Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ဒေးဗစ်လား Hotel Quarantine ဝင်နေရာမှ အကြောင်းမကြားဘဲ ထွက်သွားတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်

ဒေးဗစ်လား Hotel Quarantine ဝင်နေရာမှ အကြောင်းမကြားဘဲ ထွက်သွားတယ်ဆိုတဲ့ သတင်းတု

သူငယ်ချင်းတို့ရေ…….

ခုတစ်ခေါက် ပြန့်နှံ့နေတဲ့ သတင်းတု ကတော့ “Hotel Quarantine ဝင်နေရတဲ့ ဒေးဗစ်လား မည်သူ့မှ အကြောင်းမကြားဘဲ ထွက်သွား” ဆိုတဲ့ သတင်းတု ပဲဖြစ်ပါတယ်။  COVID-19 ကာကွယ်ထိန်းချုပ်ရေးကုသရေးကာလမှာ လူစုလူဝေးပြုလုပ်မှုကြောင့် တရားစွဲဆိုခံထားရတဲ့ ခရစ်ယာန်တရားဟောဆရာဒေးဗစ်လားက Hotel Quarantine ဝင်နေချိန်မှာ ဘယ်သူမှ အကြောင်းမကြားဘဲ ထွက်သွားတယ်ဆိုတဲ့ သတင်းတုဟာ Facebook လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေခဲ့ပါတယ်။ သတင်းတုကို 21st Century News ဆိုတဲ့ Facebook Page မှ “အမှုဖွင့်ထားခြင်းခံထားရသည့် ဒေးဗစ်လား Hotel Quarantine မှ ရက်မစေ့သေးခင် မည်သူ့ကိုမျှအကြောင်းမကြားဘဲထွက်သွား” လို့ ခေါင်းစဥ်တပ်ထားပြီး ဟိုတယ်တာဝန်ရှိသူတစ်ဦးနှင့် ရန်ကုန်တိုင်းဒေသကြီးလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းတို့အား ဆက်သွယ်မေးမြန်း အတည်ပြုထားဟု သတင်းတုကို တိတိကျကျရေးပြထားတာ တွေ့ရှိရပါတယ်။

အဆိုပါသတင်းတုကို တွေးပြီးမှယုံ-Think Before You Trust မှ စစ်ဆေးကြည့်တဲ့အခါမှာ မေလ ၁၂ ရက်နေ့ မှာ Eleven Broadcasting က တင်ထားတဲ့ သတင်းတစ်ခုဖြစ်တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေဖြင့် အမှုဖွင့်ခံထားရသည့် စောဒေးဗစ်လား ဆိုတဲ့ သတင်းကိုအခြေခံပြီး ရေးသားထားတာ ဖြစ်တယ်လို့ ယူဆရပါတယ်။ Eleven ရဲ့ သတင်းတင်ပြချက်က City Hotel ကို ဖုန်းဆက်မေးမြန်းတဲ့ခါ ဟိုတယ်ရဲ့ ပြန်လည်ဖြေကြားထားတာကတော့ ဟိုတယ်မှာ ဒေးဗစ်လာမရှိဘူး လို့ဖြေကြားထားတာဖြစ်ပြီး ဗိုလ်တစ်ထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းကလည်း ဟိုတယ်မှာ ရှိနေတဲ့အကြောင်းကို ဖြေကြားထားတာပါ။ သတင်းတင်ဆက်မှုမှာ ပြန်လည်ဖြေကြားချက်တွေကို စုစည်းတင်ပြထားတာ ဖြစ်ပါတယ်။

ဒီကနေ့ မနက် မေလ ၁၃ ရက်နေ့မှာတော့ 7 Day News သတင်းဌာနက ဒေးဗစ်လား တည်းခိုနေသည့်ဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ထား ဆိုတဲ့ သတင်းကို တင်ဆက်ထားပါတယ်။ 7 Day News သတင်းရဲ့  ဖော်ပြချက်မှာဆိုရင် ဦးနိုင်ငံလင်းက ဒေးဗစ်လားထွက်သွားတယ်ဆိုတာ သတင်းအမှားဖြစ်တဲ့ အကြောင်းနဲ့ ဗိုလ်တစ်ထောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်သောင်းကလည်း ဒေးဗစ်လား Quarantine ဝင်နေတဲ့ ဟိုတယ်ကို လုံခြုံရေးတိုးမြှင့်ချထားကြောင်း ဖြေဆိုထားပါတယ်။ ဒါ့အပြင် City Hotel ရဲ့ Facebook စာမျက်နှာမှာလည်း စောဒေးဗစ်လား Quarantine ဝင်လျှက်ရှိကြောင်း ယခုလို ပြောကြားထားပါတယ်။

ဒေးဗစ်လားနဲ့ ပတ်သတ်လို့ သတင်းတုတွေ၊ အတည်ပြုဖို့ခက်ခဲတဲ့ သတင်းတွေကလည်း အဆက်မပြတ်ပေါ်ထွက်နေပါတယ်။ သတင်းတုတွေဟာ ယခုလို မီဒီယာနာမည်ခံပြီး တာဝန်ရှိသူများနဲ့ အင်တာဗျူးထားသယောင် သတင်းအစစ်လို့ ထင်မှတ်ရလောက်အောင်ကို တိတိကျကျရေးသား ဖြန့်ဝေနေကြပါတယ်။ သူငယ်ချင်းတို့ အနေနဲ့လည်း သတင်းတွေကို အလွယ်တကူ မယုံကြည်မိဖို့ လိုအပ်သလို တရားဝင်မီဒီယာတွေက ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်ကြဖို့လိုပါတယ်နော်။ သတင်းတွေကို စစ်ဆေးမေးမြန်းချင်တာ ရှိရင်လည်း တွေးပြီးမှယုံ-Think Before You Trust ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: