Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ အစ္စလာမ်ကျမ်းအဆိုအမိန့်များကိုချိတ်ဆွဲထားဆိုတဲ့သတင်းတု
နိုင်ငံရေးဘာသာရေး

ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်မှာ အစ္စလာမ်ကျမ်းအဆိုအမိန့်များကိုချိတ်ဆွဲထားဆိုတဲ့သတင်းတု

သူငယ်ချင်းတို့ရေ…….

ခုလတ်တလောလိုင်းပေါ်မှာ ပြန့်နှံ့နေတဲ့ သတင်းတုတစ်ခုအကြောင်း ရှင်းပြချင်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ချိတ်ဆွဲထားတဲ့ ပုံတွေကို အစ္စလာမ်ကျမ်းအဆိုအမိန့်တွေ ဖြစ်တဲ့အကြောင်း သတင်းတု တစ်ခု ပြန့်နှံ့နေပါတယ်။

ဇွန်လ ၂၂ ရက်နေ့မှာ May Lwan ဆိုတဲ့ Facebook Account ကနေ တင်ထားပြီး အခုလက်ရှိမှာတော့ ပြန်လည်မျှဝေတဲ့သူ  ၉ ထောင်ကျော်နေပါပြီ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ရှိနေစဉ် ရိုက်ထားတဲ့ ပုံကို အသုံးပြုထားပြီး ပုံနောက်ခံမှာပါနေတဲ့ နံရံမှာ ချိတ်ဆွဲထားတဲ့ ပုံတွေကို အစ္စလာမ်ကျမ်းအဆိုအမိန့်တွေလို့ပြောဆိုပြီး ဒီလိုချိတ်ဆွဲထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်က အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အကြောင်း ဗုဒ္ဓဘာသာကို မွတ်ဆလင်ဘာသာနဲ့ တန်းညှိရုံမက နှိမ့်ချဖျက်ဆီးနေတာ ဖြစ်တဲ့အကြောင်း ဘာသာနှစ်ခုကြားရန်တိုက်ပေးတဲ့ သဘောမျိုးတွေ ရေးသားထားပါတယ်။

ဒီသတင်းတုမှာ ပါဝင်တဲ့ ပုံတွေကို တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာ MyOe Wynn-Yegyi ဆိုတဲ့ Facebook အကောင့်တစ်ခုက ဒီသတင်းတုက ပုံတွေအကြောင်းကို ရှင်းလင်းထားတာတွေ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ချိတ်ဆွဲထားတဲ့ပုံတွေက မောရသုတ်ထဲက ဂါထာတွေဖြစ်တဲ့အကြောင်း ရေးသားထားပြီး ရွေးကောက်ပွဲနီးကပ်လာတဲ့အချိန်မှာ ဘာသာရေး လူမျိုးရေးတွေနဲ့ ဆက်နွယ်ပြီး စွပ်စွဲနေတာတွေဖြစ်တဲ့အကြောင်း ဆက်လက်ရေးသားထားပါတယ်။

ဘာသာရေးကို ခုတုံးလုပ်ပြီး သတင်းတုရေးသားထားတဲ့ May Lwan ဆိုတဲ့ အကောင့်ဟာဆိုရင် ဘာသာရေး လူမျိုးရေးကို အသုံးချပြီး NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တိုက်ခိုက်နေတဲ့ သတင်းနဲ့ အတည်ပြုရခက်ခဲတဲ့ သတင်းတွေကို တစိုက်မတ်မတ် တင်နေတဲ့အကောင့်တစ်ခုဖြစ်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့ သတင်း‌ဖတ်တဲ့အခါမှာ သတင်းမှာပါတဲ့ အကြောင်းအရာတွေတင်မဟုတ်ပဲ သတင်းဓါတ်ပုံအပြင် သတင်းတင်တဲ့ သူနဲ့ သူ့ကို ဘယ်လောက်ထိ ယုံကြည်လို့ရမလဲ ဆိုတာကိုလဲ လေ့လာသင့်ပါတယ်။ သတင်းတုလို့ ယူဆရတဲ့ မသင်္ကာစရာ သတင်းတွေကိုလည်း တွေးပြီးမှယုံရဲ့ Chat box မှာ လာရောက်မေးမြန်းလို့ရပါတယ်နော်။

%d bloggers like this: