Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>NLD ကို တရားစွဲဖို့ OIC က တိုက်တွန်းထားကြောင်း လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယိုသတင်းတု
နိုင်ငံတကာနိုင်ငံရေး

NLD ကို တရားစွဲဖို့ OIC က တိုက်တွန်းထားကြောင်း လုပ်ကြံဖန်တီးထားတဲ့ ဗွီဒီယိုသတင်းတု

ဒီတစ်ခေါက်မှာဆိုရင် NLD သည် OIC ထံမှ ထောက်ပံကြေးများယူထားပြီး ရိုဟင်ဂျာများအရေးကို OIC အလိုကျ လုပ်ဆောင်ပေးပါမည်ဟု ကတိပေးထားပြီးမှ ကတိများကို အကောင်အထည်ဖော်မပေးသဖြင့် NLD အား တရားစွဲဆိုရန် OIC ကနေတိုက်တွန်းနေတယ် ဆိုတဲ့ သတင်းတု တစ်ခုကို ဖော်ထုတ်ပေးလိုက်ပါတယ်နော်။

ဒီဗွီဒိုယိုဖိုင်ကို Ko Nyi Nyi ဆိုတဲ့ အကောင့်တုတစ်ခုက ဩဂုတ်၊ ၁၃ရက်၊ ညနေ့ပိုင်း ၆နာရီ ၄၇ မိနစ်မှာ တင်ထားခဲ့ပြီး တွေးပြီးယုံမှ တွေ့ရှိချိန်တွင် ကြည်ရှု့သူပေါင်း ၂၂၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၁၈၀၀ကျော်ရှိနေပြီဖြစ်ပါတယ်။ သတင်းတုမှာဆိုရင် အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများ အစည်းအဝေးလုပ်နေတဲ့ ဗွီဒီယိုဖိုင်ကို နောက်ခံမြန်မာစကားပြောနဲ့ တင်ထားပါတယ်။

မြန်မာစကားပြောထဲမှာဆိုရင် “NLD အစိုးရအောင်နိုင်ရေးအတွက် ၂၀၁၃ ခုနှစ်တည်းက OIC အဖွဲ့ရဲ့ ရံပုံငွေများထဲမှ ထောက်ပံ့မှုများပေးထားခဲ့ပါတယ်။ အဆိုပါ ထောက်ပံ့မှုများမှာ NLD သာ အနိုင်ရရှိခဲ့ပါက ရိုဟင်ဂျာများကို ကူညီကာကွယ်ပေးရန်နှင့် မြန်မာနိုင်ငံအတွင်း အခြေချနေထိုင်နိုင်ရန် အတွက် အတားအစီးဖြစ်နေတဲ့ ဥပဒေများကို ဖျက်သိမ်းပေးဖို့ ဖြစ်ပါတယ်။ အခုချိန်မှာ NLD အစိုးရသည် ကတိကဝတ်များကို မလိုက်နာသဖြင့် OIC အဖွဲ့ဝင်နိုင်ငံများအနေနဲ့ နိုင်ငံတကာတရားရုံးများတွင် တရားစွဲဆိုကြဖို့ အိုအိုင်စီအတွင်းရေးမှူးမှ တိုက်တွန်းထားပါတယ်” လို့ ပြောဆိုထားပါတယ်။

ဒီမြန်မာနောက်ခံစကားပြောနဲ့ ဗွီဒီယိုဖိုင်ကို တွေးပြီးမှယုံ မှ စစ်ဆေးကြည့်ခဲ့ရာ သတင်းတုဖြစ်နေတာကို တွေ့ရပါတယ်။

  • ယင်းဗွီဒီယိုဖိုင်ဟာ မြန်မာစကားပြောထဲမှာ ပြောထားသလိုမျိုး မြန်မာနိုင်ငံနဲ့ သက်ဆိုင်တဲ့ သတင်းတစ်ပုဒ်မဟုတ်ခဲ့ပါဘူး။
  • ဗွီဒီယိုဖိုင်အမှန်မှာ ဇွန်လ၊ ၂၅ ရက်နေ့က OIC အဖွဲ့ဝင် (၅၇) နိုင်ငံတို့အကြား ကိုဗစ်-၁၉ ကို ရင်ဆိုင်နိုင်ဖို့အတွက် နိုင်ငံ ၂၁ နိုင်ငံကို ငွေကြေးထောက်ပံ့မှုများပေးခဲ့တဲ့ အခမ်းအနားတစ်ခုသာဖြစ်ပါတယ်။
  • ဒီဗွီဒီယိုဖိုင်ကို OIC Page ရဲ့ ဒီနေရာ မှာ ကြည့်နိုင်ပါတယ်။
  • သတင်းတုကို တင်ထားခဲ့တဲ့ Facebook Account ဟာလည်း မည်သူမည်ဝါမှန်းဖော်ပြထားခြင်းမရှိခဲ့တဲ့ အကောင့်တုတစ်ခုသာဖြစ်ပြီး သတင်းတု/မှားတွေနဲ့ အမုန်းစကားတွေကိုသာ ဖြန့်ဝေနေတာကို တွေ့ခဲ့ရပါတယ်။

ဒီလို လုပ်ကြံဖန်တီးထားတဲ့ နောက်ခံစကားပြောနဲ့ ဗွီဒီယိုဖိုင်တွေဟာ လူတွေကို လွယ်လင့်တကူယုံကြည်စေနိုင်ပါတယ်။ သူငယ်ချင်းတို့အနေနဲ့ တရားဝင်မီဒီယာတွေကနေ ထုတ်ပြန်တဲ့ သတင်းတွေကိုသာ ယုံကြည်သင့်သလို အခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့  Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်နော်။

%d bloggers like this: