Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>အစ္စလာမ် သာသနာနဲ့ ဆန့်ကျင်တဲ့ Tiktok Video ရိုက်ကူးသူများကို တရားစွဲမယ်ဆိုတဲ့ ကြေငြာချက်အတု
ဘာသာရေး

အစ္စလာမ် သာသနာနဲ့ ဆန့်ကျင်တဲ့ Tiktok Video ရိုက်ကူးသူများကို တရားစွဲမယ်ဆိုတဲ့ ကြေငြာချက်အတု

သူငယ်ချင်းတို့ အားလုံးပဲ မင်္ဂလာညခင်းလေးပါ….
COVID-19 ရောဂါမှ ကင်းလွတ်ကြပါစေလို့ ဦးစွာ ဆန္ဒပြုလိုက်ပါတယ်။

ဒီညမှ ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုကို သူငယ်ချင်းတို့သိရှိပြီးဖြစ်ကြမယ်လို့ တွေးပြီးမှယုံ ကမျှော်လင့်ပါတယ်။ အဲ့ဒီသတင်းတုကတော့ အစ္စလာမ်ဘာသာဝင်များရဲ့ အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ထုတ်ပြန်တဲ့စာ ဆိုပြီး စာအတုတစ်ခု ထွက်ပေါ်နေတာပဲဖြစ်ပါတယ်။ အဲ့ဒီစာကို စစ်ပေးဖို့ တွေးပြီးမှယုံ page ကိုပေး ပို့လာတဲ့အတွက် စစ်ဆေးလိုက်တဲ့အခါမှာ ပေးပို့လာတဲ့စာဟာအတုဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဘာကြောင့်အတုလို့ ပြောရသလဲဆိုရင်…….

စာအတုမှာပါရှိတဲ့ ခေါင်းစည်းပိုင်းနဲ့ ရက်စွဲတွေဟာဆိုရင် အိုလမာ-အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်မှ ဧပြီလ(၂၃)ရက်၊၂၀၂၀ ရက်နေ့မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ရမသွာန် ဥပုသ်လအတွက် ဆန်းဦးလကို မမြင်ကြောင်း ထုတ်ပြန်ကြေညာထားတဲ့ ထုတ်ပြန်ချက်ကို ပြုပြင်ပြီး အတုဖန်တီးထားခြင်းဖြစ်ပါတယ်။

အတုဖြစ်ရသည့်နောက်တစ်ချက်မှာ စာ၏အောက်ခြေတွင်ထိုးထားသည့် လက်မှတ်များသည် COVID-19 ရောဂါနှင့်ပတ်သက်ပြီး အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ ထုတ်ပြန်သည့် ထုတ်ပြန်ချက်များမှ လက်မှတ်များကို ယူသုံးပြီး photoshop ဖြင့် ပြင်ဆင်ထားခြင်းဖြစ်သည်။

အိုလမာ အစ္စလာမ်သာသနာ့ပညာရှင်များအဖွဲ့ချုပ်က ထုတ်ပြန်တဲ့စာမှာ စာအတုမှာပါသလို လက်မှတ်တွေနဲ့ ထုတ်ပြန်ထားတာမျိုးကို မတွေ့ရှိရဘဲ ဘာသာရေးဓမ္မသတ်မှူးချုပ် လက်မှတ်နှင့်သာ ထုတ်ပြန်တာမျိုးကိုလည်း တွေ့ရှိရပါတယ်။

စာအတုမှာ အသုံးပြုထားတဲ့ စာလုံးပုံသဏ္ဍာန်တွေဟာလည်း တူညီမှုမရှိဘဲ ကွာပြားမှုများရှိနေတာကို တွေ့ရှိရပါတယ်။

အထက်ပါအချက်တွေကြောင့် စာအတုဖြစ်ကြောင်း တွေ့ပြီးမှယုံရဲ့ တွေ့ရှိချက်ကို သူငယ်ချင်းတို့ဆီ မျှဝေလိုက်ပါတယ်။ အခုလို Covid-19 ကာလမှာ ဘာသာတစ်ခုနှင့်တစ်ခုကြား၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးကြား သဟဇာတဖြစ်မှုကို အနှောင့်အယှက်ဖြစ်နိုင်တဲ့ သတင်းတု၊သတင်းမှားတွေ ပေါ်ပေါက်လာနိုင်တဲ့ အတွက် သူငယ်ချင်းတို့အနေနဲ့ သတိထားဖို့ တွေးပြီးမှယုံ ကနေထပ်မံတိုက်တွန်းလိုက်ပါ တယ်။ သတင်းတုကို စစ်ဆေးဖို့ အခက်အခဲ ဖြစ်နေတယ် ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: