Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အမည်ကို အသုံးပြုထားတဲ့ Page အတု
နိုင်ငံရေး

မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ အမည်ကို အသုံးပြုထားတဲ့ Page အတု

သူငယ်ချင်းတို့ရေ……

အခုတစ်ခါမှာတော့ သတိထားသင့်တဲ့ ” မြန်မာပြည်သတင်းမီဒီယာကောင်စီ” ဆိုတဲ့ Page အတုအကြောင်းပြောပြပေးသွားမှာဖြစ်ပါတယ်။

ဒီ Page အတုဟာ ၂၀၂၀ မတ်လ ၁၂ ရက် နေ့မှာ မြန်မာပြည် သတင်းမီဒီယာကောင်စီဆိုတဲ့ အမည်နဲ့ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဆိုပါ ပေ့ချ်အတုမှာတော့  အခြား သတင်းမီဒီယာတွေက သတင်းတွေကို တဆင့်ကူးယူဖော်ပြပြီး အတည်ပြုရန်ခက်ခဲတဲ့ သတင်းတွေနဲ့ သတင်းမှားတွေကိုသာ တင်ထားတာကိုတွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ဧပြီလ ၂၄ ရက်နေ့မှာလည်း ဖုန်းငွေဖြည့်ကဒ် ၅ သိန်းဖိုး မဲဖောက်ပေးမယ် ဆိုပြီးတော့ ပိုစ့်တစ်ခုတင်ခဲ့ပါတယ်။ ဖုန်းဘေလ်ရဖို့အတွက် အဆိုပါ page အတုကို Like နဲ့ Follow လုပ်ထားရမှာဖြစ်ပြီး လူသိများတဲ့ Group ထဲကို Share ပေးရမယ်လို့ ညွှန်ကြားထားပါတယ်။ ဖုန်းဘေလ် မဲပေါက်သူတွေကိုတော့ Messenger မှာ လူရွေးချယ်ပြီး ပေးမယ်လို့ ရေးသားထားပါတယ်။ ဒီလုပ်ရပ်က Page ကို လူသိများ Like များအောင် တမင်လိမ်ဆင်လုပ်ထားတယ်ဆိုတာ သိသာပါတယ်။ 

အဆိုပါ Page အတုက “မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ (Myanmar Press Council)” ဆိုတဲ့ Page ရဲ့  အမည်နဲ့ ဆင်တိုးယိုးမှားဖြစ်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။ Myanmar Press Council ဟာ မြန်မာနိုင်ငံအစိုးရမှ အသိအမှတ်ပြုထားတဲ့ တရားဝင်သတင်းမီဒီယာကောင်စီဖြစ်ပြီး နိုင်ငံတဝန်းမှာရှိတဲ့ သတင်းမီဒီယာများနဲ့ပတ်သတ်ပြီး ထုတ်ပြန်ချက်များကို တင်လေ့ရှိပါတယ်။

ယခုလို Page အမည်ကို ဆင်တူယိုးမှား ပြုလုပ်ထားခြင်းက လူမှုကွန်ယက်သုံးစွဲသူများကို ထင်ယောင်ထင်မှား ဖြစ်စေနိုင်ပါတယ်။ တရားဝင် သတင်းမီဒီယာ ကောင်စီရဲ့  Page အမည်ကို ယူသုံးထားပြီး သတင်းမှားနဲ့ အတည်ပြုရခက်ခဲတဲ့ သတင်းတွေကို တင်နေခြင်းကလည်း သတင်းနှင့် ဒီဂျစ်တယ် အသိပညာ နည်းပါးတဲ့ လူမှုကွန်ယက်သုံးစွဲသူတွေအတွက် အန္တရာယ်ရှိလှပါတယ်။

တွေးပြီးမှယုံ ကနေလည်း ဖုန်းဘေလ်တွေမဲဖောက်ပေးပြီး လိမ်ဆင်တွေလုပ်ထားတဲ့ Page တွေအကြောင်းကို ယခုလို ဖော်ပြခဲ့ပြီးဖြစ်ပါတယ်နော်။ ယခုလို လိမ်လည်ပြီး Page like များအောင် လုပ်နေတာတွေက လူ့ကျင့်ဝတ်နဲ့လည်း မကိုက်ညီပါဘူး။ တစ်ကမ္ဘာလုံးမှာ ကပ်ရောဂါကြောင့် ပူပန်နေရချိန်တွင် ဒီလို Pageအတု၊ သတင်းတုတွေပြုလုပ်ပြီး ကိုယ်ကျိုးအတွက် အသုံးပြုနေသူတွေ အများအပြားရှိနေပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း ဒီလိုမျိုးတွေမကြုံရအောင် သတင်းဖတ်တဲ့အချိန်တွေ, Page တခုကို Like & Follow လုပ်မဲ့အချိန်တွေမှာ သေချာချင့်ချိန်စဉ်းစားဖို့လိုပါတယ်။ သတင်းတု၊ မှားနဲ့ပတ်သတ်ပြီး စုံစမ်းမေးမြန်းချင်ရင်တော့ တွေးပြီးမှယုံ ရဲ့ Chat Box က အမြဲကြိုဆိုလျက်ပါနော်။  

%d bloggers like this: