သူငယ်ချင်းတို့ရေ…..
အခုတခေါက်မှာတော့ ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော် (ARSA) သူပုန် (၁၀၀) ကျော်ကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို ဝင်ရောက်တိုက်ခိုက်တယ်ဆိုတဲ့ သတင်းတုအကြောင်းကို ဖော်ထုတ်ပေးထားပါတယ်နော်။
သတင်းတုကို U Htay Aung ဆိုတဲ့ အကောင့်ကနေ မေလ၊ ၅ရက်နေ့က “မြန်မာ့တပ်မတော် နှင့် ဘင်္ဂလားဒေ့ချ် နိုင်ငံမှ ကျူးကျော်သူ ARSA တို့ တိုက်ပွဲပြင်းထန်” လို့ဆိုထားပြီး ချင်းပြည်နယ် ပလက်ဝမြို့နယ်ကို ဘဂ်လားဒေ့ရှ်နိုင်ငံဘက်က ကျူးကျော်ဝင်ရောက်လာတဲ့ ARSA နဲ့ တပ်မတော် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားပြီး ARSA တွေ အကျအဆုံးများစွာနဲ့ ထွက်ပြေးသွားကြောင်း တင်ထားပါတယ်။
ဒီသတင်းတု ဟာဆိုရင် Like 4500, Share 2300 ကျော်ရရှိထားပြီး သတင်းတုနဲ့ တွဲလျက်ပဲ ဘဂ်လားဒေ့ရှ်ကို စစ်ကြေငြာသင့်တဲ့အကြောင်း နှိုးဆော်ထားတဲ့ အမုန်းစကားတွေ ကိုလည်းတွေ့ရှိနေရပါတယ်။
အဆိုပါသတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး ဝက်ဘ်ဆိုက် နဲ့ ပြည်တွင်းမှ တရားဝင်မီဒီယာတွေကလည်း ဖော်ပြပါသတင်းတု နဲ့ပတ်သတ်ပြီး တစုံတရာတင်ထားတာမရှိပါဘူး။ သတင်းတု တင်ထားတဲ့ ပုံတွေကိုလည်းစစ်ဆေးကြည့်တဲ့အခါမှာ dvidshub ကတင်ထားတဲ့ ၂၀၁၃ ခုနှစ်၊ အမေရိကန်မရိန်းတပ်ဖွဲ့နှင့် ဖိလစ်ပိုင်တို့ စစ်ရေးလေ့ကျင့်တဲ့ပုံတွေကို ယူသုံးထားတာကို တွေ့ရပါတယ်။
သတင်းတု တင်ထားတဲ့ U Htay Aung ဆိုတဲ့အကောင့်ကို လေ့လာကြည့်တဲ့အခါမှာ အဆိုပါအကောင့်က မိမိဘယ်သူဘယ်ဝါ ဆိုတာကို ဖော်ပြထားခြင်းမရှိပဲ အတည်ပြုဖို့ ခက်ခဲတဲ့ သတင်းတွေကိုသာ တစိုက်မတ်မတ် တင်လေ့ရှိတဲ့အကောင့်မျိုးဖြစ်ပါတယ်။
ကပ်ရောဂါကာလအတွင်း အများပြည်သူများ စိုးရိမ်ထိတ်လန့်နေချိန်မှာ အခုလိုသတင်းတုတွေကြောင့် ပြည်သူတွေ ပိုပြီး စိတ်မလုံမခြုံဖြစ်ရပါတယ်။ ဒါ့အပြင် သတင်းတုမှာ ရေးသားထားတဲ့ “ကုလားဆိုးများ” ဆိုတဲ့ အသုံးအနှုန်းဟာ ပြည်သူများအကြားမှာ အမုန်းပွားစေနိုင်ပြီးတော့ ဘာသာရေး၊ လူမျိုးရေးပဋိပက္ခတွေ ဖြစ်စေနိုင်တဲ့ အခြေအနေတွေကိုဦးတည်စေပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း ဒီလိုသတင်းတုတွေကို မယုံမိဖို့လိုသလို ထင်ယောင်ထင်မှားဖြစ်တဲ့သတင်းများကိုလည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။