Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>“AA ဘက်မှာထိုင်းတော်ဝင်တပ်တော်ကြီးပါလာတော့မည်” ဆိုတဲ့သတင်းတု
နိုင်ငံတကာနိုင်ငံရေး

“AA ဘက်မှာထိုင်းတော်ဝင်တပ်တော်ကြီးပါလာတော့မည်” ဆိုတဲ့သတင်းတု

သူငယ်ချင်းတို့ရေ….

ရက္ခိုင့်တပ်တော်(AA) နှင့် တပ်မတော်တို့အကြားစစ်ပွဲတွေပြင်းထန်နေချိန်မှာ လက်နက်ကိုင် နှစ်ဖွဲ့ကြား သတင်းတွေနဲ့ပတ်သတ်လို့ အမျိုးမျိုးသောသတင်းတု၊ သတင်းမှားတွေကို တွေ့ရှိရပါတယ်။

ဒီတစ်ခါမှာတော့Think Before You Trust မှ တွေ့ရှိချက်မှာ မောင်သုတ ဆိုတဲ့အကောင့်တကောင့်မှ “ထိုင်းကတော့စိန်ခေါ်နေပြီ AA ဘက်မှာထိုင်းတော်ဝင်တပ်တော်ကြီးပါလာတော့မည်” ဆိုတဲ့ခေါင်းစဉ်ဖြင့် Bangkok Post သတင်းစာမှပါဝင်တဲ့ ဆောင်းပါးကို ဆီလျှော်အောင်ဘာသာပြန်ထားတယ်ဆိုတဲ့ သတင်းတု တင်ထားတာကိုတွေ့ရပါတယ်။ ထိုသတင်းတုကို Like ၆၀၀၀ကျော်၊ ပြန်လည်မျှဝေသူ ၄၀၀၀ကျော်ရရှိပြီး မကြာခင်မှာပဲ ပို့စ် ဖျက်သွားတာကိုတွေ့ရပါတယ်။ မူရင်းသတင်းတုကို ဖျက်လိုက်ပေမယ့် တစ်ခြားသော Pageတွေ၊ Groups တွေ နဲ့ အကောင့်တော်တော်များများမှာ ပြန်လည်ကူးယူဖော်ပြပြီး ဆက်လက် ပြန့်နှံ့နေပါတယ်။

အဆိုပါ သတင်းတုကို Think Before You Trust (တွေးပြီးမှယုံ)မှ ပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာ သတင်းတုရဲ့ ဆောင်ပါးကို ဖော်ပြပေးတယ်ဆိုတဲ့ Bangkok Post သတင်းစာရဲ့ Website မှာ လည်း တင်ထားတာမရှိပါဘူး။ ဒီနေရာမှာ Bangkok Post သတင်းစာ Website ကို ဝင်ရောက်ဖတ်ကြည့်လို့ရပါတယ်။ ဒါ့အပြင် သတင်းတုမှာ​ဖော်ပြထားတဲ့ စာရေးသူအမည်နဲ့ ဆောင်းပါးဟာလဲ ဘယ် website မှာမှ မရှိပါဘူး။

သတင်းတုမှာ ပါဝင်တဲ့ ထိုင်းတော်ဝင်တပ်တော်က မြန်မာနိုင်ငံကို ၃ ရက်အတွင်း သိမ်းနိုင်ကြောင်း၊ ရာဇဝင်ကြွေးကို ပြန်ဆပ်မည်ဖြစ်ကြောင်း ရေးသားထားချက်တွေက အိမ်နီးချင်းနှစ်နိုင်ငံအကြား ချစ်ကြည်မှုကို ပျက်ပြားစေနိုင်သလို ယခုလို ကပ်ရောဂါဘေး ကျရောက်နေတဲ့ အချိန်မှာ လူအများကြား စိုးရိမ်မှုကို ပိုတိုးစေနိုင်ပါတယ်။ သတင်းတုမှာ ထပ်မံရေးထားတဲ့ AA ဘက်မှ ထိုင်းတော်ဝင်စစ်တပ်က ဝင်တိုက်မယ်ဆိုတဲ့ ရေးသားချက်ဟာ AA က ထိုင်းနိုင်ငံကို အားကိုးပြီး မြန်မာနိုင်ငံကို ပုန်ကန်နေသယောင်ယောင် အထင်လွဲမှားစေနိုင်ပါတယ်။ ကုလ အတွင်းရေးမှူးချုပ်က တကမ္ဘာလုံး စစ်ပွဲတွေရပ်ဖို့ မေတ္တာရပ်ခံထားတဲ့အပြင် ကမ္ဘာ့ကပ်ကြီးကြောင့် ဝရုန်းသုန်းကား ဖြစ်နေတဲ့အချိန်မှာ ထိုင်းဘက်ကလဲ စစ်ပွဲကို စဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ယခုလို COVID-19 ကြောင့် ပြည်သူများစိုးရိမ်ထိတ်လန့်နေချိန်ပြီး ပြည်တွင်းစစ်ပွဲတွေဖြစ်ပွားနေချိန်ကို အခွင့်ကောင်းယူပြီး သတင်းတုတွေကို ပုံမှန်ဖြန့်ဝေနေကြပါတယ်။ သတင်းတုတွေကို မိမိကိုယ်တိုင် မယုံမိကြဖို့ လိုသလို၊ ပြန်လည်မမျှဝေဖို့လည်းအရေးကြီးပါတယ်။ သတင်းတုလို့ယူဆမိရင် Think Before You Trust (တွေးပြီးမှယုံ) ရဲ့ chat box မှာလာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်။

%d bloggers like this: