Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>ဘင်္ဂလားဒေ့ချ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မြန်မာ့တပ်မတော်သားတချို့ ကျဆုံးဆိုတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

ဘင်္ဂလားဒေ့ချ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် မြန်မာ့တပ်မတော်သားတချို့ ကျဆုံးဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…..

ခုတခေါက်ပြောပြပေးသွားမှာကတော့ “ဘင်္ဂလားဒေ့ရှ် ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တပ်မတော်သား တချို့ကျဆုံး” ဆိုတဲ့ သတင်းတုအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

ဒီသတင်းတုကိုတော့ အရင်ကတည်းက သတင်းတုတွေ ပြန့်နှံ့နေကျ ဖြစ်တဲ့ Facebook က မဟုတ်ပဲ YouTube Channel တခု ဖြစ်တဲ့ Opera Report မှ တင်ထားတာဖြစ်ပါတယ်။ သတင်းတုကိုတော့ “ရခိုင်ပြည်နယ် မြောက်ပိုင်း၊ တောင်ပြိုလက်ဝဲ ဒေသတွင် နယ်ခြား လုံခြုံရေး ဆောင်ရွက်နေသူများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တပ်မတော်သားတချို့ ကျဆုံး” ဆိုတဲ့ သတင်းခေါင်းစဥ်တပ်ထားပြီး သတင်းပါအချက်အလက်တွေကို ဓါတ်ပုံနှစ်ပုံနဲ့တွဲသုံးပြီးတော့ YouTube ဗွီဒီယိုဖိုင်နဲ့တင်ဆက်ထားပါတယ်။ အဆိုပါသတင်းတုကို ကြည့်ရှုသူပေါင်း ၇၂၀၀ကျော်၊ ကြိုက်နှစ်သက်သူ ၆၀၀ကျော် ရှိပြီး မေလ ၁၀ရက်နေ့က တင်ထားတာဖြစ်ပါတယ်။

သတင်းတုကို တွေးပြီးမှယုံ-Think Before You Trust က စစ်ဆေးကြည့်တဲ့အခါမှာ ၂၀၁၉၊ ဇူလိုင်လ ၆ ရက်နေ့က ဧရာဝတီသတင်းဌာနက “ဘင်္ဂလားဒေ့ရှ်ဘက်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် တပ်မတော်သား အချို့ကျဆုံး” လို့ဖော်ပြထားတဲ့ သတင်းပါ စာသားများကို အတိအကျ ယူသုံးထားတာဖြစ်ပါတယ်။ ဖြစ်စဉ်နဲ့ အကြောင်းအရာတူနေပေမယ့် သတင်းဟောင်းကို ပြန်လည်ကူးယူဖော်ပြခြင်းဟာ လူအများကြားထင်ယောင်ထင်မှားဖြစ်စေနိုင်ပါတယ်။ သတင်းတုကို တင်ထားတဲ့ YouTube Channel ဟာဆိုရင်လည်း နိုင်ငံတွင်းမှာ ဖြစ်ပျက်နေတဲ့ စစ်ရေးအခြေအနေတွေနဲ့ တကမ္ဘာလုံးမှာ ဖြစ်ပျက်နေတဲ့ နိုင်ငံရေးအခြေအနေတွေကို သတင်းမှန်နဲ့ သတင်းမှားများကို ရောယှက်ပြီးတော့ တင်လေ့ရှိပါတယ်။

အခုလအတွင်း မှာပဲ ရိုဟင်ဂျာကယ်ဆယ်ရေးတပ်မတော် (ARSA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲထိတွေ့မှုတွေဖြစ်ခဲ့တယ်လို့ တပ်မတော်ဝက်ဆိုက်ဘ်က ယခုလို သတင်းထုတ်ပြန်ပါတယ်။ ဒီလို ထိတွေ့မှုတွေကို အခြေခံပြီး သတင်းတုတွေ ပြန့်နှံ့လာတာကိုလည်း လေ့လာသုံးသပ်မိပါတယ်။

သတင်းတုတွေကို ဖြန့်ဝေပုံတွေက အမျိုးမျိုးရှိတာကြောင့် တွေးပြီးမှယုံရဲ့ သူငယ်ချင်းတွေအနေနဲ့ သတင်းဖတ်တဲ့အခါ၊ သတင်းနားထောင်တဲ့အခါတွေမှာ သေချာဖတ်ရှုပြီး တရားဝင်သတင်းမီဒီယာများကနေ တင်ဆက်ထားတဲ့ သတင်းများကိုသာ ပြန်လည်မျှဝေတာမျိုးပြုလုပ်သင့်ပါတယ်။ ဒါပြင့် သူငယ်ချင်းတို့ အနေနဲ့ သတင်းတု၊ အစစ်တွေကို စိစစ်ခွဲခြားဖို့ လိုသလို သတင်းတု၊ အစစ် စစ်ဆေးလိုပါကလည်း တွေးပြီးမှယုံ ရဲ့  Chat Box မှာ လာရောက်မေးမြန်းလို့ ရပါတယ်နော်။

%d bloggers like this: