Home>>သတင်းအတုစစ်ဆေးခြင်း>>စီးပွားရေး>>မနက်ဖြန်ကစလို့ YBS ယာဉ်များအားလုံး ရပ်နားမယ်ဆိုတဲ့ သတင်းတု
စီးပွားရေး

မနက်ဖြန်ကစလို့ YBS ယာဉ်များအားလုံး ရပ်နားမယ်ဆိုတဲ့ သတင်းတု

ဒီနေ့ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ရဲဇော်ဆိုတဲ့ Facebook Account ကနေ စတင်ပြီး “၂၀.၉.၂၀ ညနေ ၅နာရီမှ စ၍ YBS ယာဉ်များအားလုံး ရပ်နားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။” လို့ ရေးသားထားတဲ့ သတင်းတု တစ်ခု ပြန့်နှံ့နေပါတယ်။ ဒီသတင်းတုဟာ အချိန်တိုအတွင်းမှာပဲ ပြန်လည်မျှဝေသူပေါင်း ၇ ထောင်ကျော်နဲ့ ပြန်လည်ကူးယူ တင်ပြသူတွေ အများအပြားရှိနေပြီပဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်လို့ တွေးပြီးမှယုံက စစ်ဆေးကြည့်လိုက်တဲ့အခါမှာ

  • သတင်းတုကို စတင်ဖြန့်ဝေတဲ့ ရဲဇော်ဆိုတ့ အကောင့်ဟာ ရွေးကောက်ပွဲနိုင်ငံရေး နဲ့ပတ်သက်တဲ့ သတင်းတွေကိုသာ ပုံမှန်တင်နေတဲ့ အကောင့်တု တစ်ခု ဖြစ်နေတာကို တွေ့ရပါတယ်။
  • ဒီသတင်းနဲ့ ပတ်သက်လို့ သက်ဆိုင်ရာ ဝန်ကြီးဌာနက ကြိုတင် ကြေငြာချက်ထုတ်ပြန်ထားတာမျိုးမတွေ့ရှိရတဲ့အပြင်
  • တခြားနိုင်ငံပိုင် မီဒီယာနဲ့ ပုဂ္ဂလိက မီဒီယာတွေကပါ သတင်းထုတ်ပြန်ထားခြင်းမရှိပါဘူး
  • ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးညီညီ မှလည်း ဒီသတင်းဟာ သတင်းမှား ဖြစ်ကြောင်းကို အတည်ပြုထားခဲ့ပါတယ်။

  • 8days TV ဆိုတဲ့ သတင်း Page ကလဲ ဒီတင်းဟာ သတင်းမှား ဖြစ်တဲ့အကြောင်းကို YRTA တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကိုမေးမြန်းထားပြီး မဟုတ်မမှန်တဲ့အကြောင်းကို အင်တာဗျူးဗီဒီယို တင်ထားခဲ့ပါတယ်။

ဒီအချက်တွေကိုကြည့်ရင် မနက်ဖြန် ၂၀.၉.၂၀ ရက်နေ့မှာ YBS ယာဉ်များအားလုံး ရပ်နားမယ်ဆိုတာ သတင်းမှားလို့ ပြောနိုင်ပါတယ်။

လူဦးရေ အများအပြားဆီကို လျင်လျင်မြန်မြန် ကူးစက်ခဲ့တဲ့ တကျော့ပြန် ကိုဗစ်-၁၉ ကို လူအများ စိုးရိမ်ထိတ်လန့် နေချိန်မှာပဲ ဒီလို သတင်းတွေဟာ ဘက်စ်ကားတွေကို အသုံးပြုပြီး သွားလာနေရတဲ့ အခြေခံပြည်သူတို့အပေါ် ပိုမိုရိုက်ခတ်စေနိုင်ပါတယ်။ ဒါ့အပြင် အချိန်တိုအတွင်း သတင်းတုတွေ ပြန့်နှံ့မှု မြန်ဆန်နေတာက စိုးရိမ်ဖို့ကောင်းတဲ့ အချက်ပဲ ဖြစ်ပါတယ်။

စာဖတ်သူတွေ အနေနဲ့ သတင်းတုတွေကို Facebook မှာ တွေ့ရှိရင် Facebook ကို ရီပို့လုပ်လို့ရပြီး မသေချာပဲ သတင်းတုလို့ သံသယ ရှိနေတယ်ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

%d bloggers like this: