Home>>သတင်းအတုစစ်ဆေးခြင်း>>ဘာသာရေး>>MPT Myanmar နာမည်သုံး၍ ဘာသာရေးအမုန်းပွားမှုများဖြစ်စေရန် လှုံ့ဆော်နေသည့် Page အတု
ဘာသာရေး

MPT Myanmar နာမည်သုံး၍ ဘာသာရေးအမုန်းပွားမှုများဖြစ်စေရန် လှုံ့ဆော်နေသည့် Page အတု

သူငယ်ချင်းတို့ရေ…….

အခုတစ်ခေါက်ကတော့ MPT Myanmar နာမည်အသုံးပြုပြီး ဘာသာရေးအမုန်းပွားမှုများ၊ ဘာသာရေးပဋိပက္ခများဖြစ်ပေါ်လာအောင် လှုံ့ဆော်နေတဲ့ ပေ့ချ်အတုတစ်ခုအကြောင်းကို ပြောပြပေးချင်ပါတယ်။ ဒီပေ့ချ်အတုဟာဆိုရင် ၂၀၁၈ခုနှစ်၊ သြဂုတ်လ ၁၂ရက်နေ့မှာ စတည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံက လူလေးဦး စီမံခန့်ခွဲနေတယ်လို့ ဖော်ပြထားပါတယ်။

ဖုန်းအော်ပရေတာတစ်ခုဖြစ်တဲ့ MPT ရဲ့  အမည်ကို ယူသုံးထားပြီး ဖုန်းအော်ပရေတာနှင့် သက်ဆိုင်သည့် သတင်းများကို တင်ဆက်မှုမရှိပဲ သတင်းတုများ၊ ဘာသာရေးပဋိပက္ခများကို ဦးတည်စေနိုင်တဲ့ အမုန်းစကားတွေနဲ့ ဖုန်းဘေလ် ကံစမ်းမဲ ဖောက်ပေးသည့် သတင်းတုများကို တင်နေတဲ့ ပေ့ချ်အတုဟာဆိုရင် အခုလက်ရှိကို Like 50699, Follower 53435 ထိ ရှိနေပြီပဲဖြစ်ပါတယ်။

ပေ့ချ်မှာ ခရစ်ယာန်နဲ့ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာနဲ့ ဗုဒ္ဓဘာသာ တို့အကြား ပဋိပက္ခတွေကို ဦးတည်စေနိုင်တဲ့ အမုန်းစကား နဲ့ သတင်းတုတွေကို အစဥ်တစိုက်ဖြန့်ဝေနေသလို ပေ့ချ်အတုတွေ လိုက်ခ်များများရအောင် လုပ်နေကြဖြစ်တဲ့ အထူးကံစမ်းမဲအစီစဉ် ဆိုတာမျိုးကိုလဲ တင်ထားခဲ့တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် အမျိုးဘာသာထိန်းသိမ်းစောင့်ရှောက်ရေးအသိနှင့် သတိပေးစာပေများမျှဝေကြမယ် ဆိုတဲ့ အမျိုးသားရေး ပေ့ချ်တစ်ခုက သတင်းတွေကို ဖြန့်ဝေနေတာ တွေကိုလည်း တွေ့ရပါတယ်။

ဒီအမျိုးသားရေး ပေ့ချ် ဟာဆိုရင် ၂၀၁၇ခုနှစ်၊ စက်တင်ဘာ ၂၃ရက်နေ့တွင် တည်ထားခဲ့ပြီး မြန်မာနိုင်ငံမှ ဖေ့ဘုတ်သုံးစွဲသူ နှစ်ဦးမှ စီမံခန့်ခွဲနေပါတယ်။ ဒါ့အပြင်  ဒီအမျိုးသားရေး ပေ့ချ်ကနေလည်း သတင်းတုနဲ့ အမုန်းစကားတွေကိုသာ တွင်တွင်ကျယ်ကျယ်ဖြန့်ဝေနေတာကို တွေ့ရပါတယ်။

သူငယ်ချင်းတို့ရေ….. ဘာသာရေးနှင့် ပတ်သတ်ရင်ထိလွယ်ရှလွယ် ဖြစ်စေနိုင်တဲ့ မြန်မာနိုင်ငံမှာ ဒီလိုပေ့ချ်တွေက ဘာသာရေးပဋိပက္ခတွေဆီကို ဦးတည်စေနိုင်ပါတယ်။ သူငယ်ချင်းတို့ အနေနဲ့လည်း ဒီလို ပေ့ချ်မျိုးကို တွေ့ကြမယ်ဆိုရင် အလွယ်တကူ Like တွေ Follow တွေမလုပ်ကြပဲနဲ့ ကိုယ့်ကြောင့် Page အတုက ပိုပြီး ပြန့်နှံ့သွားနိုင်တာမျိုးကို မလုပ်မိဖို့ တွေးပြီးမှယုံကနေ တိုက်တွန်းလိုက်ပါတယ်နော်။ သံသယ ရှိနေတဲ့ သတင်းတုတွေ Page အတုတွေ ရှိနေပြီဆိုရင်လည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းဖို့ သတိရလိုက်ပါနော်။

%d bloggers like this: