သူငယ်ချင်းတို့ရေ…..
ဇွန်လ ၁ ရက်နေ့က အောင်ဘာလေ ထီဖွင့်ပြီး ရခိုင်ပြည်နယ်၊ စစ်တွေမြို့က မောင်နှမ ၂ ယောက် ထီဆုကြီး ပေါက်တယ်ဆိုတဲ့ သတင်းတွေလဲ ဆက်တိုက်ဆိုသလိုပဲ တတ်လာပါတယ်။ မောင်နှမ နှစ်ယောက် သူတို့မိသားစုတွေနဲ့ တွဲရိုက်ထားတဲ့ပုံကို အသုံးချပြီးတော့ ဖုန်းဘေလ်နဲ့ ပိုက်ဆံတွေကို Wave Money ကတဆင့် လှူဒါန်းသွားမယ်ဆိုတဲ့ သတင်းတုတွေကို Facebook Account, Page နဲ့ Group တွေကနေ အကွက်ကျကျလှည့်စားနေတာကို ကို ဖော်ပြပေးလိုက်ပါတယ်။
‘ထီပေါက်ပြီဟေ့ လှူချင်လို့ Join ထား’ ‘ထီပေါက်ပြီ လှူချင်လို့ပါ’ ‘တကယ်လှူမယ့် မြောက်ဦးသား’ ဆိုတဲ့Facebook Group တွေနဲ့ ‘ထီပေါက်စဉ် – Up To Date’ ‘အောင်ဘာလေထီ – 2020’ ‘မြောက်ဦးသားလေး ဖိုးကံကောင်း’ စတဲ့ Page တွေကို ဇွန်လ ၁ရက်နေ့ကမှ စပြီး အသစ်ပြုလုပ်ထားတဲ့ Group နဲ့ Page အသစ်တွေဖြစ်ပါတယ်။ အဲ့ဒီ Page နဲ့ Group တွေက ထီပေါက်သူမိသားစုပုံတွေကို အသုံးပြုထားပြီးတော့ ထီပေါက်လို့ လှူဒါန်းလို့ကြောင်း နဲ့ ဖုန်းဘေလ်တွေ မဲဖောက်ပေးပြီး သိန်း ၅၀၀၀ သုံးစွဲသွားမှာဖြစ်တဲ့အကြောင်း ဖော်ပြထားပြီး ဖုန်းနံပါတ်တွေကို Comment မှာ ရေးသားခဲ့ဖို့၊ Group ကို ဝင်ရောက်ဖို့ နဲ့ အဆိုပါ ပိုစ့်ကို ၃ ခါ Share ပေးမှ ရမှာဖြစ်တဲ့အကြောင်းတွေ ရေးထားပါတယ်။
ဒီ Page အတုနဲ့ Group တွေဟာဆိုရင် ဇွန်လ ၁ ရက်နဲ့ ၂ ရက်နေ့ တွေကမှ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး အက်ဒမင်တွေကလည်း တူညီနေသလို အကောင့်တုတွေလဲ ပါဝင်နေပါတယ်။ တကယ်ယုံကြည်ပြီး share တဲ့သူများပြားခဲ့တာကြောင့် အချိန်ခဏလေးအတွင်းမှာ အဖွဲ့ဝင်တွေနဲ့ Like, Follower တွေများပြားခဲ့ပါတယ်။
Like, Follower တွေ များများရချင်တဲ့ တချို့ Page နဲ့ Group တွေက အခုလို လိမ်လည်လှည့်ဖြားတဲ့ နည်းလမ်းတွေကို အသုံးပြုလေ့ရှိကြပါတယ်။ မီဒီယာသိမှုပညာအားနည်းတဲ့ သူတွေကို အခုလို လိမ်လည်ဖို့ လွယ်ကူပြီး ပိုစ့်က ညွှန်ကြားထားတဲ့အတိုင်း ဖုန်းနံပါတ်နဲ့ တခြားကိုယ်ရေးအချက်အလက်တွေကို ရေးသားထားခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
အောင်ဘာလေ ထီမှာ ထီဆုကြီးပေါက်ရင် အလွယ်တကူ ထုတ်ယူလို့မရနိုင်သလို လုပ်ငန်းစဉ်တွေလဲ များပြားတာကြောင့် အခုလို အချိန်တိုလေးအတွင်းမှ ထုတ်ပြီး ပြန်လှူဒါန်းနေတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ တွေးပြီးမှယုံ ရဲ့သူငယ်ချင်းတွေအနေနဲ့ ဒီလို လိမ်လည်ထားတဲ့ သတင်းတွေကိုအလွယ်တကူ မယုံကြည်ဖို့နဲ့ ကိုယ့်သူငယ်ချင်းတွေကို အလိမ်မခံရအောင် ပြန်လည်မျှဝေပေးလိုက်ပါဦးနော်။ သတင်းတုလို့ သံသယရှိပြီး စစ်ဆေးဖို့ အခက်အခဲ ဖြစ်နေတယ်ဆိုရင် တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။