Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>COVID-19 ကပ်ရောဂါကို အသုံးချပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဖောက်ယူဖို့ကြိုးစားနေတဲ့ စိုးရိမ်ဖွယ်ရာ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

COVID-19 ကပ်ရောဂါကို အသုံးချပြီး ပုဂ္ဂိုလ်ရေး အချက်အလက်များကို ဖောက်ယူဖို့ကြိုးစားနေတဲ့ စိုးရိမ်ဖွယ်ရာ သတင်းတု

သူငယ်ချင်းတို့ရေ…..

COVID – 19 ကပ်ရောဂါ ကာလအတွင်းမှာ ကူးစက်မှုများ လျော့ချနိုင်ဖို့ အတွက် အစိုးရ သတ်မှတ်လုပ်ငန်းများမှ လွဲလို့ အခြားလုပ်ငန်းများကို ပိတ်ခိုင်းထားပြီး လူအများကိုလည်း မလိုအပ်ဘဲ အပြင်မထွက်ကြစေဖို့ အမိန့်ထုတ်ပြန်ထားပါတယ်။ အဲ့လို ထုတ်ပြန်မှုနဲ့ အတူ လူအများဟာလည်း အလုပ်အကိုင်ပျက်မှုများကြောင့် စားဝတ်နေရေးအခက်အခဲများကို ကြုံတွေ့လာနေရပါတယ်။ ကြုံတွေ့လာရတဲ့ အခက်အခဲတွေပေါ်မှာ မူတည်ပြီးတော့ စီးပွားရေး၊ နိုင်ငံရေးအရ အမြတ်ထုတ်ဖို့ကြိုးစားလာမှုများကို​လည်း တွေ့ရှိနေရပါတယ်။

ယခု Think Before You Trust မှ တွေ့ရှိရတဲ့ သတင်းတု တစ်ခုမှာဆိုရင်လည်း တခြားသတင်းတွေက လှူဒါန်းနေတဲ့ သတင်းဓာတ်ပုံတွေကို ယူသုံးထားပြီး မြန်မာနိုင်ငံရဲ့ ဘယ်နားမှာနေပါစေ။ ဆန်၊ ဆီ၊ ဆား၊ ကြက်သွန် အစရှိတဲ့ အခြေခံစားသောက်ကုန်တွေကို အိမ်တိုင်ရာရောက် လာရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း၊ လိုချင်ပါက ဖုန်းနာပါတ်၊ နေရပ်လိပ်စာ အပြည့်အစုံကို Comment မန့်ပေးခဲ့ရန် လိုကြောင်း ရေးပြီးတင်ထားပါတယ်။ ဒါ့အပြင် နေရပ်လိပ်စာကို comment ရေးပေးခဲ့ဖို့ကို ပြောထားပြီး comment ရေးသားနိုင်ဖို့က သူဖော်ပြတဲ့  ဂရုမှာ အဖွဲ့ဝင်ဖြစ်မှ ရေးသားနိုင်တာဖြစ်ပါတယ်။ ဒါကို ကြည့်ရင် ဂရုတွင်းမှာ အဖွဲ့ဝင်များစေဖို့ တဖက်တလမ်းက ကြိုးစားနေတာဖြစ်ကြောင်း ပေါ်လွင်နေပါတယ်။

ယင်းသတင်းတုကိုမှာ တွေးပြီးမှယုံ မှ သတိထားမိချိန်တွင် Like 24000 ကျော်
Comment 7500 ကျော်
Share 42000 ကျော် ရှိနေပြီ ဖြစ်ပါတယ်။

အဆိုပါသတင်းတုနဲ့ ပတ်သက်ပြီး တွေးပြီးမှယုံက လိုက်လံစစ်ဆေးကြည့်တဲ့အခါမှာ သတင်းတုစတင်ဖြန့်ဖြူးထားသော Facebook Group က နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ဦးတည်ထားသည့် ဂရုဖြစ်နေပါတယ်။ ဂရုထဲမှာလည်း သတင်းတုများ၊ အမုန်းစကားများနှင့် အခြားထွေရာလေးပါးများကိုသာ တင်ထားတာတွေ့ရပါတယ်။

အဆိုပါ Group က မတ် ၃၁၊ ၂၀၂၀ မှစတင်ဖွဲ့စည်းထားတာဖြစ်ပါတယ်။ Group စတင်ဖွဲ့တဲ့အချိန်မှာတော့ COVID-19 Myanmar ဆိုတဲ့အမည်ကို အသုံးပြုထားပြီး ယခုချိန်မှာတော့ Aung San Su Kyi ထူးခြားသတင်းရှာဖွေရေး ဂရု လို့အမည်ပြောင်းထားပါတယ်။
COVID-19 ကပ်ရောဂါ ​ဖြစ်နေတဲ့ အချိန်နဲ့ အံကိုက် ပေါ်ပေါက်လာခဲ့ပြီး ယခုလို နာမည်ကို ချိန်းလိုက်တယ်လို့ အကြမ်းဖျင်းသတ်မှတ်လို့ရပါတယ်။

ဒါ့အပြင် အဆိုပါသတင်းတုကို ဖြန့်ဖြူးသူ Shar Pay ဆိုသူရဲ့ အကောင့်ကို စစ်ဆေးကြည့်တဲ့ အခါမှာ ထိုသူသည်လည်း March လကုန်ပိုင်းကမှ အကောင့်ဖွင့်ထားသော အကောင့်အသစ်ဖြစ်သလို အကောင့်ထဲတွင်လည်း မြန်မာနိုင်ငံမှ တရားမဝင် လောင်းကစားအဖြစ် သတ်မှတ်ထားတဲ့ နှစ်လုံးသုံးလုံး ပေါက်ဂဏန်ပေးခြင်းများနှင့် အခြားသတင်းတုများကို တင်ထားသော အကောင့်ဖြစ်နေသည်ကို တွေ့ရပါသည်။

အဆိုပါ သတင်းတုတွင်းမှ ပုံများကို စစ်ဆေးကြည့်ရာ ဧပြီလ ၉ရက်နေ့က သရုပ်ဆောင် မေမြင့်မိုရ်နှင့် သျှင်းမြတ်တို့ မှ ကပ်ရောဂါ ကာလအတွင်း စားဝတ်နေရေး မပြေလည်သူများကို ထောက်ပံရေး ပစ္စည်းများ မျှဝေနေတဲ့ပုံများဖြစ်နေပါတယ်။


သူဌေးလင်မယား နှစ်ယောက်ကတော့ အဂ္ဂမဟာသီရိ သုဓမ္မမဏိဇောတိကဓရ ဦးဇော်မိုးခိုင် နဲ့ ဒေါက်တာစောနေနွယ် တို့ပဲ ဖြစ်ပါတယ်။

အဆိုပါ Group မှာ သတင်းတုများ အမုန်းစကားများအပြင် နိုင်ငံခေါင်းဆောင်တွေကို တိုက်ခိုက်ရေးသားထားတာတွေဟာဆိုရင် များပြားလာတဲ့ အဖွဲ့ဝင်တွေဆီ လွယ်လင့်တကူ ပြန့်နှံ့နိုင်ပါတယ်။ ဒါအပြင် မိမိရဲ့ ကိုယ်ရေးကိုယ်တာ ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာ အချက်အလက်တွေ ဖြစ်တဲ့ လိပ်စာနဲ့ ဖုန်းနံပါတ်တွေကို comment မှာ ရေးသားတာက စိုးရိမ်ဖွယ်ရာဖြစ်ပြီး အင်မတန်မှ အန္တရာယ်ရှိပါတယ်။

ယခု ချိန်မှာ ဆိုရင် အဲ့ဒီ သတင်းတုကို ပြန်လည်မျှဝေသူတွေများနေတဲ့အပြင် ယုံယုံကြည်ကြည်နဲ့ ကိုယ်ပိုင်အချက်အလက်တွေကို comment ရေးသားသူတွေကလဲ တရိပ်ရိပ်နဲ့ မြင့်တတ်နေပါတယ်။ တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေလည်း ဒီလို စိုးရိမ်ဖွယ်ရာ သတင်းတုကို သတိထားမိအောင် ဒီပိုစ့်လေးကို ပြန်လည်မျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ဒီလို သတင်းတုတွေပဲ ဖြစ်ဖြစ်၊ သတင်းတုတွေလို့ ယူဆရတဲ့ သတင်းတွေကိုပဲ ဖြစ်ဖြစ် တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: