Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံရေး>>သရုပ်ဆောင်ဖြူဖြူထွေးကို NLD ပါတီရဲ့လယ်သမားစည်းရုံးရေးမှူးအဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့သတင်းတု
နိုင်ငံရေးရွေးကောက်ပွဲ

သရုပ်ဆောင်ဖြူဖြူထွေးကို NLD ပါတီရဲ့လယ်သမားစည်းရုံးရေးမှူးအဖြစ် ခန့်အပ်လိုက်ပြီဆိုတဲ့သတင်းတု

သူငယ်ချင်းတို့ရေ…

ရွေးကောက်ပွဲကျင်းပမဲ့ အချိန်ကို အတည်ပြုပြီးချိန်မှ စလို့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတု/မှား တွေ ပေါ်ထွက်လာနေပါတယ်နော်။ ခုတစ်ခေါက် တွေးပြီးမှယုံ ကနေ တွေ့ရှိထားတဲ့ သတင်းတုမှာဆိုရင် သရုပ်ဆောင် ဖြူဖြူထွေးကို NLD ပါတီရဲ့ လယ်သမားစည်းရုံးရေးမှူး ခန့်အပ်လိုက်တယ်ဆိုတဲ့ သတင်းတုပဲဖြစ်ပါတယ်။

ဒီသတင်းကို ဇူလိုင်လ ၁၀ရက်က ပန်းသစ္စာဆိုတဲ့ အကောင့်ကနေ နိုင်ငံရေးသတင်းနှင့် စကားဝိုင်း ဆိုတဲ့ Groupတစ်ခုမှာ တင်ခဲ့ပြီး အခုအချိန်မှာ Likes ၂၀၄၉, Shares ၅၀၄ ဦးအထိ ရှိနေပြီဖြစ်ပါတယ်။ ဒီသတင်းကိုပဲ Hlwan ဆိုတဲ့အကောင့်ကနေ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကို နှစ်သက်ကြသည့် သူငယ်ချင်းများ ဆိုတဲ့ Group မှာလည်း တင်ထားတာကို တွေ့ရပါတယ်။ သတင်းတုတင်ထားတဲ့အကောင့်တွေကို ဝင်ကြည့်တဲ့အခါမှာလည်း သတင်းတုနဲ့အမုန်းစကားတွေကို အစဉ်တစိုက် ဖြန့်ဝေနေတာတွေ့ရှိရပါတယ်။

ဒီသတင်းကို တွေးပြီးမှယုံ မှစစ်ဆေးကြည့်ရာ သတင်းတုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။ အောက်မှာဖော်ပြထားတဲ့ အချက်အလက်တွေအရ သတင်းတုလို ပြောရတာဖြစ်ပါတယ်။

  • သတင်းတုမှာ သုံးထားတဲ့ ပုံများဟာ ဇူလိုင် ၁၀ ရက်နေ့က “ရန်ကုန်အသက်မွေးနည်းပညာကောလိပ်-YVCT” မှာ ကျင်းပတဲ့ online celebrities များကို Kindness Ambassador ခန့်အပ်လွှာ ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနား က ပုံတွေကို ပြန်အသုံးပြုထားတာဖြစ်ပါတယ်။ ဒီပွဲအကြောင်းကို “ရန်ကုန်အသက်မွေးနည်းပညာကောလိပ်-YVCT” ရဲ့ Facebook စာမျက်နှာမှာ အခုလို တင်ထားပါတယ်။

  • ဒါ့အပြင် အဲ့ဒီပွဲကိုတက်ရောက်ခဲ့တဲ့ ရန်ကုန်တိုင်းလူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းရဲ့ အကောင့်ကနေလည်း ဒီပွဲနဲ့ ပါတ်သက်တဲ့ သတင်းနဲ့ ဓါတ်ပုံတွေကို သူ့ရဲ့ Facebook စာမျက်နှာမှာ အခုလို တင်ထားခဲ့ပါတယ်။

ဒီသတင်းတုဟာဆိုရင် Kindness Ambassador ပွဲက ပုံတချို့ကိုယူပြီး သတင်းတုရေးသူက လိုသလိုပုံဖော်ပြီး ရေးသားထားပုံကို သူငယ်ချင်းတို့အနေနဲ့ အထင်းသားမြင်နိုင်ပါတယ်။ ဒါဟာ မှားယွင်းတဲ့ ဆက်နွယ်မှုနဲ့ သတင်းတုရေးထားခြင်းဖြစ်ပါတယ်။ရွေးကောက်ပွဲ နီးကပ်လာတာနဲ့ အမျှ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ သတင်းတုတွေဟာ မကြာခဏထွက်ပေါ်လာနိုင်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့လည်း ဒီလိုသတင်းတွေကို တွေ့ရင် တရားဝင်မီဒီယာများနဲ့ သက်ဆိုင်ရာပါတီများ၊ အဖွဲ့အစည်းများကနေ ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်သင့်ပါတယ်နော်။ ဒါ့အပြင် သူငယ်ချင်းတို့အနေနဲ့လည်း  သတင်းတပုဒ်ကို ဖတ်တဲ့အခါ သတင်းတင်ထားတဲ့ အကောင့်နဲ့ ဂရုတွေကိုစစ်ဆေးကြည့်ဖို့လိုပါတယ်နော်။ အချိန်မပေးနိုင်ရင်ပဲ ဖြစ်ဖြစ်၊ အခက်အခဲတစ်စုံတစ်ရာရှိရင်ပဲ ဖြစ်ဖြစ် တွေးပြီးမှယုံ ရဲ့ Chat Box မှာလည်း လာရောက်စစ်ဆေးနိုင်ပါတယ်နော်။

%d bloggers like this: