သတင်းတုသတင်းမှားတွေဆိုတာ ဟန်ဆောင်မျက်နှာဖုံးအမျိုးမျိုးတပ်ပြီး လာတတ်တယ်ဆိုတာကိုတော့ သူငယ်ချင်း တို့သဘောပေါက်ပြီးဖြစ်မှာပါ။
ကျွန်တော်တို့ လောကကြီးကို ဘယ်လိုရှုမြင်တယ်၊ ဘဝနေမှုဆိုင်ရာ ခံယူချက်ဘယ်လိုရှိတယ်ဆိုတာမှာ ကျွန်တော်တို့ ဘယ်လို သတင်းအချက်အလက်တွေကို သိရှိထားတယ်ဆိုတဲ့ အပေါ်မှာ အတိုင်းအတာအတော်များများ မှီခိုနေပါတယ်။
လူတစ်ယောက်ကိုဘယ်လိုမြင်တယ်။ ဒါမှမဟုတ် အခြေအနေတစ်ရပ်ကို ဘယ်လိုမြင်ထားတယ်ဆိုတာကလည်း ဒီလူနဲ့ ပတ်သက်လို့ ၊ ဒီအခြေအနေအခင်းအကျင်းတစ်ရပ်နဲ့ ပတ်သက်လို့ ဘာတွေသိရှိထားတာလည်းဆိုတာက အဓိကကျတဲ့အခန်းကဏ္ဍမှာ ရှိနေပြန်ပါတယ်။
အကယ်၍ ကျွန်တော်တို့ ဝဘ်ဆိုဒ်တွေပေါ်မှာ တွေ့မြင်ကြားသိနေရတာဟာ ပြုပြင်ဖန်တီးထားတဲ့ အမှားအယွင်းတွေဆိုရင် ၊ ပုံဖျက်ထားတာတွေဆိုရင်တော့ ဘယ်နည်းနဲ့ မှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကောင်းကောင်းချမှတ်နိုင်တော့မှာမဟုတ်ပါဘူး။
ထိခိုက်နစ်နာမှုတွေကလည်း ပုံစံအမျိုးမျိုးရှိပါတယ်။ ဒီထဲက အဖြစ်များတဲ ယေဘုယျအချက်အလက်တွေကတော့ …
(၁) ငွေကြေးနစ်နာဆုံးရှုံးခြင်း
(၂) ကျန်းမာရေးထိခိုက်ခြင်း
(၃) ကြောက်ရွံ့စိတ်များဖြစ်ပေါ်လာခြင်း
(၄) အစွန်းရောက်လူမျိုးရေးအတွေးအခေါ်များ ပေါ်ပေါက်လာခြင်း
(၅) အပြစ်ကင်းတဲ့ လူတွေအပေါ် အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်း
(၆) ဒီမိုကရေစီကို ထိခိုက်စေခြင်း
စတာတွေပဲဖြစ်ပါတယ်။
(၁) ငွေကြေးနစ်နာဆုံးရှုံးခြင်း
အကယ်ဤ ဘလော့ဂါတစ်ယောက်ယောက်က ဒီကုန်စည်ကိုဖြင့် ဝယ်သုံးလိုက်ပါ။ သိပ်ကောင်းတာပဲလို့ ညွှန်းလာချိန် ဝယ်ပြီးမှ ဝယ်ရကြိုးမနပ်ဖြစ်သွားတာမျိုး မကြာခဏဆိုသလို ကြုံဖူးကြမှာပါ။ တစ်ခါတစ်လေ မြန်မာငွေသိန်းဂဏန်းနဲ့ ချီပြီး နစ်နာလိုက်ရတာမျိုးလည်းရှိပါတယ်။
(၂) ကျန်းမာရေးအရ ထိခိုက်ခြင်း
အကယ်၍ အထက်မှာပြောခဲ့တဲ့ ကုန်စည်၊ အစားအစာ၊ ဆေးဝါးဟာ အခြားစားသောက်ကုန်တွေနဲ့ ဓာတ်မတည့်တာမျိုးဖြစ်လာရင် လူ့ခန္ဓာကိုယ်ကို ထိခိုက်မှာပါပဲ။ ဒါ့အပြင် အခြားဘာမှမစားဘဲ ငှက်ပျောသီးပဲ ၁၂ ရက်စားရင် အသားအရေလှတယ်၊ အဆီကျတယ်လို့ ရေးထားတဲ့ အချက်အလက်တွေကို လက်ခံလိုက်မိသူရဲ့ ကျန်းမာရေးဟာလည်း သေချာပေါက်ထိခိုက်မှုရှိလာနိုင်မှာအမှန်ပါပဲ။ ဘက်ညီ မျှတတဲ့ နေထိုင်စားသောက်မှုကို ပျက်ပြားစေလို့ပါ။
(၃) ကြောက်ရွံ့စိတ်များဖြစ်ပေါ်လာစေခြင်း
အန္တရာယ်ရှိတဲ့ ရောဂါပြန့်နှံ့မှုဆိုင်ရာ ကောလဟလတွေ၊ လက်မရွံ့ရာဇဝတ်ကောင်တွေမြို့ထဲ ရောက်နေတယ်ဆိုတဲ့ သတင်းတုတွေဟာ လူတွေကို စိုးရိမ်ထိတ်လန့်စိတ်ဖြစ်လာစေပါတယ်။ အိပ်မပျော်ခြင်းလို့ ဝေဒနာမျိုးကိုလည်း ခံစားရစေနိုင်သလို ဘဝအရည်အသွေး (Life Quality) ကိုလည်း ယိုယွင်းစေတတ်ပါတယ်။
(၄) အစွန်းရောက်လူမျိုးရေးအတွေးအခေါ်များပေါ်ပေါက်လာစေခြင်း
ကျွန်တော်တို့ စာတစ်ပိုဒ်ကိုဖြစ်စေ၊ ပို့စ်တစ်ခုကိုဖြစ်စေဖတ်ရှုပြီးချိန်မှာ ဘာသာခြားတွေဟာ ငါတို့တိုင်းပြည်ကို ဝါးမြိုပြီး သူတို့ဘာသာအတွင်း သွပ်သွင်းဖို့ လုပ်နေကြတယ်ဆိုတဲ့ အခြေအမြစ်မရှိတဲ့ အချက်အလက်အမှားတွေကို လက်ခံလိုက်တယ်ဆိုရင်ပဲ ပထမဆုံး အစိုးရရဲ့ မူဝါဒတွေအပေါ် ဒေါသထွက်လာကြပါတယ်။ ပြီးတာနဲ့ အစွန်းရောက်လူမျိုးရေးအတွေးအခေါ်တွေ ပေါ်ပေါက်လာပြီး ဒီလူတွေကို ကန့်သတ်ပိတ်ပင် ဖိနှိပ်နိုင်မယ့် နိုင်ငံရေးပါတီကို မဲပေးဖို့၊ ထောက်ခံဖို့ ဖြစ်လာစေပါတယ်။ ဒါက ရိုးရှင်းတဲ့ သတင်းတု၊ သတင်းမှားရဲ့ သက်ရောက်မှုပုံစံတစ်ရပ်ဖြစ်ပြီး နိုင်ငံရေးအကျိုးအမြတ်အတွက် အသုံးချလေ့ရှိကြပါတယ်။
(၅) အပြစ်ကင်းတဲ့လူတွေအပေါ် အနိုင်ကျင့်ခြင်း၊ အကြမ်းဖက်ခြင်း
လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို တည်ပြီးတိုက်ခိုက်တဲ့ ကောလဟလအမှားတွေရဲ့ သက်ရောက်မှုက ထင်တာထက်ပိုကြီးပါတယ်။ အဲဒီ့သူဟာ လူမှုကွန်ယက်မီဒီယာအပေါ်မှာ စော်ကားပုတ်ခတ်ခံရမယ်၊ ခြိမ်းခြောက်ခံရမယ်။ အဲ့နောက်ပိုင်းမှာ တကယ်ကို ပြင်ပမှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်၊သတ်ဖြတ်ခံရတာတွေဖြစ်လာပါတယ်။ အိန္ဒိယ နဲ့ မက္ကဆီကို နိုင်ငံတွေမှာ မကြာခဏဖြစ်လေ့ရှိပါတယ်။
ကျွန်တော်တို့အနေနဲ့ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေတဲ့ တရားဝင်စိစစ်ထားခြင်းမရှိတဲ့ သတင်းတု၊ သတင်းမှားတွေကို ဖတ်ရှုလိုက်ရုံနဲ့ လူသားတစ်ယောက်ကို အပြစ်ရှိသူတစ်ယောက်အဖြစ် ဘယ်သောအခါမှ လွယ်လွယ်တံဆိပ်မကပ်လိုက်သင့်ပါဘူး။ ဘယ်သူမဆို အချိန်မရွေး သည်တိုက်ခိုက်မှုပုံစံရဲ့ သားကောင်ဘဝရောက်နိုင်နေတာဖြစ်လို့ တက်ညီလက်ညီ ပူးပေါင်းတိုက်ဖျက်ဖို့ လိုပါလိမ့်မယ်။
(၆) ဒီမိုကရေစီကို ထိခိုက်စေခြင်း
ဒီမိုကရေစီ ထိခိုက်ရင် ပထမဆုံးနစ်နာဆုံးရှုံးကြသူတွေက သာမန်ပြည်သူပြည်သားတွေပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေဟာ သတင်းတု၊ သတင်းမှားတွေကြောင့် တိုင်းပြည်အပေါ် အမှန်တကယ် စေတနာရှိတဲ့ ကိုယ်စားလှယ်တစ်ဦးကို အထင်အမြင်လွဲမှားခြင်း၊ ပစ်ပယ်ခြင်းပြုလုပ်လေ့ရှိကြပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ မှားယွင်းတဲ့ ရွေးချယ်မှုတစ်ခုပြုလုပ်ခဲ့ပြီးနောက် နစ်နာသူဟာ ကျွန်တော်တို့တွေပဲ ပြန်ဖြစ်ကြပြန်ပါတယ်။
ဒါကြောင့်လည်း သတင်းမီဒီယာများ၊ ရပ်ရွာခေါင်းဆောင်များ နဲ့ အဖွဲ့အစည်းအသီးသီးဟာ သတင်းတု၊ သတင်းမှားတွေနဲ့ ပတ်သက်ပြီး အခါမလပ် သတိပေးနှိုးဆော်နေကြရတာပဲ ဖြစ်ပါတယ်။
ကိုးကား ။ ။ 30 Seconds to Check It Out ၏ Impacts of Fake News ကို ဆီလျော်အော် ပြန်ဆိုရေးသားပါသည်။