Home>>ကျန်းမာရေးနှင့် ဘေးအန္တရာယ်>>နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19ရောဂါပိုး ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု
ကျန်းမာရေးနှင့် ဘေးအန္တရာယ်နိုင်ငံရေး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် COVID-19ရောဂါပိုး ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတု

ဒီသတင်းကို Forward media group ကနေ စက်တင်ဘာလ ၂၃ရက်၊ နေ့လည် ၁၂နာရီချိန်မှာ “နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် တတိယအကြိမ် ဆေးစစ်ချက် COVID-19 ရောဂါပိုး Positive အဖြေထွက်” ဆိုတဲ့ ခေါင်းစဉ်နဲ့ သတင်းတုဖြန့်ဝေခဲ့ပါတယ်။
သတင်းတုထဲမှာ “နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ထမ်းအချို့နဲ့ သမ္မတရုံးဝန်ထမ်းများ အပါအဝင် နိုင်ငံတော် အတိုင်ပင်ခံနဲ့ ထိစပ်မှုရှိခဲ့တဲ့ အသိုင်းအဝိုင်းများက လူပုဂ္ဂိုလ်အချို့ မှာ COVID-19 ရောဂါပိုး တွေ့ရှိခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား ရောဂါပိုးကူးစက်ခံရမှု ရှိမရှိစစ်ဆေးခဲ့ချိန်တွင် ပထမအကြိမ်နဲ့ ဒုတိယအကြိမ် မှာ Negative ဖြစ်ပြီး ၁၉ရက် ညနေပိုင်းတွင် တတိယအကြိမ်ပြန်လည်စစ်ဆေးရာမှာ Positive အဖြေထွက်ခဲ့တာကြောင့် အထူးကုသမားတော်ကြီးတွေနဲ့ သီးသန့်ကုသနေတယ်။” ဆိုပြီး သတင်းတုရေးသားခဲ့ပါတယ်။ သတင်းတုကို တွေးပြီးမှယုံက တွေ့ရှိချိန်တွင် ကြိုက်နှစ်သက်သူ ၂၅၀၀ကျော်၊ မှတ်ချက်ပေးသူ ၁၂၀၀ကျော်နဲ့ ပြန်လည်မျှဝေသူပေါင်း ၂၃၀၀ကျော်ရှိနေပြီဖြစ်ပါတယ်။
တွေးပြီးမှယုံကနေ ဒီသတင်းတုကို စစ်ဆေးကြည့်တဲ့အခါမှာတော့
• အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့မှ အဖွဲ့ဝင် Kyi Toe ဆိုတဲ့အကောင့်မှ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီးထွက်ပေါ်နေတဲ့ သတင်းတွေဟာ အတုအယောင်များသာဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ အစိုးရတာဝန်၊ ပါတီတာဝန်များကို ပုံမှန်ထမ်းဆောင်နေကြောင်း ဒီမှာ ရေးသားထားပါတယ်။ ဒီလင့်ခ် မှာ သွားရောက်ကြည့်ရှု့လို့ရပါတယ်။
 
• နိုင်ငံတော်အတိုင်ပင်ခံရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးမှလည်း သူရဲ့ အကောင့်မှာ “ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးမှာ အထူးကောင်းမွန်ကြောင်းနဲ့ Positive တွေ့တယ်ဆိုတဲ့ သတင်းမှာ လုံးဝမဟုတ်ကြောင်း အခုလို ရေးသားထားပါတယ်။
 
• စက်တင်ဘာ၁၅ ရက်နေ့တွင်လည်း The Voice Journal မှ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်မှာ ကျန်းမာရေးကောင်းမွန်ကြောင်းနဲ့ ကိုဗစ်ကူးစက်ခံရတယ်ဆိုတဲ့ သတင်းတွေမှာ ကောလဟာလဖြစ်ကြောင်း အခုလို ရေးသားခဲ့ပါတယ်။
 
• သတင်းတုဖြန့်ဝေတဲ့ Forward media groupကို တွေးပြီးမှယုံက စစ်ဆေးကြည့်ရာ NLD ပါတီဝင်များနဲ့ ပတ်သက်တဲ့ သတင်းတွေနဲ့ သတင်းတုများကို အစဉ်တစိုက်ဖြန့်ဝေနေတဲ့ page တစ်ခုသာဖြစ်ပါတယ်။
တကျော့ပြန် ဖြစ်ပေါ်လာတဲ့ COVID-19 နဲ့ပတ်သက်ပြီး သတင်းတုများစွာ ထွက်ပေါ်နေတာကို ဒီရက်ပိုင်းအတွင်း အများဆုံးတွေ့ရှိလာရပါတယ်။ ဒါ့အပြင် မဲဆွယ်ကာလလဲဖြစ်တာကြောင့် လူတိုင်း သတင်းတွေကို ပိုစိတ်ဝင်စားလာကြပါတယ်။ စာဖတ်သူတွေ အနေနဲ့ ဒီသတင်းတုတွေကို Facebook မှာ တွေ့ရှိရင် Facebook ကို ရီပို့လုပ်လို့ရပြီး မသေချာပဲ သတင်းတုလို့ သံသယ ရှိနေတယ်ဆိုရင်တော့ တွေးပြီးမှယုံ ရဲ့ Chat box ဒါမှမဟုတ် အချက်အလက်စစ်ဆေးပေးရန် အကြောင်းကြားလွှာ ကိုဖြည့်စွက်ပြီး တော့လည်း မေးမြန်းလို့ရပါတယ်။  တွေးပြီးမှယုံအနေနဲ့ သတ်မှတ်ထားတဲ့ သတ်မှတ်ချက်တွေနဲ့ ကိုက်ညီတဲ့ သတင်းတုတွေကို ပြန်လည်စစ်ဆေးမှု ပြုလုပ်ပေးသွားမှာပါပဲ ဖြစ်ပါတယ်။

%d bloggers like this: