Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ဗီယက်နမ်နိုင်ငံမှာ လူဦးရေ ၁၅၀၀ ကျော် တစ်ရက်တည်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံတကာ

ဗီယက်နမ်နိုင်ငံမှာ လူဦးရေ ၁၅၀၀ ကျော် တစ်ရက်တည်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ဩဂုတ်လ ၆ ရက်နေ့က စတင်ပြီး ဗီယက်နမ်နိုင်ငံမှာ တရက်တည်းနဲ့ လူဦးရေ ၁၅၀၀ ကျော် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတယ်ဆိုတဲ့ သတင်းတုဟာ လူမှုကွန်ရက်စာမျက်နှာပေါ် မှာ ပျံ့နှံ့နေပါတယ်။

စိုင်း ဆမ် စိန်” အမည်ရှိအကောင့်တစ်ခုကနေ ဩဂုတ်၊ ၆ရက်နေ့၊ ညနေ ၅ နာရီ မှာ  ဒီသတင်းတု ကို တင်ထားခဲ့ပြီး တွေးပြီးမှယုံက တွေ့ရှိချိန်မှာ ပြန်လည်မျှဝေသူပေါင်း ၁၈၁၅ ဦး ရှိနေပြီဖြစ်ပါတယ်။

ဒီသတင်းတုကို တွေးပြီးမှယုံက စစ်ဆေးကြည့်တဲ့အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ထုတ်ပြန်ချက် အရ ဗီယက်နမ်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူပေါင်း အတည်ပြုပြီးဦးရေ (၈၄၁) ဦးနှင့် သေဆုံးသူ (၁၃) ဦး ရှိကြောင်း ဖော်ပြထားပါတယ်။

စိုင်း ဆမ် စိန် ဆိုသည့် အကောင့်ကို တွေးပြီမှယုံက လေ့လာကြည့်တဲ့အခါမှာ အကောင့်ပိုင်ရှင်က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ နေထိုင်ကြောင်းဖော်ပြထားပါတယ်။ သူ့အကောင့်ထဲမှာ ဆိုရင်လဲ နိုင်ငံတကာမှာ ဖြစ်ပွားနေတဲ့ COVID-19 ပတ်သက်တဲ့ သတင်းအမှားတွေရော အမှန်တွေရော ရောထွေးပြီး ဖော်ပြလေ့ရှိတာကို တွေ့ရပါတယ်။

အဆိုပါသတင်းမှားကို ဖြန့်ဝေထားသူ စိုင်း ဆမ် စိန် ကို အဆိုပါ သတင်းတုနဲ့ ပတ်သက်ပြီး ဆက်သွယ်မေးမြန်းကြည့်တဲ့ အခါမှာလည်း  ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

COVID-19 ရောဂါနဲ့ပတ်သက်တဲ့ သတင်းမှားတွေဟာ ပြီးဆုံးသွားတာမရှိပဲ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပါတယ်။ ကမ္ဘာ့ကပ်ဖြစ်တဲ့အလျှောက် ကိုယ်စီ စိုးရိမ်နေကြတဲ့အချိန်မှာ အခုလို မဟုတ်မှန်တဲ့ အချက်အလက်တွေနဲ့ သတင်းတွေဖြန့်ဝေနေတာဟာ လူ့အဖွဲ့အစည်းအတွက် အင်မတန်မှ အန္တရာယ်များပါတယ်။

စာဖတ်သူတို့ အနေနဲ့လည်း သတင်းတွေကို ဖတ်ရှုတဲ့အခါမှာ တရားဝင်မီဒီယာနဲ့ သက်ဆိုင်ရာအဖွဲ့ အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကိုသာ ယုံကြည်သင့်ပါတယ်။ သတင်းတုလို့ သံသယရှိပြီဆိုရင် တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: