တဲ့အကြောင်း ရန်ကုန်တိုင်းဒေသကြီး COVID – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပါတယ်။ 

အဆိုပါ တရားစွဲဆိုထားခြင်းကို ဒေါ်အောင်ဆန်းစုကြည်မှ ဖြန်ဖြေပေးမှုကြောင့် ပယ်ဖျက်လိုက်ကြောင်း Ne Ya Byutt ဆိုတဲ့ အကောင့်မှ တင်ထားပါတယ်။ ဒီသတင်းတုဟာ Like 1.1 K နဲ့ Share 7.3 K ရှိနေပါပြီ။ 

ဒီသတင်းတုကို  Think Before You Trust မှ စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတင်ထားတဲ့ Facebook Account ဟာ သတင်းတုသတင်းမှားတွေကို အစဉ်တစိုက်ဖြန့်ချီနေသော အကောင့် ဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ ထို့အတူပဲ Myanmar Now သတင်းဌာနက “တရားဟောဆရာ ဒေးဗစ်လား အပါအဝင် ၄ ဦးအမှု ရုတ်သိမ်းထားခြင်းမရှိ” ဆိုတဲ့ သတင်းအပြင် 7 Day သတင်းဌာနကလည်း “တရားဟောဆရာဒေးဗစ်လားအပါအဝင် လေးဦး၏ အမှုရုတ်သိမ်းခြင်း မရှိ” ဆိုတဲ့သတင်းတွေကိုလည်း တွေ့ရှိရပါတယ်။  

 သတင်းတုရဲ့ Comment တွေမှာ ဆိုရင်လည်း ခရစ်ယာန်ဘာသာနဲ့ အခြားဘာသာတွေအကြား အမုန်းစကားတွေကို တွင်တွင်ကျယ်ကျယ် ဖြန့်ဝေနေတာကိုလည်း  စိုးရိမ်ဖွယ်ရာ တွေ့ရှိနေရပါသည်။ နိုင်ငံခေါင်းဆောင်တစ်ယောက်ကလည်း ဘာသာ တစ်ခုဘက်ကို မျက်နှာလိုက်ကြောင်း စွပ်စွဲရေးသားထားတဲ့ မှတ်ချက်တွေကိုလည်း တွေ့နေရပါတယ်။ ယခုလို သတင်းတုတွေက ကိုးကွယ်ရာ ဘာသာစုံလင်တဲ့ မြန်မာနိုင်ငံရဲ့ ဘာသာရေးသဟဇာတဖြစ်မှုအပေါ် ထိုးနှက်ချက်တစ်ခုဖြစ်စေပါတယ်။ ဒါကြောင့် Think Before You Trust (တွေးပြီးမှယုံ) ရဲ့ သူငယ်ချင်းတွေ အနေနဲ့လည်း ယခုလို ပို့စ်တွေကို လွယ်လင့်တကူယုံကြည်ပြီး မမျှဝေမိဖို့ရာ လိုအပ်ပါတယ်နော်။ ယခုလို သတင်းတုများကို စစ်ဆေးမေးမြန်းလိုပါက တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: