Home>>Uncategorized>>ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် သေဆုံးပြီဆိုတဲ့ သတင်းတု
Uncategorized

ကိုဗစ်-၁၉ ကူးစက်ခံရတဲ့ ၂ လသားကလေးငယ် သေဆုံးပြီဆိုတဲ့ သတင်းတု

တကျော့ပြန်ဖြစ်ပွားလာနေတဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ လူအများစိုးရိမ်ထိတ်လန့်နေချိန်မှာပဲ သတင်းတုတွေက အဆက်မပြတ်ထွက်ပေါ်လာပါတယ်။ အခုတစ်ခေါက်မှာဆိုရင်လည်း “ကိုဗစ် ဖြစ်တဲ့ ကလေးသေသွားပါပြီ” ဆိုတဲ့ စာအညွှန်းနဲ့ ကလေးငယ် တစ်ဦးရဲ့ နားရေးဓါတ်ပုံတွေကို ဖြန့်ဝေထားပါတယ်။

ဒီသတင်းတုကို ဘယ်ပါတီကို ရွေးကြမလဲ ဆိုတဲ့ Page တစ်ခုကနေ ဩဂုတ်လ ၂၉ ရက်နေ့၊ နေ့လည် ၁၂နာရီ ၂၀မိနစ်က တင်ထားခဲ့တာဖြစ်ပါတယ်။ တွေးပြီးမှယုံ ကနေ တွေ့ရှိချိန်မှာဆိုရင်တော့ ပြန်လည်မျှဝေသူပေါင်း ၇၀၈ ဦးရှိနေပြီဖြစ်ပါတယ်။ ဒါ့အပြင် သာလွန်ဂန္တဝင်ကြီးများ ဆိုတဲ့ အကောင်ကနေလည်း ၂၉ ရက်နေ့ တစ်ရက်တည်းမှာပဲ တင်ထားခဲ့ပြီး  ပြန်လည်မျှဝေသူပေါင်း ၃၄၀ ဦးရှိနေပါတယ်။

တွေးပြီးမှယုံ ကနေ စစ်ဆေးကြည့်ခဲ့ရာမှာ သတင်းတုဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။

  • ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဩဂုတ်လ ၃၀ရက်နေ့ ည(၈း၀၀) နာရီနောက်ဆုံးထုတ်ပြန်ထားတဲ့ သတင်းထုတ်ပြန်ချက်မှာ ဆိုရင် တကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ လူတစ်ဦးတစ်ယောက်မှ သေဆုံးခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားတာကို အခုလို တွေ့မြင်နိုင်ပါတယ်။
  • ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တွင်လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ကိုဗစ်-၁၉ ဆိုင်ရာ အချက်အလက်တွေမှာလည်း တကျော့ပြန်ဖြစ်ပွားလာတဲ့ ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ လူတစ်ဦးတစ်ယောက်မှ သေဆုံးခြင်းမရှိသေးကြောင်း ထုတ်ပြန်ထားတာကို အခုလို တွေ့မြင်နိုင်ပါတယ်။
  • ရန်ကုန်ကလေးဆေးရုံကြီးမှ ပါမောက္ခတစ်ဦးဖြစ်သူ ဒေါက်တာရဲမြင့်ကျော် မှလည်း ကူးစက်ခံထားရသည့် ကလေးငယ်သည် ကျန်းမာရေးကောင်းမွန်နေကြောင်း အခုလို တင်ထားပါတယ်။
  • နာရေးမှာ ပါတဲ့ ပုံတွေဟာလည်း ကိုဗစ်-၁၉ ကို အကာအကွယ်ဖြစ်စေမဲ့ ဝတ်စုံတွေ ဝတ်ဆင်မထားတာကို တွေ့နိုင်ပါတယ်။ တကယ် ကိုဗစ်-၁၉ နဲ့ ပတ်သက်တဲ့ နာရေးတွေမှာဆိုရင် ပါဝင်သူ ၅ဦးသာ ပါဝင်ခွင့်ရှိပြီး ကာကွယ်ရေးဝတ်စုံများ ဝတ်ဆင်ရမည်ဖြစ်ကြောင်း အစိုးရမှလည်း ထုတ်ပြန်ထားပါတယ်။
  • ဘယ်ပါတီကို ရွေးကြမလဲ ပေ့ချ်နဲ့ သာလွန်ဂန္တဝင်ကြီးများ အကောင့်ကို့ ဆက်သွယ်မေးမြန်းခဲ့ရာ မှာလည်း ပြန်လည်ဖြေကြားထားခြင်း မရှိခဲ့ပါဘူး။
  • အဲ့ဒီအကောင့်တွေကို စစ်ဆေးကြည့်ရာမှာ လူအများအလွယ်တကူစိတ်ဝင်စားနိုင်သည့် သတင်းတွေနဲ့ သတင်းဌာနတွေက သတင်းတွေကို ကူးယူဖော်ပြပေးနေတာကို တွေ့ခဲ့ရပါတယ်။

ကိုဗစ်-၁၉ နဲ့ ပတ်သက်လို့ကတော့ သတင်းတု/မှားတွေ အများကြီးထွက်ပေါ်လာနိုင်သေးပါတယ်နော်။ သူငယ်ချင်းတို့ အနေနဲ့လည်း ဒီလိုသတင်းတုတွေကို လွယ်လင့်တကူမယုံကြည်သင့်ကြသလို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က တရားဝင်ထုတ်ပြန်ချက်တွေနဲ့ တရားဝင်မီဒီယာတွေရဲ့ ထုတ်ပြန်ချက်တွေကိုသာ ယုံကြည်သင့်ပါတယ်နော်။ တစ်စုံတစ်ရာအခက်အခဲရှိခဲ့ရင်လည်း တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

%d bloggers like this: