Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>ကိုဗစ်-၁၉ ကို ခုတုံးလုပ်ပြီး ရခိုင်-ဗမာ ပဋိပက္ခဖြစ်စေရန် ရည်ရွယ်တဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်တိုင်းရင်းသားနိုင်ငံရေးလူမျိုးရေး

ကိုဗစ်-၁၉ ကို ခုတုံးလုပ်ပြီး ရခိုင်-ဗမာ ပဋိပက္ခဖြစ်စေရန် ရည်ရွယ်တဲ့ သတင်းတု

ရခိုင်ပြည်နယ်ကနေ ဖြစ်ပွားခဲ့တဲ့ တကျော့ပြန် ကိုဗစ်-၁၉ ကို အခြေခံပြီး ရခိုင်-ဗမာ သတင်းတုတွေထွက်ပေါ်လာနေပါတယ်။ အခုတစ်ခေါက်မှာဆိုရင်လည်း ရခိုင်-ဗမာ တိုင်းရင်းသား အချင်းချင်းကြား ပဋိပက္ခဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ သတင်းတု တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။

ဒီသတင်းတုကို Linn Myat ဆိုတဲ့ အကောင့်ကနေ ဖြန့်ဝေထားတာကို တွေ့ရှိခဲ့ရပြီး တွေးပြီးမှယုံမှ တွေ့ရှိချိန်တွင် ပြန်လည်မျှဝေသူပေါင်း ၅၈၁ ဦးရှိနေပြီဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်(AA) ရဲ့ ကြေငြာချက်ပုံစံ အတုဖန်တီးထားပြီး “ရခိုင်ပြည်မှ ကိုဗစ်-၁၉ ကူးစက်ခံထားရသူများ ဗမာပြည်ထဲသွားကြ၍ ဗမာများကို ကိုဗစ်-၁၉ ကူးစက်အောင် ဆောင်ရွက်ကြရန်” စသဖြင့် အသေးစိတ်ရေးသားထားပါတယ်။

ဒီကြေငြာချက်ကို တွေးပြီးမှယုံ ကနေ စစ်ဆေးကြည့်ခဲ့ရာ နည်းပညာနဲ့ ပြုပြင်ထားတဲ့ ကြေငြာချက်အတုဖြစ်နေတာကို တွေ့ခဲ့ရပါတယ်။

  • AA အဖွဲ့ရဲ့ တရားဝင်သတင်းများထုတ်ပြန်တဲ့ https://www.arakanarmy.net/ မှာ အဆိုပါ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ ထုတ်ပြန်ထားချက် တစ်စုံတစ်ရာမတွေ့ခဲ့ရပါဘူး။
  • ကြေငြာချက်အတုမှာ AA အဖွဲ့ရဲ့ နောက်ခံရေစာတံဆိပ်မပါတဲ့အပြင် AA အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေမှာ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ လက်မှတ်ရေးထိုးလေ့မရှိခဲ့ပဲ ကြေငြာချက်အတုမှာဆိုရင်တော့ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ လက်မှတ်ကို ရေးထိုးထားတာကို တွေ့ရပါတယ်။
  • AA အဖွဲ့ရဲ့ ကြေငြာချက်များတွင် အမှတ်နာပါတ်များပါခဲ့ပြီး ကြေငြာချက်အတုတွင်မူ အမှတ်နာပါတ်များ မပါခဲ့တာကိုလည်း တွေ့မြင်နိုင်ပါတယ်။
  • သတင်းတုတင်ထားခဲ့တဲ့ Linn Myat ဆိုတဲ့ အကောင့်ကို စစ်ဆေးကြည့်ခဲ့ရာမှာလည်း လူမျိုးရေး၊ ဘာသာရေးတွေကို ထိခိုက်စေနိုင်တဲ့ အမုန်းစကားတွေကို မျှဝေထားတာကို တွေ့ရှိခဲ့ရပါတယ်။ ယခု သတင်းတုနဲ့ ပတ်သက်လို့ တွေးပြီးမှယုံ ကနေ ဆက်သွယ်မေးမြန်းခဲ့ရာ ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ကိုဗစ်-၁၉ ဟာ ခုချိန်မှာတော့ တကျော့ပြန် ဖြစ်ပွားနေပါတယ်။ အရင်တစ်ခါ ကိုဗစ်-၁၉ စတင်တွေ့ရှိချိန်တုန်းကလည်း သတင်းတုတွေ၊ အမုန်းစကားတွေ အများကြီး တွေ့ရှိခဲ့ရပါတယ်နော်။ အခုတစ်ခေါက်မှာလည်း ဒီလို သတင်းတွေအပြင် လူမျိုးရေး၊ ဘာသာရေးကို အခြေပြုတိုက်ခိုက်ထားတဲ့ သတင်းတုတွေ ထပ်မံပေါ်ထွက်နေပါတယ်။ သူငယ်ချင်းတို့ အနေနဲ့လည်း ဒီလိုသတင်းတုတွေကို လွယ်လင့်တကူ မယုံကြည်မိစေပဲ ကျန်းမာရေးဝန်ကြီးဌာန၊ တရားဝင်သတင်းမီဒီယာတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေရဲ့ တရားဝင်သတင်းထုတ်ပြန်ချက်တွေကို ယုံကြည်ကြဖို့ တိုက်တွန်းပါတယ်နော်။ အခက်အခဲတစ်စုံတစ်ရာရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat Box မှာ လာရောက်မေးမြန်းနိုင်ပါတယ်။

%d bloggers like this: