Home>>သတင်းအတုစစ်ဆေးခြင်း>>နိုင်ငံတကာ>>ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံဖြင့် မြန်မာကိုစစ်ကြေငြာပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ပြောကြားလိုက်တယ်ဆိုတဲ့ သတင်းတု
နိုင်ငံတကာနိုင်ငံရေး

ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံဖြင့် မြန်မာကိုစစ်ကြေငြာပြီးဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ပြောကြားလိုက်တယ်ဆိုတဲ့ သတင်းတု

စက်တင်ဘာ ၁၆ ရက်မှာ “ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံမျှဖြင့် မြန်မာကို စစ်ကြေငြာပြီးသား ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာက ပြောကြားလိုက်တယ်လို့ Daily Dhaka News သတင်းစာမှာဖော်ပြခဲ့တယ်” ဆိုတဲ့ သတင်းတုပြန့်နှံ့လာခဲ့ပါတယ်။ ဒီသတင်းတုကို Linn Myat Eain ဆိုတဲ့ Facebook Account က အစောဆုံး ဖြန့်ဝေခဲ့တာဖြစ်ပြီး React ပေးတဲ့သူ (၇၀၀) နဲ့ ပြန်လည်မျှဝေသူ, share ၁ ထောင် ကျော်ရှိနေပါပြီ။

ဒါ့အပြင် Opera Report အမည်ရှိ You Tube Channel တစ်ခုကလည်းစက်တင်ဘာလ ၁၆ရက်နေ့မှာပဲ သတင်းတုမှာပါဝင်တဲ့ အကြောင်းအရာများကို နောက်ခံစကားပြောဖြင့် ၎င်း၏ Channel မှာ တင်ထားပြီး ကြည့်ရှုသူပေါင်း ၁၂၆၂၂ ရှိနေပါပြီ။

ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံရဲ့ တွေ့ရှိချက်တွေကတော့……

  • စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးအောင်ကျော်မိုးကို ဆင့်ခေါ်ပြီး နှစ်နိုင်ငံနယ်စပ်အနီး မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုကို ကန့်ကွက်ခဲ့ပါတယ်။ ဒီလိုသတင်း ကို အခြေခံပြီးတော့ အခုလို သတင်းတု ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။
  • သတင်းတုမှာ ပါဝင်တဲ့ Daily Dhaka News ဆိုတဲ့ သတင်းဌာနက အမှန်တကယ် မရှိခဲ့သလို တွေးပြီးမှယုံက တွေ့ရှိခဲ့တဲ့ Daily Dhaka News Facebook page ဟာဆိုရင် ဩဂုတ်လ ၁ ရက်နေ့ကတည်းက ရပ်တန့်နေခဲ့တာဖြစ်ပြီး တင်ထားတဲ့ သတင်းလင့်တွေဟာဆိုရင် ဝင်လို့မရတဲ့ လင့်တွေပဲ ဖြစ်နေပါတယ်။
  • ဒီသတင်းတုနဲ့ ပတ်သက်လို့ နိုင်ငံတကာနဲ့ ပြည်တွင်း မီဒီယာတွေမှာ ဖော်ပြထားတာမျိုးကို မတွေ့ရှိပါဘူး။
  • သတင်းတုထဲမှာ ပါဝင်တဲ့ “ဘင်္ဂလားဒေ့ရှ်ပိုင်နက်ထဲကို ကျည်ဆံတစ်ခွံကျရုံဖြင့် မြန်မာကို စစ်ကြေငြာပြီးသားဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် သတိပေး” ဆိုတဲ့ စာသားပါဓါတ်ပုံ ဟာ ဧပြီလကတည်းက ဆိုရှယ်မီဒီယာမှာ ပြန့်နှံ့နေခဲ့တာဖြစ်ပါတယ်။ အခု ၁၆ ရက်နေ့က ပြန်ဖွလာတဲ့ သတင်းတုမှာတော့ ဝန်ကြီးချုပ်ရှတ်ဟာစီနာပြောပါတယ်ဆိုတဲ့ ဒီသတင်းစကားကိုပဲ “ယနေ့ထုတ် Daily Dhaka News သတင်းစာတွင် ဖော်ပြထားသည်” လို့ ပြန်လည်ဖော်ပြထားပါတယ်။

  • ဒီသတင်းကို တင်ထားတဲ့ Linn Myat Eain Account ကို မေးမြန်းတဲ့အခါမှာ မူရင်းသတင်းကို တိတိကျကျ မသိတာကို သိရှိရပါတယ်။
  • သတင်းတုဗီဒီယိုတင်တဲ့ Opera Report YouTube Channel ဟာဆိုရင် အရင်ကတည်းက စစ်သတင်းတင်နေကျ Channel တစ်ခုဖြစ်ပြီး သတင်းတုတွေ တင်လေ့ရှိကြောင်းကို တွေ့ရပါတယ်။

ဒီလို အချက်တွေကို ကြည့်မယ်ဆိုရင် ဒီသတင်းတုနဲ့ ပတ်သက်ပြီး အချက်အလက် တိတိကျကျ မရရှိတဲ့အပြင် အတည်ပြုလို့မရသေးတဲ့ အခြေအနေပဲဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား ထိတွေ့မှုတွေ၊ တင်းမာမှုတွေရှိတယ်ဆိုတဲ့ ဒီလို သတင်းတုတွေဟာ မကြာခဏဆိုသလိုထွကိပေါ်နေပါတယ်။ ဒီလို သတင်းတုတစ်ခုကိုပဲ စဥ်ဆက်မပြတ်ပုံဖော်နေခြင်းသည် မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြား လွှဲမှားပြီးကောက်ချက်ချတာမျိုးတွေ၊ သတင်းအမှန်အဖြစ် ယူဆလာနိုင်မှုတွေ ရှိလာနိုင်ပါတယ်။

တွေးပြီးမှယုံရဲ့ စာဖတ်သူတွေ အနေနဲ့လဲ သတင်းတုတွေကို Facebook မှာ တွေ့ရှိရင် Facebook ကို ရီပို့လုပ်လို့ရပါတယ်။ မသေချာပဲ သတင်းတုလို့ သံသယ ရှိနေတယ်ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။ တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါ။

%d bloggers like this: